Monday, September 23, 2013

နယ်စပ်ဒေသများတွင် ပြည်တွင်း ရောင်းချရန်နှင့် ပြည်ပပို့ရန် တံဆိပ်မျိုးစုံပါ စီးကရက်များ ထွက်ရှိနေပြီး ပြည်တွင်း၌ စီးကရက် ထုတ်လုပ်သည့် စက်ရုံ မည်မျှရှိသည်ကိုမူ အတိအကျ ထုတ်ပြန်ခြင်းမရှိ

0 comments



23.9.2013

နယ်စပ်ဒေသများတွင် ပြည်တွင်းရောင်းချရန်နှင့် ပြည်ပသို့ တင်ပို့ရန် တံဆိပ်မျိုးစုံပါသော စီးကရက်များ ထုတ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင် စီးကရက် ထုတ်လုပ်နေသည့် စက်ရုံစုစုပေါင်း မည်မျှရှိနေသည်ကို စာရင်းအတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ဆေးလိပ်နှင့် ဆေးရွက်ကြီး ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ပံ့ပိုးခြင်း၊ တားမြစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဖြန့်ဝေခဲ့သည့် အချက်အလက်များအရ သိရသည်။

ထို့ပြင် အိမ်နီးချင်း နိုင်ငံများမှ ထုတ်လုပ်ပြီး တရားဝင်၊ တရားမ၀င် နည်းများဖြင့် တင်သွင်း ရောင်းချနေသော စီးကရက်များနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ မည်မျှရှိကြောင်း စာရင်းမတွေ့ရှိ ရသော်လည်း လက်လီ ဈေးကွက်တွင်မူ တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်လျက်ရှိသည့် ပစ္စည်းများ ပေါများစွာ တွေ့မြင်နေရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက်စသည့် ကုန်စည်များအား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်သာ တင်သွင်းခွင့်ပြုထားပြီး ယင်းကုန်စည်များမှာလည်း သတ်မှတ်ဟိုတယ် ဧရိယာနှင့် အခွန်လွတ်ဆိုင်များတွင်သာ ရောင်းချရသော ကုန်စည်များ ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြည်တွင်းဈေးကွက် ဖြန့်ချိရန် ထုတ်လုပ်နေသည့် စီးကရက်များမှာ Duya Gold, Red Ruby, Vegas, Blue Diamond, Golden Eagle စသည်တို့ဖြစ်ပြီး ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်သည့် ပြည်ပဖက်စပ် စီးကရက်များမှာ Lucky Strike, State Express 555, Marlboro, Rothmans, Pall Mall, Camel, Benson and Hedges Gold, Mild Seven စသည့် တံဆိပ်များကိုပါ ပြည်တွင်း၌ ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဆေးပေါ့လိပ် ထုတ်လုပ်မှုသည် တဖြည်းဖြည်း ကျဆင်းလာပြီး ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် ပြည်တွင်း စီးကရက် ထုတ်လုပ်မှု တိုးတက်ခြင်းနှင့် ယှဉ်တွဲပြီး ဆေးပေါ့လိပ် ထုတ်လုပ်မှုမှာ နှစ်စဉ် သန်း ၃၀၀၀ ကျော်မှ သန်း ၂၀၀၀ ကျော်သို့ ကျဆင်းခဲ့ကြောင်း၊ နှစ်စဉ် ပြည်တွင်း၌ စီးကရက် အရေအတွက် သန်း ၃၀၀၀ ထုတ်လုပ်မည်ဟု ခန့်မှန်းထားပြီး နှစ်မျိုးပေါင်း နှစ်စဉ်ဆေးလိပ် အလိပ်ပေါင်း သန်း ၅၀၀၀ ကျော် ခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ထို့ပြင် ပြည်ပမှ တရားဝင်၊ တရားမ၀င် ရောက်ရှိလာသည့် စီးကရက် အရေအတွက် သန်း ၂၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းလျှင် မြန်မာနိုင်ငံတွင် နှစ်စဉ်ဆေးလိပ် အလိပ်ရေ သန်း ၇၀၀၀ ကျော် သုံးစွဲနေသည်ဟု ခန့်မှန်းထားကြောင်းနှင့် အသက် ၁၅ နှစ်အထက် မြန်မာနိုင်ငံ လူဦးရေ သန်း ၃၀ ကျော် (ခန့်မှန်း)အနက် ၅၀ ရာခိုင်နှုန်း နီးပါးမှာ နေ့စဉ် စွဲစွဲမြဲမြဲ ဆေးလိပ်သောက်သုံးမှု ရှိနေကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here