Tuesday, September 24, 2013

ပညာရွှေအိုး လူမခိုးနိုင်သော်လည်း

0 comments

24.9.2013

Written by - သူရိန်လှိုင်ဝင်း 

ကျွန်တော်တို့ ငယ်ငယ်က ထပ်ကာတလဲလဲ ကြားဖူးခဲ့တဲ့ ပုံပြင်လေး တစ်ပုဒ်ရှိတယ်။ ဆင်းရဲတဲ့ လူနှစ်ယောက်ကို အသပြာတစ်ထောင်ထုပ် တစ်ထုပ်နဲ့ ပညာဘယ်အရာကို ယူမလဲလို့ မေးတဲ့အခါ တစ်ယောက်က အသပြာတစ်ထောင် ထုပ်ကိုယူပြီး တစ်ယောက်ကတော့ ပညာကို ယူခဲ့တယ်။ အချိန်အနည်းငယ် အကြာမှာတော့ အသပြာတစ်ထောင်ထုပ် ယူခဲ့တဲ့သူက ငွေတွေ ကုန်သွားတဲ့အခါ အရင်လို ဘ၀မျိုးကိုပဲ ပြန်ရောက်သွားခဲ့ပြီး ပညာကို ရွေးချယ်လိုက်တဲ့ လူကတော့ သူသင်ကြား လိုက်ရတဲ့ ပညာကို အရင်းတည်ပြီး လုပ်ကိုင်တာ တစ်သက်လုံး ချမ်းချမ်းသာသာနဲ့ နေထိုင်သွားရတယ်ဆိုတဲ့ ပုံပြင်လေးပေါ့။ ပုံပြင်ရဲ့ ပေးချင်တဲ့ သင်ခန်းစာကတော့ ရိုးရိုးရှင်းရှင်းလေးပါ။ ငွေကြေး အရင်းအနှီး ဆိုတာ ကြာရှည်မခံဘူး ကုန်ခန်းသွားနိုင်တယ်။ ပညာအရင်းအနှီးကသာ တစ်သက်တာပတ်လုံး မကုန်မခန်းနိုင် သုံးစွဲနိုင်တယ်။ ပညာရွှေအိုး လူမခိုးနိုင်ဘူး ဆိုတဲ့ သဘောပါပဲ။

တကယ်တော့ ပုံပြင်တွေဟာ သင်ခန်းစာ တစ်စုံတစ်ခု ပေးနိုင်တာကလွဲရင် လက်တွေ့ဘ၀နဲ့ တစ်ထပ်တည်း ကျနိုင်ဖို့ ခဲယဉ်းလွန်းပါတယ်။ လက်တွေ့ဘ၀ထဲမှာ Open Sesame ဆိုပြီး ခိုးသားလေးဆယ်ရဲ့ ရတနာတွေ ရသွားတဲ့ အလီဘာဘာတွေ မရှိသလို၊ နမ်းလိုက်တာနဲ့ ဖားကလေးက ရွှေမင်းသမီးလေးဖြစ်ပြီး တစ်သက်တာလုံး ပျော်ရွှင်စွာ နေထိုင်သွားကြ လေသတည်း ဆိုတာမျိုးတွေလည်း မရှိပါဘူး။ ဒီလိုပဲ ငယ်ငယ်တုန်းက ကျွန်တော်တို့ ကြားဖူးခဲ့တဲ့ ပညာနဲ့ဥစ္စာ ပညာကိုသာ ရယူဖို့ သင်ခန်းစာပေးတဲ့ ပုံပြင်လေးကလည်း လက်တွေ့ဘ၀နဲ့ ကိုက်ညီဖို့ ခက်ခဲနေပြန်ပါတယ်။ ပညာနဲ့ဥစ္စာ ပညာကိုသာ ရွေးချယ်ရာလို့ ဆိုပေမယ့် ငွေအသပြာထောင်ထုပ် မရှိရင် ပညာလည်း မရနိုင်တဲ့ ခေတ်အခြေအနေမှာ ပုံပြင်ထဲကလို ဘယ်အရာကို ရွေးချယ်မလဲလို့ မေးမယ့်သူ မရှိပါဘူး။ ပညာမရှိရင် ပစ္စည်းဥစ္စာဆိုတာ မတည်မြဲနိုင်တာ မှန်ပေမယ့် ဥစ္စာမရှိဘဲနဲ့လည်း ပညာရနိုင်ဖို့ဆိုတာ ခက်ခဲနေပြန်တယ်။ လက်တွေ့ ဘ၀မှာတော့ ပညာဆိုတာ ရွှေအိုးကြီးတစ်လုံးလို့ တင်စားမယ်ဆိုရင် ရွှေအိုးကြီး ဖြစ်လာနိုင်ဖို့အတွက် ပေးဆပ်ရတဲ့ ရွှေအိုးလေးတွေရဲ့ အရင်းအနှီးကလည်း မနည်းလှတဲ့အတွက် ပညာရွှေအိုးဆိုတာ လူတိုင်းပိုင်ဆိုင်ခွင့် ရနိုင်တဲ့ အရာတစ်ခု ဖြစ်မလာ နိုင်တော့ပါဘူး။

