စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် မြေနေရာအတွက် စက်တင်ဘာ ၁၆ ရက်က မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်ရှိ နေအိမ်ကို ဖျက်ရန်ကြိုးစားရာမှ မိသားစုဝင်များနှင့် ဒေသအာဏာပိုင်များ တင်းမာမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်ရှိ အကွက် အမှတ် ၃၃၃-က မြို့ပြဧရိယာ ၆၂ ဒသမ ၆၆ ဧကကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပိုင် မြေအဖြစ် အသုံးပြုခွင့်ရပြီး ဖြစ်သော်လည်း အိမ်ပိုင်ရှင် ဦးရဲထွဋ်(ခ) ဦးအောင်သိန်းက ဆက်လက် နေထိုင်သဖြင့် အရေးယူပေးရန် ဦးတိုက်လျှောက်ထားမှုကို မုံရွာမြို့နယ် တရားရုံးက လက်ခံစစ်ဆေးခဲ့ပြီး စက်တင်ဘာ ၁၃ ရက်၊ ညနေ ၄ နာရီက အလုပ်နှင့် ထောင်ဒဏ်တစ်လ ကျခံရစေရန် အမိန့်ချမှတ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၆ ရက်တွင် ယင်းနေအိမ်အား ဖျက်ရန် ကြိုးစားခဲ့ရာမှ ပြဿနာ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။
''လွှတ်တော် အဆောက်အအုံ မြေနေရာအတွက် ၆၁ ဒသမ ၆၆ ဧကမှာ ၄၀ ဒသမ ၁၈ ဧကက သိမ်းပြီးပြီ။ အဆောက်အအုံကိုလည်း ၂၀၁၀ ၀န်းကျင်က ဆောက်ခဲ့ပြီးပြီ။ အခုဟာက ကျန်တဲ့မြေ ၂၀ ဒသမ ၄၈ ဧက အတွက် သိမ်းဖို့လုပ်ရာက ပြဿနာတွေ ထပ်ဖြစ်နေတာပါ။ တောင်သူ ၃၀ ကျော်နဲ့ အိမ်ဝင်းနေထိုင်သူ အပါအ၀င် ၇၇ ဦးကို ရွှေ့ဖို့လုပ်ရာက ၁၆ ဦးပဲ မရွှေ့သေးဘဲ ကျန်တာပါ။ အခုဟာက ဘာအတွက် ရွှေ့ခိုင်းတာလဲမေးရင် အထက်ကလို့ပဲ ပြောပါ တယ်။ ရွှေ့ရမယ့်သူက သိခွင့်မရဘူး ဖြစ်နေတယ်'' ဟု အိုးဘိုတောင် ရပ်ကွက်နေ ကိုထင်ဇော်လင်းက ပြောသည်။
''စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရရုံးမှာ ကျွန်တော်တို့ကို လေးခါခေါ်ညှိပေမယ့် ညှိတာမဟုတ်ဘဲ သူတို့ရွှေ့ပေးတဲ့ မုံရွာဂေါက်ကွင်းနား ပြောင်းဖို့ချည်း ပြောပါတယ်။ အခုတော့ အိမ်ကိုလာဖျက်ဖို့ လုပ်နေကြပါတယ်။ ကျွန်တော်တို့ကတော့  ဖျက်ခွင့်မပေးသလို အိမ်ပိတ်ထားပြီး သူတို့ကလည်း အိမ်နားကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားပါတယ်'' ဟု ဦးရဲထွဋ်၏ သမက်ဖြစ်သူ ကိုသိန်းတန်က ပြောပြသည်။
ဇူလိုင် ၁ ရက်ကလည်း အထက်မြန်မာပြည် မြေနှင့်အခွန် နည်းဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေ ၆၉(၂)အရ အလုပ်နဲ့ ထောင်ဒဏ်တစ်လ ကျခံရစေရန် မုံရွာမြို့နယ် တရားရုံးက ဦးကျောက်ခဲအား အမိန့်ချမှတ်ခဲ့ကာ ဇူလိုင် ၂ ရက်က မုံရွာမြို့ အိုးဘိုတောင်ကွက်သစ် မြ၀တီရပ်ကွက် နယ်မြေ ၆ ရှိ ဦးရွှေရ(ခ) ကျောက်ခဲ နေထိုင်သည့် အိမ်အမှတ် ၆။၁၄၉ နေအိမ်ဝင်းကို ဒေသ အာဏာပိုင်များ သဘောတူညီချက်ဖြင့် နေအိမ်ရွှေ့ဖျက်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Tuesday, September 17, 2013
Newer Post
နိုင်ငံအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ရွာလုံးကျွတ် ပြောင်းရွှေ့မှုများနှင့် အဆိုးရွားဆုံးဖြစ်နေ
→
Subscribe to:
Post Comments (Atom)