Thursday, September 26, 2013

နမ့်စန်မြို့နယ်အတွင်းရှိ စာသင်ကျောင်းနှစ်ကျောင်း၌ နိုင်ငံတော်အလံ မလွှင့်ထူရန် RCSS/SSA အဖွဲ့မှ အရာရှိ တစ်ဦး ခြိမ်းခြောက်တားမြစ်ခဲ့

0 comments


26.9.2013

လွယ်လင်ခရိုင်၊ နမ့်စန်မြို့နယ် နမ့်မိုကျေးရွာနှင့် ဆမ်ခါကျေးရွာရှိ စာသင်ကျောင်းများ၌ နိုင်ငံတော်အလံ မတင်ရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA အဖွဲ့မှ အရာရှိ တစ်ဦးက စက်တင်ဘာ ၂၄ ရက်နေ့တွင် ယင်းစာသင်ကျောင်းများသို့ လာရောက်ခြိမ်းခြောက် တားမြစ်  ခဲ့ကြောင်း ဒေသခံများ ထံမှ သိရှိရပါသည်။

“ ဒီရွာက စာသင်ကျောင်း အလံတိုင်မှာ နိုင်ငံတော်အလံ မလွှင့်ထူရဘူးဆိုပြီး ရှမ်းစစ်တပ်က ဗိုလ်မောင် ထွန်း ဆိုတဲ့သူ လာပြောသွားတာပဲ၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်ပါ ” ဟု နမ့်မိုရွာသားတစ်ဦးက ပြောပြသည်။
“ ကျောင်းမှာ မနက်ပိုင်းကို မြန်မာစာသင်၊ နေ့လယ်ပိုင်းကို ရှမ်းစာပေသင်ရမယ်ဆိုပြီး ပြောသွားလို့ ဆရာ ဆရာမတွေလည်း ဒုက္ခရောက်နေတယ်၊ အချို့ဆရာ ဆရာမတွေက ရှမ်းစကားတောင် မပြောတတ်ဘူး၊ ရှမ်းစာ ဘယ်လိုသင်မလဲ ” ဟု ၎င်းက ဆက်လက်ပြောပြသွားသည်။

အဆိုပါ ကျောင်းများသို့ ၎င်းအရာရှိမှ အခါအခွင့်သင့်သလို လာရောက်စစ်ဆေး မည်ဖြစ်ပြီး ပြောသည့် အတိုင်း မလုပ်နိုင်ပါက စာသင်ကြားခြင်းမပြုဘဲ ထွက်သွားရမည်ဟု ခြိမ်းခြောက်ပြောဆို သွားကြောင်း လည်း သိရှိရသည်။

“ အဲဒီလုပ်ရပ်ဟာ ဥပဒေမဲ့ လုပ်ရပ်ပါ၊ စာသင်ကျောင်း အလံတိုင်မှာ နိုင်ငံတော်အလံ မလွှင့်တင်ရဘူးလို့ သူ့မှာ အမိန့်ပေးပိုင်ခွင့် မရှိပါဘူး၊ စာသင်ကျောင်းမှာ စာသင်နေတဲ့ ဆရာ၊ ဆရာမတွေကိုလည်း ရှမ်းစာသင်ပါ၊ မြန်မာ စာသင်ပါဆိုပြီး ပြောလို့မရပါဘူး၊ သူတို့ဟာ အစိုးရ၀န်ထမ်းဖြစ်တဲ့အတွက် အစိုးရက ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သင်ရမှာပါ၊ ခြိမ်းခြောက်မှုဖြစ်တဲ့အတွက် တရားဥပဒေအရ ဖြေရှင်းသွားဖို့ အစီအစဉ် ရှိပါတယ်၊ သူတို့ သေနတ်ကိုင်ပြီး ခြိမ်းခြောက်တိုင်း ငြိမ်ခံနေရအောင် မင်းမဲ့တိုင်းပြည် မဟုတ်ပါဘူး၊ ကိုယ့် အလုပ်ကို လုပ်ရင် ဘာပြဿနာမှ ရှိစရာအကြောင်းမရှိဘူး ” ဟု နမ့်စန်မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသွားပါသည်။

စိုင်းအောင်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here