13.9.2013
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အမေရိကန် ကြက်ခြေနီ အသင်းတို့ ဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ပြီး လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှု သဘောတူညီမှု စာချွန်လွှာကို စက်တင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ) တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။
ယခုရေးထိုးခဲ့သည့် သဘောတူညီမှု စာချွန်လွှာင် ဘေးအန္တရာယ် လျော့ချရေး လုပ်ငန်းများတွင် သာမက ဘေးဒုက္ခ စီမံခန့်ခွဲရေး လုပ်ငန်းများ၊ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ၊ အသင်းဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင်လည်း ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ယူနိုက်တက်စတိတ် အေဂျင်စီ (USAID) နှင့် နိုင်ငံခြား ဘေးဒုက္ခ ကူညီမှုရုံး (OFDA) တို့ ထောက်ပံ့မှုဖြင့် ''ဘေးဒုက္ခ ကျရောက်နိုင်သော ရပ်ရွာလူထု များနှင့် ကျောင်းသားလူငယ်များ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းဖြင့် ဘေးအန္တရာယ် ပိုမိုကင်းရှင်းစေရန် ဘေးဒုက္ခ အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ''စီမံချက်ကို ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အတွင်းရှိ ဒေသငါးခု၊ ကျောင်းငါးကျောင်းနှင့် ရန်ကုန်ရှိ ဗိုလ်တထောင်၊ ကျောက်တံတား မြို့နယ်များရှိ ကျောင်းငါးကျောင်းတွင် ကနဦး စတင် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံချက်၏ ရည်ရွယ်ချက်မှာ လုံခြုံဘေးကင်းမှု အားကောင်းလာခြင်းကြောင့် ဘေးဒုက္ခကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူများ အရေအတွက်ကို လျော့ချပေးနိုင်ရန်ဖြစ်ပြီး စီမံချက်ကာလမှာ ၁၈ လ ကြာမြင့်မည် ဖြစ်ကြောင်းနှင့် စီမံချက်အတွင်း အမေရိကန် ဒေါ်လာ သုံးသိန်းကျော် သုံးစွဲသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းစီမံချက်သည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မဟာဗျူဟာအရ လူထုအခြေပြု ရှေးဦးစွာ သတိပေးခြင်းနှင့် ရှေးဦးစွာ စီမံဆောင်ရွက်ခြင်း စနစ်များ မြန်မာနိုင်ငံရှိ အခြားဒေသများတွင် ပေါ်ပေါက်လာစေရန် စံပြအနေဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် စီမံချက်ဝင် နေရာဒေသများနှင့် ကျောင်းများတွင် ဘေးဒုက္ခကြောင့် ထိခိုက်အန္တရာယ် ဖြစ်မှု အနည်းဆုံး ဖြစ်စေရန်၊ ဘေးဒုက္ခ မကျရောက်မီ ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ဘေးဒုက္ခ ကျရောက်စဉ်တွင် တုံ့ပြန် ဆောင်ရွက်နိုင်ရန် နည်းလမ်းများ ရရှိသွားမည် ဖြစ်ကြောင်း သိရသည်။
EMG
Friday, September 13, 2013
Subscribe to:
Post Comments (Atom)