Wednesday, September 25, 2013

အီးယူကုန်သွယ်မှု အထူးအခွင့်အရေးအရ တစ်ပတ်အတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ လေးသန်းကျော်ဖိုး အခွန်ကင်းလွတ်ခွင့် ရရှိ

0 comments
(အီးယူကုန်သွယ်မှု အထူးအခွင့်အရေး ရရှိနေသည့် အ၀တ်အထည်များ တင်ဆောင်လာသည့် ကုန်သင်္ဘော တစ်စင်းကို တွေ့ရစဉ်)

25.9.2013

အီးယူကုန်သွယ်မှု အထူးအခွင့်အရေး (GSP) အရ ဥရောပသမဂ္ဂ နိုင်ငံများသို့ တင်ပို့သည့် ကုန်စည်များ အတွက် GSP Form (A) များ ထုတ်ပေးခဲ့ပြီး တန်ဖိုးအားဖြင့် တစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ  လေးသန်းကျော်ဖိုး ရှိကြောင်း သိရသည်။

ဗြိတိန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယမ် နိုင်ငံတို့သို့ လက်ခစား အပ်ကုန်စနစ်ဖြင့် တင်ပို့သည့် ကုန်စည်များအတွက် စက်တင်ဘာ ၁၃ ရက်မှ စက်တင်ဘာ ၁၉ ရက်အထိ GSP Form (A) ထုတ်ပေးခဲ့မှုမှာ စောင်ရေ ၆၃ စောင်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၃၃၂၃၇၈ ဒသမ ၅ ရှိကြောင်း သတင်းရရှိသည်။

ထို့အတူ စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အတွင်း ဘယ်လ်ဂျီယမ်၊ ဂျာမနီ၊ စပိန်၊ ဂရိ၊ ရိုမေးနီးယား၊ သြစတြီးယား၊ အီတလီ၊ ခရိုအေးရှား နိုင်ငံတို့သို့ မြန်မာနိုင်ငံမှ လက်ခစားစနစ်ဖြင့် တင်ပို့သည့် ကုန်စည်များအတွက် GSP Form (A) ထုတ်ပေးခဲ့မှုမှာ စောင်ရေ ၁၅၅ စောင်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၀၁၂၀၀၈ ဒသမ ၇၃ ရှိကြောင်း သတင်းရရှိသည်။

အီးယူသည် မြန်မာနိုင်ငံအပေါ် ပေးအပ်သည့် ကုန်သွယ်မှု အထူး အခွင့်အရေးကို ၂၀၁၃ ခုနှစ် ဇွန်လတွင် ပြန်လည်ပေးအပ် ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၉ ရက်တွင် GSP Form (A)စတင်ပေးအပ် ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံကို GSP အခွင့်အရေး ပေးနေသည့် နိုင်ငံများမှာ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ဂျာမနီ၊ ပြင်သစ်၊ အိုင်ယာလန်၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ ဗြိတိန်၊ သြစတြေးလျတို့ဖြစ်ပြီး လက်ရှိအချိန်အထိ အများဆုံး အခွင့်အရေး ပေးနေသည့် နိုင်ငံများမှာ စပိန်၊ ဂျာမနီ၊ ဗြိတိန်၊ အီတလီနှင့် နယ်သာလန်တို့ ဖြစ်ကြောင်း သိရသည်။

အီးယူနိုင်ငံများသို့ မြန်မာနိုင်ငံမှ စစ်လက်နက် ပစ္စည်းများမှအပ ကျန်ရှိသော မည်သည့်မူရင်း ထုတ်ကုန်မဆို ကုန်သွယ်မှု အထူးအခွင့်အရေးဖြင့် တင်ပို့ခွင့် ရရှိထားပြီး အဆိုပါ အခွင့်အရေးအရ သွင်းကုန်အကောက်ခွန်မှာ သုည ရာခိုင်နှုန်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံများမှ ပေးအပ်သော ကုန်သွယ်မှု အခွင့်အရေးကို ၂၀၀၃ ခုနှစ်အထိ ရရှိခဲ့သော်လည်း ယခင်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ရုပ်သိမ်းခြင်းခံခဲ့ရပြီး ယခုနှစ်လယ်ပိုင်းမှသာ ပြန်လည်ခံစားခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများတွင် GSP အခွင့်အရေး တစ်မျိုးမျိုးကို ရရှိနေသော နိုင်ငံ ၁၂၈ နိုင်ငံ အထိရှိပြီး မြန်မာနိုင်ငံ အပါအ၀င် ၇၇ နိုင်ငံမှာ ဖွံ့ဖြိုးမှုနှုန်း နည်းပါးသည့် နိုင်ငံများ ဖြစ်သည်။ GSP အခွင့်အရေးပေးသည့် နိုင်ငံများမှာ ဥရောပသမဂ္ဂ၊ အမေရိကန်၊ သြစတြေးလျ၊ ဘီလာရုစ်၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ ရုရှား၊ ဆွစ်ဇာလန်၊ တူရကီတို့ ဖြစ်သည်။


Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here