Wednesday, November 20, 2013

မွန်ပြည်သစ် ပါတီ၏ အရေးပေါ် ဗဟိုကော်မီတီ အစည်း အဝေး အကြောင်း ဒု-ဥက္ကဋ္ဌ နိုင်ဟံသာအား မေးမြန်းချက်

0 comments

                                                     မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာ


20.11.2013

မွန်ပြည်သစ် ပါတီသည် ၂၀၁၃ ခုနှစ် အတွက် ပထမဆုံး အရေးပေါ် ဗဟို ကော်မီတီ အစည်းအဝေး တစ်ရပ်ကို ပြီးခဲ့သည့် အပတ်တွင် မွန်ပြည်သစ် ပါတီ ဌာနချုပ် စခန်း ဖြစ်သည့် မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျား၌ ပြုလုပ် ကျင်းပ ခဲ့ရာ ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များ၊ အရပ် ဘက်နှင့် စစ်ဘက် ဆိုင်ရာ ရာထူး၊ တာဝန် အပြောင်း အလဲများ ရွေးချယ် ခန့်ထား ခဲ့ကြ ပါသည်။

ဤကဲ့သို့ ခန့်ထား ရွေးချယ် မှုများသည် မွန်ပြည်သစ် ပါတီ၏ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးရေး၊ ငြိမ်းချမ်ေးရး ဖော် ဆောင်ရေး အတွက် ပြင်ဆင်မှု လေလော။ သို့တည်း မဟုတ် မွန်ပြည်သစ် ပါတီ၏ အတွင်းရေး အပြောင်း အလဲသာ ဖြစ်သလော ဟူ၍ သို့လော သို့လော ဝေဖန် မှုတွေ များစွာ ပေါ်ထွက်လာခဲ့ ပါသည်။

မွန်ပြည်သစ် ပါတီ၏ လက်ရှိ ရာထူး တာဝန် အပြောင်း အလဲ များအပေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက် ဒရယ် ကောင်စီ (UNFC) အဖွဲ့၏ တွဲဖက် အတွင်းရေးမှူး (၂) ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ သုံးသပ် ချက်သည်“ဘာပဲ ဖြစ်ဖြစ် ဒါက လုပ်သင့် လုပ်ထိုက်တဲ့ အခြေ အနေ ပါပဲ၊ အခုလို နိုင်ငံရေး တောင်းဆိုချက် ပြင်းထန် နေတဲ့ အချိန်မှာ အခုလို လူဖြည့် လိုက်တာတော့ ကောင်းပါတယ်” ဟု ၄င်းမှ သုံးသပ် ပြောကြား သွားခဲ့ပါသည်။

သို့သော်လည်း မွန်ပြည်သစ် ပါတီ အပေါ် အကောင်း မြင်သူများနှင့် လက်တွေ့ ရှူ့မြင် သူများ အကြား မတူညီသည့် အမြင် များလည်း ရှိပါသည်။ လက်တွေ့ သုံးသပ် သူများ ကမူ မွန်ပြည်သစ် ပါတီ၏ လက်ရှိ အပြောင်း အလဲသည် ပါတီတွင်း အချင်းချင်း နေရာ ခွဲဝေရေး၊ မွန်အမျိုးသား အကျိုးစီးပွားထက် ပါတီ အကျိုး စီးပွား ကိုသာ ကိုယ်စား ပြုသည့် အပြောင်း အလဲသာ ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိခဲ့ ပါသည်။

ဤသို့ကြောင့် ဤ မွန်ပြည်သစ် ပါတီ၏ အရေးပေါ် ဗဟို ကော်မီတီ အစည်အဝေး အကြောင်းနှင့် ရာထူး အပြောင်းအ လဲများအပေါ် မွန်ပြည်သစ် ပါတီ၏ သဘောထားကို သိရှိ နိုင်ရန် ဒု-ဥက္ကဋ္ဌ နိုင်ဟံသာအား ရွှေဟင်္သာသတင်းဌာနမှ သွားရောက် တွေ့ဆုံ မေးမြန်း ပြီးတင်ပြ လိုက်ပါသည်။

(မေး) –ဒီအရေးပေါ် ဗဟို ကော်မီတီ အစည်းအဝေး ခေါ်ယူရတဲ့ အကြောင်းရင်းကို ပြောပြ ပေးပါလား ခင်ဗျ ?

