Wednesday, September 25, 2013

HIV/AIDS ဝေဒနာ ရှင်များအတွက် ART စင်တာအသစ်များ တိုးချဲ့ကာ ၂၀၁၆ ခုနှစ်တွင် ဆေးဝါး လိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းအထိ ပေးရန်လျာထား

0 comments


     အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်မှု ပေးနေသည့် နေရာတွင် ဆေးကုသမှု ခံယူနေသူ များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)       

25.9.2013

အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် အေအာတီ စင်တာသစ်များ တိုးချဲ့ ပေးမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဆေးဝါးလိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းအထိ ပေးရန် လျာထားကြောင်း ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ သိရသည်။

လက်ရှိ အေအာတီဆေးဝါး လိုအပ်နေသည့် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအနက် ၆၀၀၀၀ ကျော် (၄၈ ဒသမ ၅ ရာခိုင်နှုန်း)ကို ဆေးပေးလျက်ရှိပြီး လာမည့် ၂၀၁၆ ခုနှစ်တွင် ဝေဒနာရှင် တစ်သိန်းကျော် (၈၅ ရာခိုင်နှုန်း)အထိ တိုးမြှင့်ပေးသွားရန် လျာထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက်မှုများအရ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်ပေါင်း ၁၂၀၀၀၀ ကျော်ခန့် ရှိသည်။

ထို့ပြင် ဝေဒနာရှင်များအတွက် အေအာတီ စင်တာသစ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးချဲ့ သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၅ အထိ အစိုးရ ဆေးရုံကြီး ၁၇ ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ ဆေးခန်းခုနှစ်ခုတို့တွင် အေအာတီ စင်တာ အသစ်များ တိုးချဲ့သွားမည် ဖြစ်သည်။

ယင်းအေအာတီ စင်တာများတွင် ခြောက်လမှ တစ်နှစ်အထိ အေအာတီဆေးဝါးဖြင့် ကုသမှု ခံယူပြီးသော လူနာများအား မြို့နယ်အဆင့် Decentralized ART sites များသို့ လွှဲပြောင်းပေးပြီး ဆက်လက်ကုသမှု ခံယူစေမည် ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း Decentralized ART sites ၃၀ အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ၁၀၁ ခုအထိ တိုးချဲ့ရန် လျာထားကြောင်း သိရသည်။

အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား အေအာတီ ဆေးဝါးဖြင့် ကုသပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံ အထူးကုဆေးရုံ အေအာတီစင်တာကို ၂၀၀၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ပထမလေးလအထိ ရရှိထားသည့် စာရင်းများအရ ကလေးလူနာ ၄၁၁ ဦး အပါအ၀င် ဝေဒနာရှင် စုစုပေါင်း ၃၈၄၁ ဦးအား အေအာ တီဆေးဝါးများ ထောက်ပံ့ပေး လျက်ရှိကြောင်း သိရသည်။      

Credit to >Eleven Media Group< Thanks         



Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here