Monday, September 30, 2013

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး ဆွေးနွေးချက် လွှတ်တော်နှင့် သမ္မတတို့ကို တင်ပြမည်ဟု သူရဦးရွှေမန်းဆို

0 comments

30.9.2013

မြန်မာနိုင်ငံ၏ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ရခိုင်ပြည်သူလူထုက တင်ပြသည့် အချက်များကို နိုင်ငံတော်သမ္မတ၊ လွှတ်တော်များနှင့် ပြည်နယ် အစိုးရ အဖွဲ့များကို တင်ပြကာ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့တော်ရှိ International Business Centre (IBC) တွင် ပြုလုပ်သည့် ရခိုင်လူထုနှင့် တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ်များက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးနှုန်း သက်သာစွာဖြင့် လျှပ်စစ်မီး အချိန်ပြည့် ရရှိရေး၊ လုပ်သားအများစု အလုပ်ဖန်တီးပေးနိုင်သည့် စက်မှုလက်မှု လုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး၊ ဟိုတယ်ဇုန် လုပ်ငန်းများ၊ ခရီးသွားနှင့် အပန်းဖြေစခန်းများ ဖော်ဆောင်ပေးရေး၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ပေးရေး၊ လူငယ်စွမ်းရည် မြှင့်တင်ရေး၊ လယ်ယာမြေနှင့် ရေလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ လုံခြုံ ရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး စသည့်ကိစ္စများကို တင်ပြခဲ့ကြသည်။

ရခိုင်ပြည်နယ် ကိုယ်စားပြု ကိုယ်စားလှယ် ရှစ်ဦးတင်ပြမှုနှင့် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်မှ ကိုယ်စားလှယ်များ၏ တင်ပြချက်များကို လာမည့် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြမည် ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုလည်း တင်ပြသွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် လွှတ်တော်နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့များကိုလည်း တင်ပြသွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။
“အချို့ကိစ္စတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် လွှတ်တော်နဲ့ ရခိုင်လူထု ပေါင်းလုပ်ရမယ်။ အချို့ကိစ္စတွေကို ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ ပူးပေါင်းလုပ်ရမယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။
“လျှပ်စစ်မီးရရှိရင် စက်မှုလုပ်ငန်းတွေ အကောင်အထည် ဖော်နိုင်မယ်။ အလုပ်အကိုင်တွေ ဖန်တီးနိုင်မယ်။ လူနေမှုဘဝတွေ တိုးတက်လာမယ်။ လျှပ်စစ်မီးရတာနဲ့ ဆင့်ကဲ့ဆင့်ကဲ လုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်” ဟု ရခိုင်ပြည်နယ် ကိုယ်စားပြု တင်ပြခဲ့သူ ဦးသန်းရွှေက ပြောကြားသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်မြေ လုံခြုံရေးမှာ အဓိက အရေးပါကြောင်း ရခိုင်ပြည်နယ် ကိုယ်စားလှယ်များ အဓိက အလေးပေး တင်ပြခဲ့ကြသည်။

ရခိုင်ပြည်နယ် ကိုယ်စားလှယ်များ၏ တင်ပြချက် အချို့သည့် ရခိုင်ပြည်နယ်သာမက ပြည်ထောင်စုတစ်ခုလုံး လိုအပ်ချက် ဖြစ်နေသဖြင့် တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် Master Plan ရေးဆွဲရာတွင် ထည့်သွင်းကာ အကောင်အထည် ဖော်ရမည် ဖြစ်ကြောင်း ဦးရွှေမန်းက ဆိုသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး မိသားစု တွေ့ဆုံပွဲကို သူရဦးရွှေမန်း အပါအဝင် လွှတ်တော် အသီးသီးမှ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်မှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် လူဦးရေ ၇၀၀ ဝန်းကျင် တက်ရောက်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် မိသားစုတစ်စု၏ တစ်လဝင်ငွေမှာ ၄၂၀၀၀ ကျပ် (လူတစ်ဦး၏ တစ်နေ့ ဝင်ငွေ ၂၃၃ ကျပ်) ဝန်းကျင် ရှိပြီး မိသားစု တစ်စုလျှင် ပျမ်းမျှ ၆ ဦး ရှိကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် သဘာဝ သယံဇာတ၊ ရှေးဟောင်း အမွေအနှစ်များ၊ ရေအရင်းအမြစ်နှင့် ရေထွက်ပစ္စည်းများ ကြွယ်ဝမှု၊ လုပ်သားအင်အား လုံလောက်မှုနှင့် လုပ်ခ သက်သာမှု၊ ပင်လယ်ထွက်ပေါက် အခွင့်အလမ်း၊ ပထဝီ တည်နေရာ အရေးပါသည့် နေရာတွင် တည်ရှိနေသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ ခေတ်မီ ဖွံ့ဖြိုးသည့် နည်းပညာများ အသုံးမပြုနိုင်မှု၊ လျှပ်စစ်မရရှိမှု၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးမှု နည်းပါးသဖြင့် စီးပွားရေး နိမ့်ကျ နေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here