Friday, December 6, 2013
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဟန့်အတားများ
Categories :
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ၏ ကုန်သွယ်မှု တိုးတက်နေသော်လည်း ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် လုပ်ထုံးလုပ်နည်းပိုင်း ဆိုင်ရာများနှင့် ပတ်သက်၍ စိုးရိမ်နေရဆဲ ဖြစ်ကြောင်း၊ ထို့အတွက် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၅ ခုနှစ် သီလ၀ါစက်မှုဇုန် အကောင်အထည် ပေါ်လာမှုအပေါ် များစွာမူတည် နေကြောင်း ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၀န်ကြီး မစ္စတာရာချီဟီကို အီဆိုဟာကီက နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် ကျင်းပခဲ့သော သီလ၀ါအထူး စီးပွားရေးဇုန်အပိုင်း (က) ဖွင့်ပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။
''နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နိုင်ဖို့ ဂျပန်လုပ်ငန်းရှင်တွေကလည်း စိတ်ဝင်စားပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလည်း လုပ်ငန်းရှင် တော်တော်များများက စိတ်ဝင်စားကြပါတယ်။ ဒီလိုစိတ်ဝင်စားကြ ပေမယ့်လည်း ချီတုံချတုံ ဖြစ်နေတဲ့ အပိုင်းလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းပိုင်း ဆိုင်ရာတွေကို စိုးရိမ်ပူပန် မှုတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နောက်ပိုင်းမှာ ထပ်ဝင်လာ မလာဘူး ဆိုတာကတော့ သီလ၀ါရဲ့ အောင်မြင်မှုအပေါ် အများကြီး မူတည်နေပါတယ်'' ဟု ဂျပန်ဝန်ကြီးက ပြောကြားခဲ့သည်။
World Bank ၏ လေ့လာဆန်းစစ်ချက် စာတမ်းတစ်ရပ်တွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) အပေါ် လွှမ်းမိုးကြီးစိုးသော အကြောင်းခြင်းရာ အမျိုးမျိုးရှိကြောင်း ဖော်ပြထားရာ ယင်းတွင် နိုင်ငံရေးအန္တရာယ်၊ လုပ်ငန်းဆိုင်ရာ အခြေအနေရပ်များနှင့် မက်ခရိုစီးပွားရေး ကိန်းရှင်များ ပါဝင်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ FDI များ ၀င်ရောက်စီးဆင်းမှုအပေါ် အဓိကသြဇာ သက်ရောက်သည်ဟု ဆိုသည်။
ပထမအချက် ဖြစ်သော နိုင်ငံရေး အန္တရာယ်သည် FDI အပေါ် လွှမ်းမိုးကြီးစိုးသည့် အရေးပါသော အကြောင်းခြင်းရာ ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ နိုင်ငံ၏ သမိုင်းကြောင်း ကောင်းမှုက FDI စီးဆင်းမှုကို ဆွဲဆောင်နိုင်သည်။ သမိုင်းကြောင်းအရ ဆွဲဆောင်နိုင်မှု မရှိသော နိုင်ငံများ အနေဖြင့် လူမှုရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုရရှိရန် အလွန်အရေးကြီးပြီး တည်ငြိမ်မှု မရှိပါက FDI အပေါ် မကောင်းသော အကျိုးသက်ရောက်မှုသာ ဖြစ်စေလိမ့်မည်။
ဒုတိယ အချက်ဖြစ်သော လုပ်ငန်းဆိုင်ရာ အခြေအနေရပ်များ သည်လည်း FDI အတွက် အရေးပါသည်။ နိုင်ငံတစ်နိုင်ငံ အနေဖြင့် နိုင်ငံတကာ အရောင်းအ၀ယ် လုပ်ငန်းများအပေါ် အခွန်ကောက်ခံမှုနှင့် FDI စီးဆင်းမှုအပေါ် အခွန်ကောက်ခံမှုတို့အကြား အပြုသဘောဆောင်သော ဆက်စပ်မှုရှိရန် လိုသည်။ တတိယ အချက်အားဖြင့် အထွေထွေ သဘောအရ ထွက်ကုန်တင်ပို့ခြင်းနှင့် အထူးသဖြင့် ပို့ကုန်ထုတ်လုပ်ခြင်း တို့သည် FDI အတွက် အရေးကြီးပြန်သည်။ နိုင်ငံခြား ပို့ကုန်အပေါ် အခြေပြုမှုသည် FDI ကို ဆွဲဆောင်ရန် နိုင်ငံတစ်နိုင်ငံအတွက် အဘယ့်ကြောင့် အရေးကြီးသနည်း ဆိုသည်ကို ရှင်းပြရန် အားအကောင်းဆုံး ကိန်းရှင်လည်းဖြစ်သည်။
International Business and Cultural Studies ဂျာနယ်တွင် ဖော်ပြထားမှုအရ ပို့ကုန်ဖွံ့ဖြိုးမှုအပေါ် သက်ရောက်သည့် အတွေ့ရ အများဆုံး အဟန့်အတားများမှာ အခြေခံအရင်းအမြစ် ချို့တဲ့မှု၊ အသိပညာဆိုင်ရာ ချို့တဲ့မှု၊ လာဘ်စားမှု၊ ပို့ကုန်အတွက် အထောက်အကူများ ချို့တဲ့မှုနှင့် အခြေခံ အဆောက်အအုံ ချို့တဲ့မှုတို့ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် FDI စီးဆင်းမှုကို ဆွဲဆောင်နိုင်ရန် အတွက် ပြုပြင်ပြောင်းလဲမှု များစွာနှင့် ပြင်ဆင်မှုများစွာ လိုအပ်ပါကြောင်း The Daily Eleven က ရေးသားအပ်ပါသည်။
EMG အယ်ဒီတာ အာဘော်
Subscribe to:
Post Comments (Atom)