Saturday, September 28, 2013

တိုက်ပိတ်ခံရမည်ဆိုသည့် သတင်းကြောင့် ကော့သောင်း အကျဉ်းသားများ၏ မိသားစုဝင်များစိုးရိမ်

0 comments
 
28.9.2013
ကော့သောင်းအကျဉ်းထောင်မှ မော်လမြိုင်အကျဉ်းထောင်သို့ ပြောင်းရွှေ့လာသော အကျဉ်းသားများအား တိုက်ပိတ်အရေးယူမည်ဆိုသော သတင်းများ ပေါ်ထွက်လာသောကြောင့် အကျဉ်းသားများ၏
မိသားစုဝင်များ စိုးရိမ်နေကြောင်း အဆိုပါမိသားစုဝင်များထံမှ သိရသည်။
 
စက်တင်ဘာ(၁၃)ရက်တွင် ကော့သောင်းအကျဉ်းထောင်၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သောကြောင့် မော်လမြိုင် အကျဉ်း ထောင်သို့ ပြောင်းရွှေ့ရောက်ရှိလာသော အကျဉ်းသား၁၂၀ခန့်ကို မော်လမြိုင် ထောင်အတွင်း တိုက်ပိတ်အရေးယူမည် ဆိုသော သတင်းများ အပါအ၀င် ထောင်သက်လေးနှစ်စီ ထပ်တိုး အရေးယူမည်ဟူသော ကောလာဟလများ ထွက်ပေါ်လာခဲ့ သောကြောင့် ကော့သောင်းရှိ အကျဉ်းသားများ၏ မိသားစုများမှာ စိုးရိမ်နေကြကြောင်း အကျဉ်းသားမိသားစုဝင်များထံမှ သိရသည်။
 
 “ဒီကို ရောက်လာတော့ တော်တော်လေးကို စိတ်ကျဉ်းကျပ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျဉ်းသား တွေ ရောက်လာတာနဲ့ တိုက်ပိတ်ခံရမယ်လို့ကြားတော့ တော်တော်လေးကို စိတ်မကောင်း ဖြစ်မိတယ်။ ဒီလိုမျိုး လုပ်မယ် ဆိုတော့သူတို့ အကျဉ်းသား တွေလည်း စိတ်မကောင်းဖြစ်မှာပါ။”ဟု အကျဉ်းသား မိသားစုဝင် တစ်ဦးဖြစ်သော မလှလှနွယ်ကပြောသည်။
 
ကော့သောင်းအကျဉ်းထောင်အတွင် ဆူပူမှုများဖြစ်ပေါ်ခဲ့ပြီးနောက် အကျဉ်းသားများက မီဒီယာ သမား များနှင့် တွေ့ခွင့်ပေးရေး၊ မိမိတို့အား ထိုသို့ပြုမူခဲ့သည့် ထောင်တာဝန်ရှိသူအားပြောင်းရွှေ့ပေးရေး၊ သတင်း အမှန် ဖော်ထုတ်ပေးရေး စသည့်အချက်များကို ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ခဲ့ကြသော်လည်း ထောင် ဥပဒေအရ ထိုသို့ပြုလုပ်ခွင့်ပေးမထားကြောင်း၊ ကော့သောင်း ထောင် အတွင်း အကျဉ်းသားများ ဆူပူမှုဖြစ်ပွားခဲ့သည့် နောက်ပိုင်း စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ထောင်ကို ဖောက်ထွင်းမှုများရှိခဲ့သလို လက်ကိုင်ဖုန်း အလုံး၆၀ကျော်အပါအ၀င် သံချွန်လက်နှက်များနှင့်ဓားများလည်းမိခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ စစ်ဆေးချက်များအရ သိရသည်။
 
“လုံခြုံရေးအရရယ် အန္တရာယ်ကင်းဖို့ ရယ်ဆိုတာ အကျဉ်းထောင်တာဝန်ရှိသူတွေက ထောင်ဥပဒေအရ စီစဉ်ပိုင်ခွင့်ရှိပါတယ်။ စည်းကမ်းဖောက်ဖျက်မှုရှိရင် ဥပဒေအရ သူတို့ကို အပြစ်ပေးနိုင်တာ လေးခု ရှိပါတယ်။ ခြေထိတ်ခတ်လို့ရတယ်။ တိုက်ပိတ်လို့ ရတယ်။ လျော့ရက်ဖြတ်လို့ ရတယ်။ ထောင်ဝင် စာ ပိတ်လို့ ရပါတယ်။ အပြစ်ရှိတဲ့လူတွေကတော့ ထပ်တိုး အမှုဆိုပြီးတရားရုံးမှာ မှာတရားဆွဲပြီး ထောင်(၆)လထပ်တိုးလို့ ရတယ်။”ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာညဏ်ဇော်က ပြောသည်။
 
“တိုက်ပိတ်တယ်ဆိုတာကလည်း အရင်ကလို ကျဉ်းကျဉ်းလေးထဲမှာ မှောင်ကျပ်ပြီးထားတာ မဟုတ်ပါဘူး။ အခန်းမှာ ပြတင်း ပေါက် ပါတယ်။ အခန်းကတင် (၁၀)ပေ၊(၈)ပေပတ်လည်လောက်ရှိတယ်။ လမ်းလျှောက် ဖို့ ၀ရန်တာလို မျိုးတောင် လုပ်ပေးထား တာ တွေ့ရပါတယ်။ အလင်းရောင် ကောင်းကောင်း လေ ကောင်းကောင်း လုပ်ရပါတယ်။ ရိုက်တာနှက်တာတော့ လုပ်ခွင့် မရှိ ပါဘူး။ ဒါကတော့ လူ့အခွင့်အရေး ချိုးဖောက် တာပေါ့။ အစားအသောက်၊ရေ၊နဲ့ ဆေးဝါးတော့ ဖြတ်လို့မရပါဘူး”ဟု ၎င်းက ဆက်ပြော သည်။
တရားဥပဒေ စိုးမိုးရေးအတွက် မည်သူမဆို ဥပဒေကိုလိုက်နာရန် လိုအပ်ကြောင်း၊ အကျဉ်းထောင် ဥပဒေကို ၁၈၉၄ခုနှစ်တွင် ရေးဆွဲခဲ့ပြီး ယခုတိုင် တည်ဆဲဖြစ်သောကြောင့် ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်သင့်ကြောင်း ယခု ဖြစ်ပွားခဲ့သည့် ကိစ္စကိုလည်း စစ်ဆေးနေကြောင်း၊ အကျဉ်း ထောင်များ တွင်လည်း အခြေခံအခွင့်အရေး အပြည့်အ၀ပေးထားသည်ကို တွေ့ရကြောင်း အဆိုပါ ကော်မရှင်မှ သိရသည်။
 
အဆိုပါအကျဉ်းသားများကိစ္စနှင့်ပတ်သက်၍ မော်လမြိုင်အကျဉ်းထောင်ရှိ တာဝန်ရှိသူများထံသို့ မီဒီယာ သမားများက စက်တင်ဘာ(၂၆)ရက်တွင် တစ်ကြိမ်၊ စက်တင်ဘာ(၂၇)ရက်တွင်တစ်ကြိမ် သွားရောက် မေးမြန်းရန် စောင့်ဆိုင်း ခဲ့သော်လည်း မည်သည့် တာဝန်ရှိသူနှင့်မျှ တွေ့ဆုံခွင့် မရခဲ့ပေ။
 
မြစ်မခ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here