Thursday, September 26, 2013

လျှပ်စစ်တိုးထုတ်ရေး အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကမ္ဘာ့ဘဏ် အတိုးမဲ့ချေးမည်

0 comments

ရန်ကုန်၊ စက်တင်ဘာ ၂၅

မွန်ပြည်နယ် သထုံမြို့တွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ လျှပ်စစ်ဓာတ်အား တိုးတက် ထုတ်လုပ်ရေး အတွက် ကမ္ဘာ့ဘဏ်က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ပေးအပ်မည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် မစ္စတာခန်သန်ရှန်ကာက စက်တင်ဘာ ၂၅ ရက်နေ့ တွင် ပြောကြားသည်။မူလ အသုံးပြုနေသော သဘာဝ ဓာတ်ငွေ့ဖြင့် လက်ရှိသက်တမ်းလွန် တာဘိုင် စက်များ အစား တာဘိုင်အသစ်များ အစားထိုး လဲလှယ်ပါက လျှပ်စစ် ထုတ်လုပ်နိုင်စွမ်း နှစ်ဆခွဲ တက်လာမည် ဖြစ်ပြီး ယင်းစက်ရုံမှ လျှပ်စစ် ၁၀၆ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီအစဉ်အရ သိရသည်။

စက်သစ်များဖြင့် လဲလှယ် တပ်ဆင်ရန် လိုအပ်သည့် စက်ကိရိယာများကို နိုင်ငံတကာမှ ကန်ထရိုက် စနစ်ဖြင့် ဝယ်ယူမည်ဟု မစ္စတာ ခန်သန်ရှန်ကာက ရှင်းပြသည်။

လာမည့် အောက်တိုဘာလတွင် ကမ္ဘာ့ဘဏ်၏ အတိုးမဲ့ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၄၀ ကို မြန်မာနိုင်ငံ သို့ ပေးအပ်ရန် လက်မှတ်ရေးထိုးမည် ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများကို ဆက် လက် လုပ်ဆောင်သွားမည် ဟု ၎င်းကဆိုသည်။“မွန်ပြည်နယ်ရဲ့ ကျေးရွာ ဘယ်နှစ်ရွာကို မီးပေးနိုင်မလဲ ဆိုတာ အတိအကျတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော် ဓာတ်အားကွန်ရက်ထဲကို ၅ ရာခိုင်နှုန်း တိုးတက်စေမှာပါ။ ဘာအခက်အခဲမှ မရှိရင် လာမယ့်နှစ်ကုန်မှာ စီမံကိန်း ပြီးပါမယ်။ ဒီလုပ်ငန်းကလည်း ပထမဆုံး ခြေလှမ်းပါ။ နောက်ထပ် အများကြီး လုပ်ဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါချေးငွေကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများထံသို့ အတိုးမဲ့ ငွေချေးသည့် ကမ္ဘာ့ဘဏ်၏ အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ က မြန်မာနိုင်ငံသို့ ပေးအပ်ခြင်း ဖြစ်သည်။

ကျေးလက်ဒေသများတွင် မီးရရှိရေးနှင့် သောက်သုံးရေ ရရှိရေးအတွက် ပြီးခဲ့သည့် သြဂုတ်လ အတွင်း ကျေးလက်ဒေသ မီးရရှိရေးနှင့် သောက်သုံးရေ ရရှိရေး ကော်မတီ ကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများသည် လျှပ်စစ်ဓာတ်အား ရရှိမှုတွင် တစ်နိုင်ငံလုံး ရရှိမှု၏ ၁၆ ရာခိုင်နှုန်းသာ ရှိပြီး မြန်မာနိုင်ငံသားများ၏ လျှပ်စစ်ဓာတ်အား ရရှိမှုသည် အရှေ့တောင် အာရှ နိုင်ငံများ တွင် အနည်းဆုံး ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀၀၀ ထုတ်လုပ် ပေးနိုင်ပြီး ယင်း၏ ထက်ဝက်နီးပါးကို ရန်ကုန်တွင် အသုံးပြုလျက် ရှိသည်။

ကမ္ဘာ့ဘဏ်က ကူညီမည့် အဆိုပါ စီမံကိန်းကြောင့် မွန်ပြည်နယ် လျှပ်စစ်ဓာတ် အားလိုအပ်ချက်၏ ၅၀ရာခိုင်နှုန်း ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here