Monday, September 23, 2013

တရုတ်နိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေးကို မြန်မာအနေဖြင့် ဆက်လက် ထိန်းသိမ်းလိမ့်မည်ဟု မျှော်လင့်ကြောင်း မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

0 comments



23.9.2013

မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံ အပါအ၀င် ကမ္ဘာပေါ်ရှိ နိုင်ငံ အားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေး မူဝါဒကို မြန်မာအနေဖြင့် ဆက်လက် ထိန်းသိမ်း လိမ့်မည်ဟု မျှော်လင့်ကြောင်း စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့် စနေနေ့က ပြောကြားသည်။

စင်ကာပူထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် စင်ကာပူ နိုင်ငံသို့ ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါထိပ်သီး အစည်းအဝေးတွင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံများနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိကြောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် ကောင်းမွန်သည့် ဆက်ဆံရေး အစဉ်အလာကို တည်ဆောက်ထားရုံ သာမက အနောက်နိုင်ငံ များနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေး အစဉ်အလာ ရှိပါကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ကွန်မြူနစ်ပါတီ အာဏာရရှိ လာပြီးနောက် တရုတ်နိုင်ငံကို ပထမဆုံး အသိအမှတ်ပြုသည့် နိုင်ငံများအနက် မြန်မာနိုင်ငံသည် တစ်ခုအပါအ၀င် ဖြစ်ကြောင်းလည်း ပြောကြားသည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့် စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံအား ကမ္ဘာ့ဇာတ်ခုံပေါ်တွင် အကာ အကွယ်ပေးပြီး မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းများတွင် အခြားနိုင်ငံများထက် လက်ဦးမှုရယူ နိုင်ခဲ့သည်။ ထို့အပြင် တရုတ်အစိုးရသည် မြန်မာစစ်အစိုးရနှင့်သာ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့ပြီး အတိုက်အခံ၊ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှု မရှိသလောက် နည်းပါးခဲ့သည်။

သို့ရာတွင် ၂၀၁၁ ခုနှစ်၌ မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အကောင်အထည် ဖော်လာခြင်း၊ တစ်ချိန်က ဆက်ဆံရေး အေးစက် ခဲ့သည့် အမေရိကန် အပါအ၀င် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်နွေးထွေး လာသည့်အတွက် တရုတ်အစိုးရသည် လက်ရှိအစိုးရနှင့် သာမက လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိ လိမ့်မည်ဟု အများက ထင်ကြေးပေးနေသည့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အတိုက်အခံ ပါတီ၊ အခြားနိုင်ငံရေး ပါတီများ၊ ပြည်သူလူထုနှင့် ပိုမိုထိတွေ့ ဆက်ဆံလာခဲ့သည်။

မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် စပ်လျဉ်း၍ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် ပိုမိုနားလည်မှု ရှိရန်လည်း တိုက်တွန်းခဲ့သည်။

''အာဆီယံနဲ့ ကမ္ဘာ့နိုင်ငံတွေက ကျွန်မတို့ကို ကူညီစေချင်တာကတော့ ပြဿနာရဲ့ သိမ်မွေ့တဲ့ ကွဲလွဲချက်တွေကို သတိမူမိ စေချင်တာပါပဲ။ ဒီပြဿနာဟာ မွတ်စလင်၊ ဗုဒ္ဓဘာသာ ပြဿနာ မဟုတ်ပါဘူး။ ပြဿနာကတော့ ကြောက်ရွံ့တဲ့ ပြဿနာပါပဲ။ ဒါကြောင့် ဒီပဋိပက္ခ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ ဇာစ်မြစ်ကို နက်နက်ရှိုင်းရှိုင်း သိရှိလေ့လာခြင်း အားဖြင့် ဒီကြောက်ရွံ့မှုကို ကျော်လွှားဖို့ ကျွန်မတို့ကို ကူညီရာ ရောက်ပါလိမ့်မယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသော အစိုးရ တာဝန်ရှိသူ၊ စီးပွားရေး ခေါင်းဆောင် ၃၀၀ ခန့်ကို ပြောကြားသည်။

ပြဿနာကို ဖြေရှင်းရန် ပထမဆုံး နည်းလမ်းမှာ တရားဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း၊ အသတ်ခံရမည်ဟု ကြောက်ရွံ့နေပါက၊ မိမိ၏အိမ် မီးရှို့ဖျက်ဆီး ခံရမည်ဟု ကြောက်ရွံ့နေပါက အဆိုပါ ကြောက်ရွံ့နေသူ တို့အား ထိုင်စေပြီး ကွဲပြားခြားနားသော အရာများကို ဖြေရှင်းရန် ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရ အနေဖြင့် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ပြုပြင်ပြောင်းလဲရေးများ အောင်မြင်မှု ရရှိစေရန် အတွက် ပြည်သူများအကြား စည်းလုံးညီညွတ်မှုကို အကောင်အထည်ဖော်ရန် လိုကြောင်း ပြောကြားသည်။

''ပြီးခဲ့တဲ့ လတွေမှာ ပြဿနာ တော်တော်များများ ဖြစ်ပွားခဲ့ရတဲ့ အချက်ကတော့ ပွင့်လင်းမြင်သာမှု မရှိလို့ပါပဲ။ ပွင့်လင်းမြင်သာမှုက ယုံကြည်မှုနဲ့ ဆက်စပ်နေပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍတွင် ပြိုင်ဆိုင်မှု ပြင်းထန်လာမှုသည် မြန်မာနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ များအတွက် ကောင်းမွန်စေကြောင်းလည်း ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း စင်ကာပူအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားသည့်အပြင် စင်ကာပူရောက် မြန်မာများနှင့်လည်း တွေ့ဆုံရန်ရှိသည်။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here