Friday, September 27, 2013

ဓာတုပစ္စည်းနှင့် ထုတ်လုပ်သူ ပညာရှင်များကို ထိန်းချုပ်နိုင် လျှင် ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကင်းစင်မည်

0 comments

ကျိုင်းတုံ၊ စက်တင်ဘာ ၂၆ 

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ချက်လုပ်ရန် အသုံးပြုသော ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ယင်းဆေးဝါးများ ထုတ်လုပ် ပေးသည့် ပညာရှင်များကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖွဲ့များက တားဆီး ထိန်းချုပ်နိုင်ပါက ရွှေတြိဂံဒေသတွင် မူးယစ် ဆေးဝါး ကင်းစင်သွားမည် ဖြစ်ကြောင်း ကျိုင်းတုံမြို့မူးယစ် (အထူး) အဖွဲ့မှ ဒုတိယရဲမှူး ကျော်ဆွေက ပြောကြားသည်။

ယင်းဓာတုဆေးများနှင့် ပညာရှင်များသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် လာအိုနိုင်ငံတို့၏ နယ်စပ်မျဉ်းကြောင်း တစ်လျှောက်မှ ဝင်ရောက် လာသည့်အတွက် နှစ်နှစ်နိုင်ငံ ပူးပေါင်း တားဆီးရမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ အကြောင်းအရာကို စက်တင်ဘာလ ၂၆ ရက်နေ့က ကျိုင်းတုံမြို့ မူးယစ် (အထူး) အဖွဲ့ရုံးတွင် ကျင်းပသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူ ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန၊ ပြည်ပဆက်ဆံရေး ညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာ သတင်းဖလှယ် ပူးပေါင်း ဆောင်ရွက်ရေး အလယ် အလတ်အဆင့် အစည်းအဝေးတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။“ကျိုင်းတုံမြို့နယ်မှာဆိုရင် (ဝ) အထူးဒေသ (၂) နယ်မြေကနေ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေက ဖမ်းမိတာ အများဆုံးပဲ။ တရားခံတွေကို စစ်ဆေးလိုက်ရင် တရုတ်နိုင်ငံကနေ ဝယ်လာတယ် ပြောပြီး ကျန်တဲ့ ကွင်းဆက် တရားခံကိုတော့ တိတိကျကျ မပြောနိုင်ကြဘူး” ဟု ဒုတိယရဲမှူး ကျော်ဆွေက ဆိုသည်။

ကျိုင်းတုံမြို့နယ်တွင် (ဝ) အထူးဒေသ (၂) မှ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့တွင် ဝအထူးဒေသ (၂) စစ်ရေး တာဝန်ခံ၏ သားဖြစ်သူ သယ်ဆောင်လာသည့် ICE ၅၁ ကီလို၊ ဘိန်းဖြူ ဘလောက်တုံး အကြေ ၄၇ ဂရမ်၊ စိတ်ကြွဆေးပြား ၄၀ ပြားနှင့် ဘိန်းဖြူ ၃၀ ဂရမ်ပါ စီးကရက် ၄ လိပ်၊ ၂၀၁၃ ခုနှစ် ဇူလှိုင်လ ၂၄ ရက်နေ့တွင် စိတ်ကြွဆေးပြား ခုနစ်သောင်းကျော်၊ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၈ ရက်နှင့် ၉ ရက်တွင် ICE ၆၀ ကီလို၊ ဘိန်းဖြူ ဘလောက်တုံး ၂၃ တုံး ဖမ်းဆီးရမိကြောင်း ကျိုင်းတုံ မူးယစ် (အထူး) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice  Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here