Monday, September 30, 2013

ဒေသလုံခြုံရေးအားနည်းသဖြင့် ပြည်သူ့စစ်များ ဖွဲ့ပေးရန် ရခိုင်အဖွဲ့အစည်းများ သူရဦးရွှေမန်းထံ တင်ပြ

0 comments
Monday, September 30, 2013

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ရခိုင်ပြည်နယ်၁၇မြို့နယ်မှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ရခိုင်ဒေသ၌ နယ်မြေလုံခြုံရေးအားနည်းသောကြောင့် တပ်မတော်အောက်တွင် ပြည်သူ့စစ်များ ဖွဲ့စည်းပေးရန် အဓိက တင်ပြခဲ့သည်။

တွေ့ဆုံပွဲ၌ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်ပြည်နယ်၏ ပထ၀ီနိုင်ငံရေး၊ လူမှုရေးနှင့် နယ်စပ်လုံခြုံရေးကိစ္စများကို တင်ပြခဲ့ပြီး န.စ.က ဂိတ်များ ဖျက်သိမ်းပြီးနောက်ပိုင်း နယ်မြေမ တည်ငြိမ်မှုများ အခြေအနေများကို တင်ပြခဲ့သည်။

နစကဌာနကို ဇူလိုင် ၁၂ရက်က အစိုးရက ဖျက်သိမ်းလိုက်ခြင်းဖြစ်ပြီး ၎င်းတို့၏နေရာတွင် ရဲများကိုအစား ထိုးလုံခြုံရေး ချထားခဲ့သည်။

“ရခိုင်ပြည်နယ် လုံခြုံရေးအတွက် နိုင်ငံတော်အစိုးရနဲ့ ရခိုင်ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါ တယ်။ မြို့နယ် အသီးသီးမှာ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ ရခိုင် တိုင်းရင်းသားတွေကို ယုံကြည်ပါ။ ကျွန်တော်တို့ကို တာဝန်ပေးပါ”ဟု ဦးဇော်အေးမောင်က ပြောကြားခဲ့ သည်။

အလားတူ မောင်တောမြို့နယ် ကိုယ်စားလှယ်အဖြစ် တက်ရောက်သော ဦးအောင်ကျော်ညွန့်ကလည်း ရခိုင်ပြည်နယ် တွင် တရားဥပဒေစိုးမိုးရေနှင့် တည်ငြိမ်ရေး ပျက်ပြားလျက်ရှိခြင်း၊ ခိုးမှု၊ တိုက်မှု၊ လုယက်မှုများ မကြာခဏ ဖြစ်ပွား
နေခြင်းနှင့် လုံခြုံရေးအင်အား နည်းနေခြင်းကြောင့် ပြည်သူ့စစ် ဖွဲ့စည်းပေးရန် လိုအပ်ကြောင်း တင်ပြခဲ့သည်။

တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မောင်တောမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်မှ ကိုယ်စားလှယ်များက ပြည်သူ့စစ် ဖွဲ့ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာသော ကိုယ်စားလှယ်အားလုံးက နယ်မြေလုံခြုံရေးနှင့် ပတ်သက်သည့် အားနည်းချက်များကို တင်ပြကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ကျွန်တော့်အနေနဲ့ အခုတင်ပြချက်တွေကို နိုင်ငံတော် သမ္မတနဲ့ တကွ လွှတ်တော်အားလုံးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့ စတာတွေကို တင်ပြသွားပါမယ်” ဟု ပြန် လည် ပြောကြားခဲ့သည်။

ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍လည်း လျှပ်စစ်မီတာခ ငါးရာနှင့်အထက် ကြီးမြင့်မှုကြောင့် ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် လျှပ်စစ်မီတာ ဈေးနှုန်းချိုသာစွာ ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူငယ်ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ လိုအပ်နေမှု စသည်တို့ကို တင်ပြခဲ့သည်။

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ၅၀၀ ကောက်ခံနေခြင်းအား ချက်ချင်း ပြန်လည် ကျဆင်းနိုင်ရန်မှာ မလွယ်ကူကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက စက်တင်ဘာ ၁၆ ရက်က စစ်တွေမြို့တွင် ဒေသ အာဏာပိုင်များနှင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သေးသည်။

“ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး မိသားစု တွေ့ဆုံပွဲ”အမည်ဖြင့် သူရဦးရွှေမန်းနှင့် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ အဖွဲ့အစည်း များ ပထမဆုံးအကြိမ် တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၉ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ စီးပွားရေး ဗဟိုခန်းမ (IBC) တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုတွေ့ဆုံပွဲကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက စတင်ဖိတ်ကြား ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် မြို့နယ်တစ်ခုမှ ကိုယ်စားလှယ် သုံးဦး တက်ရောက်ခဲ့သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here