Wednesday, September 11, 2013

အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ၁၈၀ကျော်အတွက် ညှိနှိုင်းဆွေးနွေးမှု ၇၀ရာခိုင်နှုန်းခန့် အောင်မြင်သော်လည်း စက်ရုံပိတ်ရက်အတွင်း စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေ

0 comments

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နမ်းကျန်းရပ်ကွက်ရှိ Prove Garment ကုမ္ပဏီ အမည်ရှိ အထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမား ၁၈၀ ကျော်တို့၏ ဖြစ်ပေါ်နေသော အခက်အခဲများအား ဖြေရှင်းနိုင်ရန်အတွက် စက်တင်ဘာလ ၇ ရက်နေ့က တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ဦးစည်သူမှ အခြေအနေအား သွားရောက် ကြည့်ရှု့ခဲ့ပြီး အခြေအနေများအား တာချီလိတ်အွန်လိုင်းတွင် စက်တင်ဘာလ ၇ ရက်နေ့က ဖော်ပြခဲ့ပြီးနောက် ချင်းရိုင်းခရိုင် အလုပ်သမားများ ကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာနမှ အဆိုပါကိစ္စ နှင့် ပတ်သက်၍ ထိုင်းဘက် တာဝန်ရှိသူများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူတို့ စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၉နာရီ ၁၅မိနစ်အချိန်က ဖြေရှင်းဆွေးနွေးကြရာ ချင်းရိုင်းခရိုင် အလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှူးရုံးမှ ၎င်းတို့အနေဖြင့် ယခုလို ဆွေးနွေးမှုများကို ပြုလုပ်ရာ အလွတ်သဘောအရ လာရောက် နားထောင်နိုင်ရန်အတွက် မြန်မာဘက်မှ ဦးစည်သူနှင့် တာချီလိတ်အွန်လိုင်းသတင်းဌာနမှ ဦးဇော်အောင် နှင့် မကဖ(၈)မှ ဦးစီးအရာရှိ ဦးဝင်းအောင်တို့အား ဖိတ်ကြားလာရာ ခရိုင် အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် သွားရောက်ခဲ့ကြသည်။




ဆွေးနွေးပွဲတွင် ချင်းရိုင်းခရိုင်အလုပ်သမားစောင့်ရှောက်ရေးအဖွဲ့ရုံးမှ ဥက္ကဋ္ဌ Mr.Seehasak Phalajivin နှင့် အဖွဲ့ဝင်များ၊ ချင်းရိုင်းခရိုင် အလုပ်အကိုင်ရှာဖွေရေးနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr.Chatchai Rayavong နှင့် အဖွဲ့ဝင်များ၊ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် လူမှုဖွံ့ဖြိုးရေးအဖွဲ့ မှ အဖွဲ့ဝင်များ နှင့် မယ်ဆိုင်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr.Wiwat Jeansawan အပါအ၀င်  Prove Garment Co.,Ltd မှ မန်းနေဂျင်းဒါရိုက်တာ Mr.Stephen Falkiner နှင့် အဖွဲ့ဝင်များ၊ မြန်မာဘက်အနေဖြင့် အထည်ချုပ်စက်ရုံမှ အလုပ်သမားများကိုယ်စားလှယ် ဦးအောင်အောင်၊ တာချီလိတ်မြို့မှ  ဦးစည်သူ၊ တာချီလိတ်အွန်လိုင်းသတင်းဌာနမှ ဦးဇော်အောင် နှင့် မကဖ(၈)မှ ဦးစီးအရာရှိ ဦးဝင်းအောင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးမှုများပြုလုပ်ရာတွင် ချင်းရိုင်းခရိုင်အလုပ်သမားစောင့်ရှောက်ရေးအဖွဲ့ရုံးမှ ဥက္ကဋ္ဌ Mr.Seehasak Phalajivin က "ယခုလို အလုပ်သမားများရဲ့ အရေးကို အလွတ်သဘောအရ ၎င်းတို့နှင့်တွေ့ဆုံ၍ ဆွေးနွေးတဲ့အတွက် ၀မ်းမြောက်ပါကြောင်း၊ မိမိ၏ ရည်ရွယ်ချက်မှာလည်း အနာဂတ်မှာ နှစ်နိုင်ငံအတွက် အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေးအသင်းအဖွဲ့တစ်ခုအဖြစ် ထိုင်းနိုင်ငံနည်းတူ တာချီလိတ်ဘက်မှာလည်း ရှိသင့်တယ်လို့ အကြံပြုလိုကြောင်း၊ အလုပ်ရှင် နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက် မျှမျှတတဖြစ်နေတာကိုပဲ မြင်လိုကြောင်း နှင့် ကုမ္ပဏီဘက်မှ မန်းနေဂျင်း ဒါရိုက်တာ တစ်ဦးဖြစ်သူ Mr.Steve Falkiner အား ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တစ်ပတ်အတွင်း အလုပ်သမားများ၏ တောင်းဆိုချက်များအား ဖြေရှင်းသည့် အစီရင်ခံစာ တင်ပြပေးသွားရန်လိုကြောင်း" အဖွင့်စကား ပြောကြားလာသည်။

