Tuesday, September 24, 2013

အပြောင်းအလဲ (Change)

0 comments

                    ရန်ကုန်မြို့ရှိ အခြေခံ လူတန်းစား အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ) အောင်မျိုးသန့်

24.9.2013

Written by - ဒါက်တာအောင်ကိုကို (စီးပွားရေးပညာ/ စီးပွားရေးပေါ်လစီ) 

ယခု ၁၀ စုနှစ်အတွင်းတွင် ကမ္ဘာ့နိုင်ငံ အများအပြားတွင် အပြောင်းအလဲ (Change) ဟူ၍ လည်းကောင်း၊ မှန်မှန်ကန်ကန် အပြောင်းအလဲ မပြုလုပ်နိုင်လျှင် အပြောင်းအလဲ ပြုလုပ်ခံရမည့် (Change or Be-changed) ဟူ၍လည်းကောင်း ပြောဆိုလာကြပေသည်။

အပြောင်းအလဲ Change ကို အဘယ့်ကြောင့် တောင်းဆိုလာကြ သနည်းဆိုသည်နှင့် အပြောင်းအလဲကို လိုလားသူများနှင့် အပြောင်းအလဲကို မလိုလား သူများမှာ မည်သူများ ဖြစ်နိုင်သနည်း ဆိုသည်ကလည်း လူမှုစီးပွား လေ့လာသူများက လူမှုသိပံ္ပနယ်ပယ် အသီးသီးတွင် လေ့လာကြပေသည်။

လူသားတို့မည်သည် သွေးအုပ်စု (Blood type) ကွဲပြားသည်ဖြစ်စေ၊ လူမျိုးဘာသာ ကွဲပြားသည်ဖြစ်စေ အခြေခံအားဖြင့် မွေးကင်းစ အရွယ်မှစ၍ အပြောင်းအလဲကို လိုလားသူများ ဖြစ်ကြသည် ဆိုသည်ကို ဂရုပြု တွေ့မြင်နိုင်သည်။ သို့သော် မိမိနိုင်ငံ မိမိပတ်ဝန်းကျင်က အခြားသော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လွန်စွာနောက်ကျ ကျန်ရစ်ခဲ့ရခြင်းမှာလည်း အပြောင်းအလဲများကို မလုပ်နိုင်ခဲ့ခြင်းနှင့် မလုပ်ချင်လိုစိတ် ရှိခဲ့ခြင်းတို့ကြောင့် ဖြစ်ပေါ်ခဲ့သည် ဆိုသည်ကို ပိုမိုသိမြင် လာသောအခါတွင် အပြောင်းအလဲကို ပိုမိုလိုလား တောင့်တမှုများ ပြုလုပ်လာကြသည်ကို မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းတွင် တွေ့မြင်နိုင်သည်။

ဤသို့ဆိုလျှင် အပြောင်းအလဲကို လိုလားသော သူများနှင့် အပြောင်းအလဲကို မလိုလားသော သူများအကြားတွင် ဖြစ်ပေါ်လာသော ၀ိရောဓိများနှင့် ငြင်းခုံမှုများကို လေ့လာရန် လိုအပ်သလို အပြောင်းအလဲကို လိုလားသူများက ဖြစ်စေလိုသော အပြောင်းအလဲများနှင့် အပြောင်းအလဲကို မလိုလားသော သူများက ဖြစ်စေလိုသော အပြောင်းအလဲများ၏ သဘော သဘာဝ များကိုလည်း သိရှိသဘောပေါက်ရန် လိုအပ်သည်။

အမှန်မှာ အပြောင်းအလဲကို တောင်းဆို ခြင်းသည် လူတိုင်းလူတိုင်း၏ မွေးရာပါ ဗီဇသဘော တရားအရ အချိန်သီအိုရီ သဘောတရား (Time Theory Concepts) များအရ ဖြစ်တည်ခြင်းသာ ဖြစ်ပြီး မည်သည့်ပယောဂ မည်သည့် လှုံ့ဆော်မှုများ၏ သဘောတရားအရ ဖြစ်တည် သန္ဓေတည်ခြင်း မဟုတ်တတ်ပေ။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်တို့သည် လူသားတို့ကို အုပ်ချုပ်ရာတွင် မိမိသဘော ဆန္ဒအလျောက် ဖြစ်တည်လာသော လူသားတို့၏ ဗီဇစိတ်ဓာတ်တို့ကို သိရှိနားလည် ထားရလေ့ရှိပြီး ယင်းလူသားတို့ကို အခြေပြု တည်ဆောက်ထားသော နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဘက်စုံထောင့်စုံမှ ပုံဖော်ပေးခြင်း တစ်နည်းအားဖြင့် အပြောင်းအလဲများကို ပုံဖော်ပေးခြင်းတည်းဟူသော အုပ်ချုပ်မှု အတတ်ပညာကို စူးစူးစိုက်စိုက် ၀ီရိယ ထုတ်ကြခြင်းပင် ဖြစ်သည်။

