Wednesday, September 11, 2013

တရုတ်အလုပ်သမားတစ်ဦးသေဆုံးမှု အလုပ်သမား(၁၁)ဦးကို စစ်ဆေးနေ

0 comments
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်ရေနံနှင့် ရွှေဂက်(စ်)စီမံကိန်းရုံးချုပ် အခြေစိုက်ရာ ယူနန်ကုမ္ပဏီမှ တရုတ်အလုပ်သမား မစ္စတာလီမော်ဟို(၃၉)နှစ်သေဆုံးမှုကို တရုတ်အလုပ်သမား(၁၁)ဦးအား ကျောက်ဖြူမြို့နယ်ရဲစခန်းက
 ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သေဆုံးသူ မစ္စတာ လီမော်ဟို၏ ရုပ်အလောင်းကို စက်တင်ဘာ(၄)ရက် ယူနန်ကုမ္ပဏီမှ အလုပ်သမားများ  အခြေချတည်းခိုနေထိုင်ရာ အဆောင်နှင့် မနီးမဝေးကမ်းစပ်တွင် သေဆုံးလျက် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲစစ်ဆေးချက် မှတ်တမ်းများအရ သိရသည်။

 သေဆုံးသွားသူ လီမော်ဟိုနှင့် အတူ အလုပ်သမားအဆောင်တွင် အတူတည်းခိုနေထိုင်ပြီး အလုပ်လုပ်နေသည့် ယူနန် အလုပ်သမား (၁၂)ဦးရှိကာ လီမော်ဟို၏ အိပ်ရာခုံအနီးအနားတွင် ၎င်းအား လုပ်ကြံခြင်း ဖြစ်နိုင်ကြောင်းသံသယဖြစ်ဖွယ်သွေးစက်များ ပေကျံနေသည်ကိုတွေ့ရှိရသည်ဟု ရဲစစ်ဆေးချက်မှတ်တမ်းများအား ကိုးကား၍ ကျောက်ဖြူရဲစခန်းမှ ရဲအုပ် ဦးသိန်းတိုးက ပြောကြားသည်။

“မစ္စတာလီမော်ဟို သေဆုံးမှုကဓမ္မတာအတိုင်း သေဆုံးမှုဖြစ်နိုင်ဖို့ခဲယဉ်းပါတယ်။ သူနဲ့အတူ အလုပ်လုပ်နေတဲ့ အလုပ်သမား(၁၁)ဦးကလည်း စစ်ဆေးမေးမြန်းတိုင်း အဖြေတစ်ခုတည်းကို ကြိုတင်တီးလုံးတိုက်ထားသလိုမျိုး ဖြေကြပါတယ်။ အဲဒီအဖြေက သေဆုံးသွားသူ မာစ္စတာလီမော်ဟိုဟာ စိတ်ကျန်းမားရေးကစဥ့်ကလျားဖြစ်ပြီး အပြင်ကို ထွက်သွားနေစဉ် သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ ဒေသရာသီဥတုမကိုက်ညီတဲ့အတွက် သေဆုံးသွားရတာဖြစ်ကောင်းဖြစ်နိုင်ကြောင်းစသည်ဖြင့်မရေမရာဖြေကြားကြပါတယ်။ သူ့ရဲ့ယူနန်ကုမ္ပဏီ မန်နေဂျာ မစ္စတာ မဝေ့(စ်)ကလည်း ဒီလိုအဖြေမျိုးကိုပဲ ပေးတယ်။”ဟု ကျောက်ဖြူရဲစခန်းမှ ရဲအုပ်ဦးသိန်းတိုးက ပြောကြားသည်။

မဒေးကျွန်းရှိ (၂၀၁၂)ခုနှစ် အတွင်းမှလည်း တရုတ် အလုပ်သမားတစ်ဦး ပေ(၁၀၀)ကျော်မြင့်သော ဆောက်လုပ် ရေး စီမံကိန်းစင်တစ်ခုမှပြုတ်ကျကာ သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ဖူးသည်။

တရုတ်အလုပ်သမားသေဆုံးမှု နောက်ဆုံးရသတင်းများမှာ သေဆုံးသူ မစ္စတာ လီမော်ဟိုအား ခွဲစိတ် စစ်ဆေး ချက်များအရ လည်ပင်းတွင်သုံးလက်မခန့်အနက် ထိုးသွင်းဒါဏ်ရာတစ်ချက်၊ ၀ဲဘက်လည်ပင်းတွင် တစ်လက်မခန့်အနက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာလက်မောင်းတွင် ရိုက်နှက်ဒဏ်ရာတစ်ချက်၊ ပါးစပ်တွင် ရိုက်နှက်ဒဏ်ရာတစ်ချက်နှင့် သွားများကျိုးနေသည်ကိုတွေရှိရကြောင်း မှုခင်းဆေးစစ်ချက်များအရသိရသည်။

အဆိုပါ သေဆုံးမှုကို ကျောက်ဖြူရဲစခန်းက လူသေမှု သေခင်း ဖြစ်စဉ် (ပ)၁၂/၂၀၁၃ ပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 By အာရကန်ကိုကို-မောင်တော (မြစ်မခ)   

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here