Wednesday, September 11, 2013

စည်ပင်မှ ငှားရမ်းထားသော ညကလပ်၊ ကေတီဗွီနှင့် ဟိုတယ်များကြောင့် ဘေးပတ်ဝန်းကျင် ပြည်သူများ စိတ်အနှောက်အယှက်ဖြစ်

0 comments


ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် တာမွေပလာဇာ၌ ဖွင့်လှစ်ထားသော ညကလပ်၊ ကေတီဗွီနှင့် ဟိုတယ်များသို့ လာရောက်သော လူငယ်များ၏ မူးယစ်ရမ်းကားမှုကြောင့် ဘေးပတ်ဝန်းကျင် ပြည်သူများ စိတ်အနှောက်အယှက် ဖြစ်ရကြောင်း တာမွေပလာဇာအနီးနေ ပြည်သူတစ်ဦးက စက်တင်ဘာ ၉ ရက်နေ့ တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခင်အစိုးရလက်ထက်မှ စတင်ဖွင့်လှစ်ခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် တာမွေပလာဇာ အဆင့် မြှင့်တင်ရန်အတွက် ပလာဇာအတွင်း ဖွင့်လှစ်ထားသော ဈေးများအားလုံးကို ခေတ္တ ပိတ်ထားခဲ့ပြီးနောက် ယခု အချိန်အထိ ဆက်လက် ဖွင့်လှစ်ခြင်းမရှိတော့ဘဲ တာမွေပလာဇာအတွင်းရှိ အချို့ဆိုင်ခန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာမှ ဟိုတယ်၊ ညကလပ်၊ ကေတီဗွီ လုပ်ငန်းများသို့ ငှားရမ်းလုပ်ကိုင်စေခဲ့သည့် အတွက် ၄င်း ဒီဂျေကလပ်နှင့် ကေတီဗွီများ ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် ရပ်ကွက်အတွင်း ပြည်သူများ သွားရေး၊ လာရေးခက်ခဲမှုများရှိပြီး ခိုက်ရန်ဖြစ်ပွားမှုများလည်း မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

တာမွေပလာဇာအတွင်း ဖွင့်လှစ်ထားသော ညကလပ်၊ ကေတီဗွီ၊ ဟိုတယ်များ အကြောင်း ပြောရမည်ဆိုလျှင် နေ၀င်သွားသည်နှင့် မိကောင်းဖခင် သားသမီးများ ဖြတ်မလျှောက် ရဲလောက်အောင်ပင် ဖြစ်နေကြောင်း၊ တာမွေ ပလာဇာရှေ့၌ရှိသော ကားမှတ်တိုင်တွင် မိန်းကလေးများကို ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိပါးပြောဆိုမှုများ ရှိကြောင်း ညကလပ်သို့ လာရောက်သည့် လူငယ်များသည် ရန်ပွဲများ မကြာခဏ ဖြစ်ပွားကာ ယင်းကဲ့သို့ ဖြစ်ပွားပါက ရပ်ကွက်ထဲသို့ ပြေးဝင်လာသောကြောင့် ရပ်ကွက်နေပြည်သူများ အိပ်စက်အနားယူချိန် အထိတ် တလန့်ဖြစ်ရကြောင်း၊ အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုများကို အရေးယူခြင်းမရှိသည့်အတွက် ယခုကဲ့သို့ မကြာခဏ ဖြစ်ပွားလာခြင်းဖြစ်ကြောင်း၊ မြို့တော်စည်ပင်အနေဖြင့် ဤကဲ့သို့ နေရာ၌ ညကလပ်၊ ကေတီဗွီနှင့် ဟိုတယ်ဖွင့်ရန် ငှားသင့်သည်၊ မငှားသင့်သည် စဉ်းစားသင့်ကြောင်း၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ မျက်နှာ ထောက်ထားသင့်ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ တာမွေပလာဇာရှေ့ လမ်းမတစ်ဖက်ခြမ်းရှိ အ.မ.က (၁၅) ကျောင်းအုပ်ဆရာကြီးက ၄င်းညကလပ် ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ နေ့ခင်းဘက်ဆိုလျှင် ပြဿနာမရှိကြောင်း၊ ညဘက်ဆိုလျှင် အမြင်မတော်သည်များ သိပ်များပြားကြောင်း၊ မကြားဝံ့မနာသာ စကားများ၊ ဈေးစကားများ အင်မတန် ကြားနေရကြောင်း၊ မကောင်းသော မိန်းမများနှင့် လူငယ်များ ပြဿနာ တက်သည်ကိုလည်း ခဏခဏ တွေ့မြင်နေရကြောင်း၊ အရက်မူးပြီး ရမ်းသော ကိစ္စများ၊ ရန်ဖြစ်သော ကိစ္စများအား ပတ်ဝန်းကျင်နှင့် စုပေါင်းကာ တိုင်သော်လည်း အကျိုးထူးမှု မရှိကြောင်း၊ ကျောင်းတွင်း ထုတ်ထားသော စည်းကမ်းများ အနက် ကိုက် (၁၀၀)အတွင်း အရက်သေစာ မသောက်စားရဟူသော အချက်သည် ကျောင်းနေကလေးများကို နမူနာပေးရန် ခက်ခဲကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

တာမွေပလာဇာရှိ ဒီဂျေညကလပ်ရှေ့တွင် ကားမောင်းလာသော ရေကြောင်း အရာရှိလူငယ် ၂ ဦးကို ကားလမ်းပိတ်၍ ဖယ်ခိုင်းရာမှ ညကလပ်သို့လာသော လူငယ် ၇ ဦးက ၀ိုင်းဝန်းရိုက်နှက်မှု စက်တင်ဘာလ ၄ ရက်နေ့၊ ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်က ၄င်းညကလပ်မှ အပြန်တာမွေ အ၀ိုင်းထိပ်တွင် လူငယ်တစ်ဦး ခိုက်ရန်ဖြစ်ပွား သေဆုံးမှု ရှိခဲ့သော်လည်း ၄င်းညကလပ်များကို ဆက်လက် ဖွင့်လှစ်ထားဆဲ ဖြစ်သည်။

တာမွေပလာဇာအတွင်း အောက်မျက်နှာစာနှင့် အပေါ်ထပ်များတွင် ဖွင့်လှစ်ထားသော ဆိုင်ခန်းများသည် စည်ပင်ပိုင် နယ်မြေဖြစ်ပြီး မည်သည့်အချိန်မှစ၍ မည်သို့ စာချုပ်ချုပ်ဆိုထားကြောင်းကို အသေးစိတ် မသိ ရှိရကြောင်း၊ အငှားစာချုပ်တွင် နှစ်ဦးနှစ်ဖက် စည်းကမ်းချက်ပါ သဘောတူညီမှုများဖြင့် ချုပ်ဆိုခြင်းဖြစ်ကြောင်း၊ ချမှတ်ထားသော စည်းကမ်းချက်များ၊ ဥပဒေမလွတ်ကင်းမှုများ ချိုးဖောက်ပါက ၄င်းမြေများကို ဆက်လက် ငှားရမ်းခြင်း ရှိ၊မရှိကို တာဝန်ရှိသူများက စဉ်းစား ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းတို့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

From: မြန်မာသံတော်ဆင့်
ဘကြီးသက်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here