စားဝတ်နေရေးဆိုတဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ လမ်းပေါ်မှာ ရုန်းကန်နေရတဲ့ သူတွေအတွက် ပညာသင်ကြား နိုင်ရေးဆိုတာ ထိပ်တန်းဦးစားပေး အရာတစ်ခုအဖြစ် မသတ်မှတ်နိုင်ကြဘူး။ တစ်နေ့စာ တစ်နေ့စားသောက်ရဖို့ အနိုင်နိုင် ကြိုးစားနေရသူတွေ၊ ကျောတစ်ခင်းစာ နေရာကြောင့် မောပန်းနေရသူတွေ၊ ချမ်းအေးနေချိန်မှာ ၀တ်စရာ အ၀တ်လေး တစ်စုံရှိဖို့ ပင်ပန်းနေရတဲ့ သူတွေအတွက် ပညာသင်ကြားဖို့ ဆိုတာက အပြော လွယ်သလောက် အလုပ်ခက်လွန်းနေတယ်။ တကယ်တော့ သုံးမကုန် စွဲမကုန် ပညာဆိုတဲ့ ရွှေအိုးကြီးက ငွေကြေးချို့တဲ့ သူတွေအတွက်တော့ အလှမ်းဝေးလွန်းတဲ့ အဖိုးတန်ပစ္စည်း တစ်ခုဖြစ်နေပါတယ်။

ပညာကို ရွှေအိုးကြီးအဖြစ် တင်စားတာ မမှားပါဘူး။ ဆင်းရဲမွဲတေခြင်းက လွတ်မြောက်နိုင်ဖို့အတွက် တစ်ခုတည်းသော ထွက်ပေါက်ဟာ ပညာတတ်မြောက် နိုင်ခြင်းပါ။ ဒါပေမဲ့ နေ့စဉ်ရှင်သန် လှုပ်ရှားနိုင်ဖို့အတွက် ကြိုးစားရုန်းကန် နေရတဲ့အတွက် ပညာသင်ကြားခွင့်မရ။ ဒီလိုပညာ သင်ကြားခွင့်မရတဲ့ အတွက်ကြောင့်ပဲ ဆင်းရဲမွဲတေတဲ့ ဘ၀ထဲက ရုန်းမထွက်နိုင်ဘဲ ထပ်ကာထပ်ကာ သံသရာ လည်ရတယ်။ ဒီအခါ ဆင်းရဲနွမ်းပါးသူ တစ်ယောက်အဖြစ် မွေးဖွားလာတဲ့သူဟာ ဆင်းရဲနွမ်းပါးသူ အဖြစ်နဲ့ပဲ သေဆုံးရဖို့ များနေပြီး အလွန့်အလွန် ရှားပါးလွန်းတဲ့ အခြေအနေတွေမှာသာ တစ်ယောက်စ နှစ်ယောက်စ ရုန်းထွက်နိုင်လေ့ရှိတယ်။ လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်ဟာ အဲဒီလူရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်း လုပ်ချင်ကိုင်ချင်စိတ်နဲ့ အခွင့်အရေးဆိုတဲ့ အရာသုံးခုကို မြှောက်ပြီးတွက်ချက် ရတယ်လို့ ဆိုပါတယ်။ ဒီတွက်ချက်မှု အရဆိုရင်တော့ လုပ်နိုင်ကိုင်နိုင်စွမ်းရော လုပ်ချင်ကိုင်ချင်စိတ်ရော ဘယ်လိုပဲ ရှိနေပါစေ အခွင့်အရေးဆိုတဲ့ အရာမှာသာ သုညဖြစ်နေခဲ့ရင် လူတစ်ယောက်ရဲ့ လုပ်ဆောင်မှုကလည်း သုညဖြစ်နေရတယ်။ ဒီလိုဆိုရင် ပညာသင်ကြား နိုင်ခွင့်ဆိုတဲ့ အခွင့်အရေးကိုမှ မရနိုင်တဲ့ သူတစ်ယောက်အတွက် ဆင်းရဲမွဲတေမှု ၀ဲဂယက်ထဲက လွတ်မြောက် နိုင်ဖို့ဆိုတာ မဖြစ်နိုင် သလောက်ပါဘဲ။