"အလုပ်သမားများရဲ့ သဘောတူညီချက်ကို ရယူပြီး လုပ်အားခနှင့် အချိန်ပိုကြေးများကို ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေအတိုင်း ဖြေရှင်းဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေ နှင့် ပတ်သက်သည့် အကြောင်းအရာများကို နားမလည်ပါက ၎င်းထံ လာရောက်
ဆွေးနွေးတိုင်ပင်စေလိုကြောင်း နှင့် ၎င်းတို့အနေနှင့် အလုပ်သမားများ၏ ရပိုင်ခွင့် အခွင့်အရေးများနှင့် မရရှိသေးသော လုပ်အားခများအတွက် အမှုမှန်ပေါ်ပေါက်စေရန် တာဝန်ရှိသူများနှင့် ပူးပေါင်းကာ စုံစမ်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ချင်းရိုင်းခရိုင် အလုပ်အကိုင်ရှာဖွေရေးနှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr.Chatchai Rayavong က ပြောကြားသည်။

ဆက်လက်၍ မယ်ဆိုင်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr.Wiwat Jeansawan က "အလုပ်သမားများအား နံနက် ၇ နာရီမှ ည ၇ နာရီထိ ခိုင်းစေမှုကိစ္စ အပါအ၀င် ပတ်စပိုစ့်များအား ကုမ္ပဏီမှ သိမ်းဆည်းထားသည်မှာ ဥပဒေနှင့် မညီညွှတ်ကြောင်း၊ အလုပ်သမားများ၏ လက်ဝယ်သို့ ကိုယ်စီကိုယ်စီ ပြန်လည်အပ်နှံပေးစေလိုကြောင်း" အထူးတလည်တိုက်တွန်းပြောကြားသွားသည်။


တာချီလိတ်ဘက်က တက်ရောက်လာသူ ဦးစည်သူ မှလည်း "ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကုမ္ပဏီမှ ထုတ်ပြန်ထားသည့် စည်းကမ်းအတိုင်း စက်ချုပ်သည့် အလုပ်မှလွဲ၍ သက်သာလွယ်ကူသော လုပ်ငန်းများကိုသာ လုပ်ဆောင်စေရန် သတ်မှတ်ထားသော်လည်း လက်ရှိအခြေအနေတွင် စည်းကမ်းနှင့် ကိုက်ညီမှုမရှိသော အလုပ်များ လုပ်နေရသည်ကို တွေ့ရှိရကြောင်း၊ ကုမ္ပဏီမှ အလုပ်သမားများ၏ ပတ်စပိုစ့်များအား သိမ်းဆည်းထားခြင်းကြောင့် ရံဖန်ရံခါ အပြင်သို့ ဈေးဝယ်ထွက်သည့်အခါတွင် ထိုင်းလှည့်ကင်းရဲများ၏ စစ်ဆေးမှုများကို ကြုံတွေ့ရပြီးနောက် ဒဏ်ငွေများပေးဆောင်ရသည့် ကိစ္စအပြင် အလုပ်ရှင် နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိစေလိုပဲ အဆင်ပြေစေရန် အတွက် အောက်ခြေကတည်းက ညှိနှိုင်းဆွေးနွေးစေလိုကြောင်း"ကို တင်ပြဆွေးနွေးသွားခဲ့သည်။

ယင်းနောက် မဲခေါင်မြစ်ဝှမ်းတစ်လျှောက် လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက အလုပ်သမားများ နှင့် ပတ်သက်သည့် ရပိုင်ခွင့်များနှင့် အခွင့်အရေးများကို ရရှိစေရန်အတွက် တင်ပြဆွေးနွေးသွားခဲ့သည်။

ဆက်လက်၍ Prove Garment Co.,Ltd မှ မန်းနေဂျင်းဒါရိုက်တာ Mr.Stephen Falkiner က "ထိုင်းတစ်နိုင်ငံလုံးရှိ ၎င်းတို့၏ စက်ရုံများတွင် အလုပ်သမား ၄၀၀၀ ကျော်ရှိကြောင်း၊ ဒီလို ပြဿနာတွေဖြစ်ပေါ်နေတာကိုလည်း ၎င်းအနေဖြင့် မသိရှိကြောင်း၊ ချင်းမိုင်သို့ တာဝန်ရှိသူများမှ စာဖြင့် ဆင့်ခေါ်၍ အလုပ်ရုံသို့ ရောက်ရှိလာချိန်တွင် အလုပ်သမားများ၏ အခက်အခဲများနှင့် တောင်းဆိုချက်များကို ၎င်းအနေဖြင့် တွေ့ရှိလိုက်ရချိန်တွင် များစွာ အံ့သြသွားမိကြောင်း နှင့် ယခု လက်ရှိဖြစ်ပေါ်နေသော အလုပ်သမားများ၏ အခက်အခဲများအား အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းသွားမည်ဖြစ်ပြီး၊ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက်သဘောတူညီမှု စာချုပ်အသစ် ပြင်ဆင်ချုပ်ဆိုသွားမည်ဟု ကတိပေးပြောကြားခဲ့ကြောင်း သိရသည်။