(ဖြေ) - အဓိက ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို သုံးသပ် နိုင်ဖို့နဲ့ လျော့နေတဲ့ ရာထူး တာဝန် တွေကို ပြန်လည် ဖြည့်စွက်ဖို့အတွက် ဒီကိစ္စ နှစ်ခုအတွက် ဒီအစည်း အဝေး ခေါ်ဆို ရတဲ့ အကြောင်းရဲ့ အဓိက ကျတဲ့ အချက် တွေဖြစ်တယ်”

(မေး) –ရာထူး တာဝန်လည်း အပြောင်းအလဲ လုပ်ခဲ့တယ်ဆိုတော့ ဒီအပေါ်ရော ဘာများ ပြောချင် ပါလဲ ခင်ဗျ?

(ဖြေ) - အပြောင်း အလဲက ဒီလိုပါ ၊ ဒု-ဥက္ကဋ္ဌ နိုင်ရော့စ ဆုံးပါးသွားတော့ အဲဒီ နေရာမှာ ဒု-ဥက္ကဋ္ဌ တစ်ယောက် ဖြည့် ရမယ်။ နောက်တော့ စစ်ဦးစီးချုပ် အပြောင်းအလဲကလည်းကျနော်တို့မှာ စည်းကမ်းချက် ချမှတ် ထားတာ ရှိပါတယ်၊ အသက် (၆၀) ပြည့်ရင် စစ်ဘက် ကနေအနားယူ ရပါတယ်၊ အဲဒီ အပေါ်မှာ အခြေခံ ပြီးတော့ ဒီအပြောင်း အလဲ ဖြစ် သွား တာပါ။

(မေး) –ဒု-ဥက္ကဋ္ဌ နေရာကို ဖြည့်စွက် ရမယ်လို့ ပြောထားတော့ဒု-ဥက္ကဋ္ဌ ရားထူနဲ့ တာဝန်က မွန်ပြည်သစ် ပါတီရဲ့ သဘောထားမှာ ဘယ်လို အရေး ကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင် ပါသလဲ ?

(ဖြေ) - ကျနော်တို့ ပါတီမှာကတော့ အားလုံး သဘောတူ ချမှတ်ထားတဲ့ လုပ်ငန်းစဉ် တွေကို လုပ်ငန်း အ ကောင် အထည် ပေါ်အောင် ဆောင်ရွက် ပေးရတာက အထွေထွေ အတွင်းရေးမှူးပါ၊ ဥက္ကဋ္ဌ ကတော့ ပါတီ အမြင့်ဆုံး တာဝန် ရှိတဲ့ သူပါ။ ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌ တို့ကပါတီ ပေါ်လစီ ပိုင်းကို ထိန်းချုပ် ကြိုးကိုင်တဲ့ သူတွေပါ။ အဲဒီ ပေါ်လစီ တွေကို ထိန်းချုပ် ကွပ်ကဲ နိုင်ဖို့နဲ့ လုပ်ငန်း အကောင်အထည် ဖော်မှုကို ထိန်းကျောင်း ပေးတာက ဥက္ကဋ္ဌပါ။ ဒါပေမယ့်ဥက္ကဋ္ဌ မအားလပ်တဲ့ အချိန်မျိုး ၊ အရေးကြီး ကိစ္စ နှစ်ခု သုံးခု ကြုံလာတဲ့ အခါမျိုး အဲဒီလို အခြေအနေ မျိုးတွေမှာ ဥက္ကဋ္ဌရဲ့ အခန်း ကဏ္ဍကို ဝိုင်းကူ လုပ်ပေးဖို့ ဒု-ဥက္ကဋ္ဌ နေရာကို ထားရှိ ရခြင်း ဖြစ်ပါတယ်။ ပြန်ပြော ရမယ် ဆိုရင်တော့ ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌ တို့က ပါတီ ပေါ်လစီပိုင်း၊ဦးဆေါင်မှုပိုင်းကို ထိန်းချုပ် ကွပ်ကဲဖို့နဲ့ အတွင်းရေးမှူးနဲ့ အလုပ်အမှုဆောင် တွေ ကတော့ပါတီ ပေါ်လစီနဲ့ အညီ ချမှတ် ထါးတဲ့ သဘော တူညီမှု လုပ်ငန်း ပိုင်းကို အကောင်အထည် ဖော်ဖို့ပါ။

