Saturday, September 28, 2013

လျှပ်စစ်ဓာတ်အား၊ ရေနက်ဆိပ်ကမ်း၊ စီးပွားရေးဇုန်တို့တွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများ မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ဆက်တိုက်တွေ့ဆုံ

0 comments

(ပြည်တွင်းပြည်ပ ကုမ္ပဏီများ စိတ်ဝင်စားနေသည့် ရေးမြို့နယ် ကော့ဒွတ်ကမ်းခြေ တစ်နေရာအား တွေ့ရစဉ်)

28.9.2013

ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ရေနက်ဆိပ်ကမ်း၊ စီးပွားရေးဇုန် လုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများ မွန်ပြည်နယ်အစိုးရနှင့် စက်တင်ဘာ ၂၃၊ ၂၄ နှင့် ၂၅ ရက်များတွင် ဆက်တိုက် လာရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

''စက်တင်ဘာ ၂၃ ရက်က တိုယို-ထိုင်း ကုမ္ပဏီ လာတွေ့ပါတယ်။ ပထမတစ်ခေါက် လာတုန်းက ရေးမြို့နယ် ဆိပ်ကမ်းတစ်နေရာမှာ ကျောက်မီးသွေး လာထားဖို့ပဲ။ အခုတစ်ခေါက်လာတော့ ကျောက်မီးသွေးထားတဲ့အပြင် လျှပ်စစ် ဓာတ်အားပေးစက်ရုံပါ တည် ဆောက်ဖို့ ပြောပါတယ်။ စက်တင်ဘာ ၂၄ ရက်မှာ အင်ဒိုနီးရှား PT Plan ကုမ္ပဏီက လာတယ်။ သူကလည်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဖို့ပဲ။ သူကလည်း ရေးမြို့နယ်က နှစ်နေရာကို အဆိုပြုပါတယ်။ စက်တင်ဘာ ၂၅ ရက်မှာ ဝေ (WAI) အင်တာနေရှင်နယ် ကုမ္ပဏီ လာတွေ့ပါတယ်။ နိုင်ငံတကာ ကုမ္ပဏီစုံတွေပါပြီး ရေးမြို့နယ်ထဲက ကုလားကုတ်ကျွန်း၊ လမိုင်းဒေသတွေမှာ ရေနက်ဆိပ်ကမ်း၊ စီးပွားရေးဇုန်တွေ အဆိုပြုပါတယ်။ ပြည်နယ်အနေနဲ့ ကန့်ကွက်ဖို့ မရှိပါဘူး။ မြေနေရာကတော့ ဒေသခံတွေနဲ့ စကားပြောရမှာပေါ့။ ကျောက်မီးသွေးပါလာတော့ EIA/ SIA တို့ လုပ်ရမယ်။ ရေနက်ဆိပ်ကမ်း ပါလာတော့ ဆိပ်ကမ်းအာဏာပိုင်၊ MIC တို့လည်း သွားရမှာပေါ့''ဟု ဦးနိုင်လ၀ီအောင်
 (၀န်ကြီးလျှပ်စစ် /စက်မှု) က ပြောကြားသည်။

Toyo-Thai Corporation Public ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်တွင် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် ရထားသည်ဟု သိရသည်။ မွန်ပြည်နယ်တွင် သထုံခရိုင်နှင့် မော်လမြိုင်ခရိုင်ဟု ရှိသည့်အနက် ရေးမြို့နယ်သည် မော်လမြိုင်ခရိုင်တွင် ပါဝင်ပြီး ပထ၀ီအနေအထားအရ ရှည်လျားသော ကမ်းရိုးတန်းရှိ၍ ကော့ဒွတ်ကမ်းခြေ၊ အံဒင်ကမ်းခြေ၊ ဇီးဖြူသောင်ကမ်းခြေ၊ သဲခုံကမ်းခြေ၊ ကဗျာကမ်းခြေ၊ တရုတ်ထောက်ကမ်းခြေ၊ မကျီးကမ်းခြေ၊ ဓနိကြာ
 (ဓနိသကြား)စသည့် ကမ်းခြေများ ပါဝင်ပြီး ရေနက်အားကောင်းခြင်း၊ ကျွန်းငယ်များ ပေါများခြင်း၊ လှိုင်းလေ ကွယ်ခြင်းတို့ကြောင့် ရေနက်ဆိပ်ကမ်းအတွက် အခြေအနေကောင်းများ တည်ရှိနေမှုကြောင့် ရေးမြို့နယ်တွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများ ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားမှုများကာ လာရောက် လေ့လာမှု ပြုလုပ်နေကြသည်ဟု သိရသည်။


Eleven Media Group 


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here