Saturday, September 28, 2013

မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခများ၏ အကြောင်းရင်းကို ထိရောက်စွာ မဖြေရှင်းနိုင်ပါက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထိခိုက်နိုင်ကြောင်း ကုလအတွင်းရေးမှူးချုပ် ပြောကြား

0 comments

28.9.2013

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားမှုများ၏ အဓိက အကြောင်းရင်းကို ထိရောက်စွာ မဖြေရှင်းနိုင်ပါက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထိခိုက်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက စက်တင်ဘာ ၂၆ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့အစည်းအဝေး၌ ပြောကြားသည်။

''မြန်မာဟာ ပိုမိုပွင့်လင်းပြီး ကျယ်ပြန့်တဲ့ ဒီမိုကရေစီစနစ်ဆီကို သွားနေပါတယ်။ သူရဲ့အားကောင်းတဲ့ လူမှုအဖွဲ့အစည်းဟာ အစိုးရနဲ့ နိုင်ငံသားတွေအကြား ပွင့်လင်းမြင်သာမှုရှိလာဖို့၊ အပြောင်းအလဲကြား လူထု ပါဝင်လာစေမှုများအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ပါတယ်''ဟု အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် (၆၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့်အတူ ကျင်းပနေသည့် မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ ၀န်ကြီးအဆင့်အစည်းအဝေးတွင် မစ္စတာ ဘန်ကီမွန်းက ပြောကြားသည်။

မစ္စတာဘန်ကီမွန်းက သမ္မတဦးသိန်းစိန်အား နိုင်ငံကို ပိုမိုငြိမ်းချမ်းသည့်၊ ဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိုင်ငံအဖြစ် ပုံဖော်နေမှုနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းများအတွက် ချီးကျူးစကားဆိုခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ လုံခြုံရေး အခြေအနေသည် ထိခိုက်လွယ်သော အခြေအနေတွင်ရှိနေသေးပြီး နိုင်ငံတွင်းဖြစ်ပွားနေသည့် တင်းမာမှုများကို ဖြေရှင်းရန်အတွက်လည်း လိုအပ်မှုများရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

''မြန်မာနိုင်ငံမှာ လက်ရှိရနေတဲ့ ကောင်းမွန်တဲ့ တိုးတက်မှုတွေဟာ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားရခြင်း ပင်မအကြောင်းရင်းတွေကို အသေအချာ ဖြေရှင်းခြင်း မရှိဘူးဆိုရင်တော့ ပြိုကွဲပျက်စီးသွားနိုင်ပါတယ်''ဟု ပြောကြားသည်။

မစ္စတာဘန်ကီမွန်းက မြန်မာအာဏာပိုင်များနှင့် လက်နက်ကိုင် တိုင်းရင်းသားတပ်များအကြား မြန်မြန်ဆန်ဆန် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်နိုင်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မကြာမီ ရရှိပါစေရန်လည်း မျှော်လင့်ကြောင်း ပြောကြားသည်။
ထို့ပြင် ၎င်းက မြန်မာအာဏာပိုင်များအား ဘင်္ဂါလီများအပါအ၀င် လူမျိုးစုငယ်များ၏ အခွင့်အရေးကို အကာအကွယ်ပေးရန် အတွက်လည်း တောင်းဆိုခဲ့သည်။

''သူတို့အနေနဲ့ ကြောက်လန့်နေရမှုတွေ၊ ထိခိုက်ခံစားရမှုတွေနဲ့ သံသယနဲ့ စောင့်ကြည့်ခံနေရမှုတွေကို ခံစားနေရတုန်းပါပဲ။ နိုင်ငံသားဖြစ်ခွင့် ကိစ္စအပါအ၀င် ဒီရိုဟင်ဂျာ (ဘင်္ဂါလီ) တွေ နစ်နာခံရမှုတွေအတွက် မဖြေရှင်းနိုင်သေးတာတွေဟာလည်း ဖြေရှင်းရမယ့် အဓိက အရေးကြီးတဲ့ အချက်တွေပါပဲ''ဟု မစ္စတာ ဘန်ကီမွန်းက ပြောကြားသည်။

မစ္စတာဘန်ကီမွန်းက အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ၂၀၁၅ ရွေးကောက်ပွဲအတွက် အကူအညီပေးရေး အပါအ၀င် တရားဥပဒေ စိုးမိုးရေး အကူအညီများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ လူမှုရေး စီးပွားရေး ဖွံဖြိုးရေးအကူအညီများ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊ တရားစီရင်ရေးနှင့် ရဲတပ်ဖွဲ့ ပြင်ဆင်ဖွဲ့စည်းရေးများတွင် ကုလသမဂ္ဂအနေဖြင့် အကူအညီပေးမည်ဖြစ်ကြောင်း ဆက်လက် ပြောဆိုခဲ့သည်။ အစည်းအဝေးသို့ တက်ရောက်လာခဲ့ကြသည့် ၀န်ကြီးများကလည်း မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အကူအညီများသည် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ် အကူအညီပေးနိုင်သည့် အကူအညီများ ဖြစ်သင့်ကြောင်း ထောက်ပြ ပြောဆိုခဲ့ကြသည်။

မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ယခုထက်တိုင် ရည်ညွှန်း သုံးစွဲနေဆဲဖြစ်သည်ကို ၎င်း၏ ပြောကြားချက်များအရ သိရသည်။

Eleven Media Group 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here