မယ်ဆိုင်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr.Wiwat Jeansawan က " ယနေ့ အောက်ခြေကစပြီး ဆွေးနွေးတဲ့ ကိစ္စမှာ မြန်မာအလုပ်သမားများအတွက် ၇၀ရာခိုင်နှုန်းခန့် အောင်မြင်တယ်လို့ မြင်တယ်"ဟု သုံးသပ် ပြောကြားလာသည်။

ယခုလို အလုပ်ရှင် နှင့် အလုပ်သမားကိစ္စများကို နံနက် ၉း၁၅နာရီမှ နေ့လည် ၁၂နာရီ ၃၀မိနစ်အချိန်ထိ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီးနောက် မယ်ဆိုင်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr.Wiwat Jeansawan အပါအ၀င် တာချီလိတ်မှ အဖွဲ့သည် အလုပ်သမားများအား အားပေးနှစ်သိမ့်ရန်အတွက် Prove Garment ကုမ္ပဏီ အထည်ချုပ်စက်ရုံသို့ ထွက်ခွာလာခဲ့ကြသည်။


အဆိုပါ အဖွဲ့မှ အထည်ချုပ်စက်ရုံသို့ ရောက်ရှိသောအခါ မြန်မာအလုပ်သမားများက ယခုလို လာရောက် ကူညီသည့်အဖွဲ့အား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနေကြစဉ် ကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာ Mr.Stephen Falkiner က နံနက်ပိုင်းက တင်ပြဆွေးနွေးခဲ့သည့် အချက်အလက်များအတိုင်း ၎င်းတို့ဘက်မှ ကုမ္ပဏီ၏ အကြီးအကဲထံ ဆက်လက်တင်ပြနိုင်ရန်နှင့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် လတ်တလောတွင် ကုမ္ပဏီအား ၇ ရက် သို့မဟုတ် ၁၀ ရက်ခန့် ပိတ်ထားရမှာ ဖြစ်ကြောင်း၊ ထိုသို့ ပိတ်ထားစဉ်ကာလအတွင်း အလုပ်သမားများအား လုပ်အားခပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းများကို ၎င်းတို့အနေဖြင့် လိုက်လျောရန် အစီအစဉ်မရှိကြောင်း စသည်တို့ကို ပြောကြားလာသည်။

"ကျွန်မတို့ အတွက် ဂရုစိုက်ပြီး အောက်ခြေအထိ လာရောက်ပြီးတော့ ညှိနှိုင်းပေး တဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ အားလည်းကိုးပါတယ်ရှင်"ဟု မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးမှ
 ပြောကြားလာသည်။

အဆိုပါကိစ္စ နှင့် ပတ်သက်၍ မြန်မာအလုပ်သမား ၁၈၀ ကျော် အနေဖြင့် စက်ရုံပိတ်သည့် ကာလအတွင်း စားဝတ်နေရေးကိစ္စအား ဖြေရှင်းပေးနိုင်ရန်အတွက် အကူအညီလိုအပ်နေကြောင်း သိရသည်။

ယင်းကိစ္စအတွက် တာချီလိတ်ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး တို့မှ အစည်းအဝေးပြုလုပ်၍ စေတနာရှင်များ၊ အလှူရှင်များနှင့် ပူးပေါင်းကာ မြန်မာအလုပ်သမားများ၏ လတ်တလော လိုအပ်ချက်များကို
ဖြည့်ဆည်းပေးနိုင်ရန် အစီအစဉ်ရှိကြောင်းနှင့် ထိုသို့ကူညီရာမှာလည်း စားစရာများဖြစ်သည့် ဆန် နှင့် အခြား စားစရာများကို ထောက်ပံ့နိုင်ကြောင်း သိရသည်။

မယ်ဆိုင်မြို့ရှိ အထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမားများ ၁၈၀ ကျော်ရှိသည်ဖြစ်ရာ အများဆုံးမှာ မြ၀တီ-မဲဆောက်ဘက်မှ  ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တစ်ခု၏ အဆက်အသွယ်ဖြင့် ရောက်ရှိလာကြတာဖြစ်ကြောင်း သိရသည်။



တာချီလိတ်သတင်းဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here