Sunday, September 29, 2013

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဖြတ်သန်းရာ တောင်သာဒေသတွင် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ မရရှိသေး

0 comments



29.9.2013

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ ဒေသများတွင် သဘာဝဓာတ်ငွေ့ ပို့လွှတ်နေပြီ ဖြစ်သော်လည်း ကျေးလက်နေ ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

"စီမံကိန်း စတင်ပြုလုပ် တုန်းကတော့ ရွာမှာစာကြည့်တိုက် ပြုလုပ်ပေးမယ် ပြောပါတယ်။ ရွာမှရှိတဲ့ စာသင်ကျောင်းကိုလည်း လိုအပ်တဲ့ နေရာတွေမှာ အကူအညီတွေ ပေးမယ်လို့ ပြောခဲ့ပါတယ်။ သောက်သုံးရေအတွက် ရေရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အခုထိတော့ ဘာမှဆောင်ရွက်ပေးခြင်း မရှိသေးပါဘူး" ဟု သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ တောင်သာမြို့နယ် နဘဲကန် ကျေးရွာမှ ဦးစံငွေက ပြောကြားသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့အား ကျောက်ဖြူမှ တရုတ်နိုင်ငံသို့ ဇူလိုင်လမှစ၍ နေ့စဉ်ပို့လွှတ်ခဲ့ရာ သုံးလခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း ဒေသခံများအပေါ် လိုအပ်သော စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။

ထို့အတူ သဘာဝဓာတ်ငွေ့ ဖြတ်သန်းရာ ဒေသရှိ လယ်ဂျိုင်းကျေးရွာမှ တောင်သူတစ်ဦးကလည်း "ပိုက်လိုင်းက ဓာတ်ငွေ့လွှတ်နေပါပြီ။ သုံးလလောက် ရှိပြီထင်ပါတယ်။ ဒေသခံ ရွာသားတစ်ဦးကို နေ့စားအလုပ်နဲ့ ပိုက်လိုင်းတစ်လျှောက် လမ်းလျှောက်ခိုင်းတာ တွေ့ရပါတယ်။ ဓာတ်ငွေ့ယိုစိမ့်ပြီး အန္တရာယ်ဖြစ်မှာ စိုးတဲ့အတွက် အမြဲသတိထားနေ ရပါတယ်" ဟု ဆိုသည်။

အဆိုပါ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ဓာတ်ငွေ့ပို့လွှတ်ခြင်းကို ဇူလိုင် ၁ ရက်က စတင်ပို့လွှတ်ခဲ့ပြီးနောက် ချို့ယွင်းမှုများကြောင့် သတ်မှတ်ရက်တွင် ပို့လွှတ်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။ ထိုနောက်မှ ပြန်လည်ပို့လွှတ်ခဲ့ရာ နှစ်လကျော် ကြာသည်အထိ ပိုက်လိုင်းဖြတ်သန်းရာ ဒေသများသို့ အသိပညာပေးခြင်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ခြင်း မရှိသေးဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here