Tuesday, September 24, 2013

ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဟုန်ရှင်း အလုပ်သမားများ သပိတ်စခန်းဖွင့် ဆန္ဒပြမှု အချက် (၅) ချက်ဖြင့် ပြေလည်မှုရရှိ

0 comments



24.9.2013

ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ဟုန်ရှင်းအလုပ်သမား ၁၀၀ ကျော် သပိတ်စခန်းဖွင့် ဆန္ဒပြမှုမှာ အချက် (၅) ချက်ဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြေလည်မှု ရရှိစေရန်အတွက် ညနေ ၄ နာရီခွဲအချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားဝန်ကြီး ဦးစိုးမင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ အလုပ်သမားရေးရာ တာဝန်ခံ ဒေါ်သက်သက်အောင်၊ ဟုန်ရှင်းအအေးခန်း စက်ရုံမှ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် ဟုန်ရှင်း အလုပ်သမားသမဂ္ဂ ဦးဆောင်သူများ ဆွေးနွေးခဲ့ကြပြီး နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆို သဘောတူညီခဲ့ပြီး သပိတ်စခန်းကိုလည်း ဖျက်သိမ်း ပေးခဲ့ကြောင်း သိရသည်။

ယင်းစာချုပ်ပါ သဘောတူညီချက်များမှာ (၁) ဟုန်ရှင်း ငါးအအေးစက်ရုံ အမြဲတမ်း ပိတ်သိမ်းခြင်းကို တောင်းဆိုသူ ဦးမင်းမင်းပါ ၁၀၃ ဦးတို့မှ သိရှိသဘောတူရန်၊ (၂) စက်ရုံ ပိတ်သိမ်းခြင်း အတွက် ဥပဒေအရ အလုပ်ရပ်စဲဖို့ နစ်နာကြေးနှင့် လုပ်ခလစာ ကျန်ငွေများကို စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဒဂုံဆိပ်ကမ်း ကနောင်ခန်းမ၌ ပေးချေရယူရန်၊ (၃) အလုပ်ရပ်စဲ နစ်နာကြေးများကို အလုပ်သမားများမှ လက်ခံရရှိပြီးနောက် ဟုန်ရှင်း ငါးအအေးခန်း စက်ရုံနှင့် အခြားရရန် ပေးရန် မရှိတော့ပါကြောင်း၊ (၄) တောင်းဆိုမှုနှင့် ပတ်သက်၍ အမှုဖွင့်လှစ်ထားသော ဦးမင်းမင်းနှင့် ဦးသီဟတို့ အတွက် ဒါရိုက်တာ အဖွဲ့သို့တင်ပြ၍ အကောင်းဆုံး ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ရန်၊ (၅) စက်ရုံ အဆောင်နေသူများ ပြောင်းရွှေ့မှု အခက်အခဲ မဖြစ်နေစေရန် စက်တင်ဘာ ၂၆ ရက် ညနေပိုင်းအထိ နောက်ဆုံးထား၍ ပြောင်းရွှေ့ပေးရန်နှင့် အဆောင်နေသူများ နေထိုင်စဉ် ကာလအတွင်း စက်ရုံ၊ စက်ပစ္စည်း၊ အဆောက်အအုံ၊ စက်ရုံနှင့် ဆက်စပ်ပစ္စည်းများ ပျောက်ဆုံးပျက်စီး ဆုံးရှုံးမှု မရှိစေရန် တာဝန်ယူရန်စသည့် အချက်(၅) ချက် ပါဝင်ခဲ့ကြောင်း သိရသည်။

''အလုပ်ရှင်အနေနဲ့ လူအင်အား၊ ငွေအင်အား ဆုံးရှုံးမှုတွေ ဖြစ်သွားတဲ့အတွက် စက်ရုံကို လုံးဝလည်ပတ်နိုင်မှု မရှိတော့တဲ့ အတွက် ပိတ်သိမ်းလိုက်ပြီလို့ ပြောတယ်။ အကယ်၍ အခြားနာမည် ကုမ္ပဏီနဲ့ ဆက်ဖွင့်လှစ် နေဦးမယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်'' ဟု ဟုန်ရှင်း အလုပ်သမား သမဂ္ဂဥက္ကဋ္ဌဖြစ်သူ ကိုမင်းမင်းက ပြောကြားသည်။
''နစ်နာကြေးတွေကိုလည်း မနက်ဖြန် ကနောင်ခန်းမမှာ လာရောက် ထုတ်ယူနိုင်ပါပြီ။ ဒဂုံဆိပ်ကမ်းမှာရှိတဲ့ စက်မှုဇုန်တွေ အနေနဲ့ အလုပ်သမား ခေါ်ဖို့ရှိတယ်ဆိုရင် လက်ရှိ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ဆန္ဒဖော်ထုတ်ကြတဲ့ အလုပ်သမားတွေကို ဦးစားပေး ခေါ်ယူဖို့ အလုပ်သမား ၀န်ကြီးဌာနအနေနဲ့ အကြောင်းကြား မေတ္တာရပ်ခံ တာမျိုးတွေ ပြုလုပ်ထားပါတယ်'' ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ယင်းစာချုပ်ပါ သဘောတူညီချက်များအား နှစ်ဦးနှစ်ဖက်မှ ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များအရ အရေးယူခံရမည်ကို သိရှိကြောင်း မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်၌ စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်းတွင် လက်မှတ်ရေးထိုး ခဲ့ကြကြောင်းလည်း သိရသည်။

အဆိုပါ ဟုန်ရှင်းစက်ရုံ အလုပ်သမားများသည် ၎င်းတို့၏ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရသည့် အတွက်ဟု ဆိုကာ သြဂုတ် ၁၀ ရက်တွင် စက်ရုံ အလုပ်ရှင်များကို ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြရာ သက်ဆိုင်ရာ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးရုံးတွင် ညှိနှိုင်းမှု ပြုလုပ်ခဲ့ကြကြောင်း၊ ထိုသို့ ညှိနှိုင်းရာတွင် သဘောတူညီမှု အပြည့်အ၀ မရသောကြောင့် ခုံသမာဓိရုံး၏ အဆုံးအဖြတ်ကို ခံယူခဲ့ကြကြောင်းနှင့် လက်ရှိတွင် အလုပ်ရှင်က စက်ရုံပိတ်သိမ်းသည် ဟုဆိုကာ အလုပ်သမားများအား လျော်ကြေးပေးပြီး အလုပ်ထုတ်ရန် ကြိုးစားနေသည်ဟု ဆိုကာ သပိတ်စခန်းကို စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် စတင်ဖွင့်လှစ် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here