မျှတမှုမရှိတဲ့ လောကကြီးမှာ လူတိုင်းဟာ အခွင့်အရေး တန်းတူမရနိုင်ဘူး။ ချမ်းသာတဲ့သူတွေ ထားစရာ မရှိအောင် ချမ်းသာနေပေမယ့် ကုန်းကောက်စရာမှ မရှိအောင် ဆင်းရဲသူတွေလည်း အများအပြားပါ။ ဒါပေမဲ့ ၀မ်းနည်းစရာ ကောင်းတာက ငွေကြေးဥစ္စာ ကွာခြားမှုကပဲ ပညာသင်ကြား ရနိုင်ဖို့ အခွင့်အရေးကို ထပ်မံပိုင်းခြား ထားပြန်တဲ့ အခါမှာတော့ ချို့တဲ့နွမ်းပါးသူတွေအတွက် မျှော်လင့်ချက်ဆိုတာ နည်းလွန်းပါတယ်။ တတ်နိုင်သူတွေက နိုင်ငံတွင်းမှာသာ မဟုတ်ဘဲ ပညာရေး အဆင့်အတန်း အမြင့်ဆုံးဆိုတဲ့ နိုင်ငံတွေမှာ မတောင့်မတ သင်ကြားနေကြပြီး ပိုပိုမြင့်တဲ့ ဘ၀လမ်းကို လျှောက်လှမ်းနေရချိန် အမိုးမလုံ အကာမလုံတဲ့ ရပ်ကွက်ထဲက ယိုင်နဲ့နဲ့ စာသင်ကျောင်းလေးမှာတောင် မတတ်နိုင်လို့ ဆင်းရဲမွဲတေမှု တွင်းနက်ထဲမှာ ဘ၀ကိုစပြီး ဆင်းရဲမွဲတေမှု တွင်းနက်ထဲမှာပဲ ဘ၀အဆုံးသတ် သွားကြရသူတွေ ဒုနဲ့ဒေးပါ။ နောက်ဆုံးတော့ အရင်ကကြားဖူးတဲ့ ပုံပြင်လေးလို ပညာနဲ့ဥစ္စာ ဘယ်ဟာကို ရွေးချယ်မလဲလို့ ရွေးချယ်ဖို့ အခွင့်အရေးတောင် မရှိတဲ့ ဘ၀တွေအတွက် ပညာရွှေအိုးဆိုတာ လူမခိုးပေမယ့် ရနိုင်ဖို့တော့လည်း အင်မတန် ခက်တဲ့အရာတစ်ခု ဖြစ်နေဆဲပါပဲ။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here