Monday, September 23, 2013

အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရာတွင် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ ထည့်သွင်းရန် အရေးကြီးပြီး ကချင်မပါဘဲနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ပြုလုပ်မည် ဆိုပါက အဓိပ္ပာယ် မရှိဟုဆို

0 comments



23.9.2013


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များအကြား အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရာတွင် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ ထည့်သွင်းရန် အရေးကြီးပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) မပါဘဲနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ပြုလုပ်မည်ဆိုပါက အဓိပ္ပာယ်မရှိဟု တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ချင်းအမျိုးသား တပ်ဦး(CNF) ၏ အဓိပတိ ကောင်စီဝင် ဒေါက်တာ ဆလိုင်းလျန်မုန်းက ပြောကြားသည်။

လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၁၄ ဖွဲ့အကြား ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ် သဘောတူညီမှု စာချုပ်ပေါင်း ၃၇ ခု ချုပ်ဆိုခဲ့ပြီး KIO နှင့်ပလောင် လွတ်မြောက်ရေးတပ်ဦး/တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)တို့နှင့် ဆွေးနွေးနေဆဲ ဖြစ်သည်ဟု စက်တင်ဘာ ၂၁ ရက်က တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

''အပစ်အခတ် ရပ်စဲရေးလုပ်ပြီးသား ဒေသတွေမှာ တိုက်ပွဲလေးတွေ ပြန်ပြန်ဖြစ်နေတယ်။ အဲဒါလေးတွေ မဖြစ်ဖို့ဆိုရင် အပစ်အခတ် ရပ်စဲရေးတွေ လုပ်တဲ့အခါ နှစ်ဖက်စလုံးက လိုက်နာမယ့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို ထည့်သွင်းပြီး သဘောတူမယ်ဆိုရင် ပဋိပက္ခ အငယ်လေးတွေ၊ မမျှော်လင့်ဘဲ ဖြစ်တာတာ လေးတွေကို ရှောင်ရှားနိုင်မယ်လို့ မြင်ပါတယ်။ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်လိုဟာမျိုးဟာ အင်မတန်မှ လိုအပ်တယ်။ အဲဒါမျိုးမရှိရင် မလွှဲမသွေ တစ်နေရာမဟုတ် တစ်နေရာ ရင်ဆိုင်ရမှာပဲ။ ကချင်တစ်ခုတည်းကို ကျွန်တော်တို့ ကြည့်လို့မရဘူး'' ဟု ဒေါက်တာဆလိုင်းလျန်မုန်းက ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အိုတို့သည် ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ် ဇွန်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကာ လက်ရှိတွင် အစိုးရက ကေအိုင်အိုနှင့် အပစ်ရပ်စဲရေး ပြန်လည်ပြုလုပ်ရန် ကြိုးစား ဆောင်ရွက် နေသော်လည်း နှစ်ဖက်တပ်များအကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိနေဆဲပင် ဖြစ်သည်။ ကေအိုင်အို အနေဖြင့်လည်း အပစ်အခတ် ရပ်စဲရေးထက် နိုင်ငံရေး ဆွေးနွေးမှုကိုသာ ဦးစွာပြုလုပ် လိုသည်ဟု ပြောကြားမှုများ ရှိနေသည်။

ထို့ပြင် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် PSLF/TNLA တို့အကြား ယခုနှစ် ဇူလိုင်လကုန်က အပစ်ရပ်စဲရေး ပြုလုပ်ရန် ဆွေးနွေးခဲ့သော် လည်း ပြုလုပ်နိုင်သေးခြင်း မရှိသည့်အပြင် နှစ်ဖက်တပ်များအကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။

''ကချင်က အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသား။ အဲဒီလို ထိုးပြီးသားဟာကို အခုအချိန်မှာ အပစ်အခတ် ရပ်စဲရေးလုပ်တာ ကြာပြီဖြစ်တဲ့အတွက် အခြေအနေလေး ပြန်သုံးသပ်မယ်ဆိုတဲ့ အဆင့်လောက်ပဲ လုပ်ပြီးတော့ သူတို့ လက်မှတ်ထိုးပြီးသား အနေအထားကနေပြီးတော့ ငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာမျိုး သွားမယ်ဆိုရင် အကောင်းဆုံး ဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ အစိုးရက ဒီအချိန်မှာ သူတို့လက်မှတ် ထိုးပြီးသားကို ပြန်အသစ်ထိုးပါဆိုပြီး ဖိအားပေးနေတာကြတော့ သူတို့ဘက်ကကျ ဒါဟာသူတို့ လေးလေးနက်နက်နဲ့ လက်မှတ်ထိုးပြီးသားကို အသိအမှတ် မပြုဘူးဆိုရင် ဘယ်လိုယုံရမလဲဆိုတာ အမြင်ဟာ ရှိတတ်ပါတယ်။ ရှိလဲရှိနိုင်တယ်။ ရှိလည်း ရှိသင့်တယ်လို့ ကျွန်တော် မြင်တယ်လေ။ ကချင်မပါဘဲနဲ့ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး လုပ်တယ်ဆိုတာ အဓိပ္ပာယ် မရှိပါဘူး။ အားလုံးပါပြီးတော့မှ လုပ်မှဖြစ်မယ်'' ဟု ဒေါက်တာ ဆလိုင်းလျန်မုန်းက သုံးသပ်သည်။

အစိုးရက အောက်တိုဘာလကုန် ပြုလုပ်ရန် ပြင်ဆင်လျက် ရှိသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှုတွင် လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့လုံးကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်းနှင့် အောက်တိုဘာ ပထမအပတ် အတွင်းခန့်တွင် ကေအိုင်အိုနှင့် ပြည် ထောင်စုအဆင့် ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့တွင် ကျင်းပရန် နှစ်ဖက်မှ မူအားဖြင့် သဘောတူထားသည်ဟု ၀န်ကြီးဦးအောင်မင်းက တောင်ကြီးမြို့တွင် ပြောကြားခဲ့သည်။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here