တစ်နည်းအားဖြင့် အပြောင်းအလဲများကို နှစ်ပေါင်းများစွာ မသိကျိုးကျွန် ပြုခဲ့ခြင်း သို့မဟုတ် အပြောင်းအလဲကို လိုလားသူများက အဘယ့်ကြောင့် အပြောင်းအလဲကို လိုလားတောင့်တ သနည်း ဆိုသည်ကို သေသေချာချာ သရုပ်မခွဲနိုင်လျှင် ယင်းအခြေအနေသည် တစ်ချိန်မဟုတ် တစ်ချိန်တွင် ''အမှိုက်ကစ ပြာသာဒ်မီးလောင်'' ဟူသော အဖြစ်အပျက်မျိုး တစ်နည်းအားဖြင့် ''အပြောင်းအလဲ ပြုလုပ်ခံရခြင်း'' မျိုးများလည်း ဖြစ်သွား ခဲ့ရပေသည်။

ထို့ကြောင့် စီးပွားရေး တည်ငြိမ်မှု (Economic Stability) သည် လူမှုစီးပွား တစ်ရပ်လုံး၏ တည်ငြိမ်မှု (Overall Socio-economic Stability) တွင် အရေးပါသလို ယင်းစီးပွားရေး တည်ငြိမ်မှုနှင့် ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (Longterm Sustainable Econo-mic Development) တို့ အကြားတွင် အပြန်အလှန် အားကောင်းခိုင်မာစွာ အထောက်အပံ့ ပြုပေးစေမည့် နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍများတွင် အပြောင်းအလဲများ ပြုလုပ်ပေးရလေ့ ရှိသည်။

အပြောင်းအလဲများ (Change) ကိုပြုလုပ်ပေးခြင်းသည် ယင်းနိုင်ငံ၏ လိုအပ်ချက်များအပေါ် အခြေခံ ပြောင်းလဲပေးရမည် ဖြစ်သလို ယင်းသို့ ပြောင်းလဲခြင်းများကို တစ်နည်းအားဖြင့် ပြုပြင်ပြောင်းလဲခြင်းများ (Reforms) ဟုလည်း ခေါ်ဆိုနိုင်ပေလိမ့်မည်။ ဤတွင် ပြုပြင်ပြောင်းလဲခြင်း (Reform) နှင့် ပြုပြင်မွမ်းမံခြင်း (Renovation) ဟူသည် ကွဲပြားပေသည်။

ပြုပြင်ပြောင်းလဲ မှုများဟူသည် အိုနွမ်းဆွေးမြည့်နေသော အိမ်ဟောင်းကြီး တစ်လုံးကို လိုအပ်သလို ပြန်လည် တည်ဆောက်ပြုပြင်မှု များဖြစ်ပြီး ပြုပြင်မွမ်းမံမှုများ ဟူသည် ယင်းအိမ်ဟောင်းကြီး၏ အမိုးဖာခြင်း၊ တံခါးရွက်လဲခြင်းနှင့် တူသည်ဟု ထင်သည်။

ဆိုလိုသည်မှာ ပြုပြင်ပြောင်းလဲမှုများ (Reforms) ကို အချိန်နှင့်အမျှ လိုအပ်သလို ပြုလုပ်ခြင်းသည် အပြောင်းအလဲများ (Change) ကို ဦးဆောင်ခြင်းနှင့် တူညီသလို ပြုပြင်ပြောင်းလဲ မှုများကို မျက်ကွယ် ပြုခြင်းသည် အပြောင်းအလဲများကို ဦးဆောင် အခံရခြင်းနှင့် တူညီပေလိမ့်မည်။

အမှန်မှာ ယနေ့ကမ္ဘာ့ ဖွံ့ဖြိုးပြီး နိုင်ငံများသည် ယင်းကဲ့သို့သော အပြောင်းအလဲများကို တစိုက်မတ်မတ် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းသို့ အပြောင်းအလဲများကို မှန်မှန်ပြုလုပ် သွားခြင်းသည် တစ်နည်းအားဖြင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွား (အိမ်ထောင်စုအားလုံး အကျိုးစီးပွား) နှင့် တစ်မျိုးသားလုံး၏ လုံခြုံရေး
 (အိမ်ထောင်စု အားလုံး၏ လုံခြုံရေး) ကို မြှင့်တင် အားကောင်းစေပါသည်။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here