(မေး) –ဒီအရေးပေါ် ဗဟို ကော်မီတီ အစည်း အဝေးမှာတစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ် သက်ပြီး အစိုးရ ဘက်က တင်ပြ ထားတဲ့စာချုပ် မူကြမ်းကို သုံးသပ် ခဲ့တဲ့ အပေါ်ရော ပြည်သူ တွေကို ဘယ်လို အသိ ပေး ချင်ပါလဲ။

(ဖြေ) - ဒီစာချုပ် မူကြမ်းမှာ ပါတဲ့ အချက် အလက်တွေက အရမ်းကိုသဘောထား တင်းမာ လွန်းပါတယ်၊ ပြောရမယ် ဆိုရင်တော့ ဒီစာချုပ်ပါ အချက်ပါ အားလုံးရဲ့ (၆၀)ရာခိုင်နှုန်းလောက်က ပြင်ဆင်၊ ဖြည့်စွက်၊ ထုတ်နှုတ် ရပါမယ်။ အဲဒီ ၆၀ ထဲက (၃၀) ရာခိုင်နှုန်းကတော့ အဓိက ကျတဲ့ အချက်တွေ ဖြစ်တယ်၊ အဲဒါက တပ်မတော်ရဲ့ သဘေားထား တွေပါ၊ ပြီးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုး တုန်းက အဲဒီ အချက်တွေ မပါခဲ့ဘူး။ နောက်ပိုင်းမှ တပ်မ တော်က၄င်းတို့ သဘော ဆန္ဒ အလျှောက် ထည့်သွင်း ရေးဆွဲ ထားတဲ့ အချက်တွေ ဖြစ်တယ်။ ဥပမာ - တပ်မတော်မူ (၆) ချက် တို့လိုမျိုး၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေရဲ့ ထိန်းချုပ် ဒေသ တွေမှာတရားဥပဒေ စိုးမိုးဖို့ ရဲတပ် တွေ ချထားပြီး လုံခြုံမှု ယူပေးမယ် ဆိုတဲ့ ဟာမျိုး၊ ကိုယ့်တပ်သားတွေဥပဒေ ကျူးလွန်ရင် သူတို့ စစ်တပ် ဥပဒေ နဲ့ပဲ အရေးယူ ရမယ် ဆိုတဲ့ ဟာမျိုး၊ အခြား လူသစ် မစုရ၊ တပ်စခန်း မတိုး ချဲ့ရ စတဲ့ အချက်တွေက လက်ခံ နိုင်ဖို့ အတော် ခက်ခဲ ပါတယ်။

(မေး) –ဒါပေမယ့် နိုင်ငံ တစ်နိုင်ငံမှာ တပ်မတော်တစ်ခုပဲ ရှိရမယ် ဆိုတဲ့ ကိစ္စကို မွန်ပြည်သစ် ပါတီက မူအရ လက်ခံ တယ်လို့ သိထား ရပါတယ်၊အထက်က ပြောကြား ချက်တွေနဲ့ လက်နက်ကိုင်တပ်တွေ တပ်မတော် တစ်ခုထဲ အောက် မှာ ရှိရမယ် ဆိုတဲ့မူကို လက်မခံ နိုင်သလိုမျိုး ဖြစ်နေတယ်၊ ဒီအပေါ်ရော ဆရာ ဘယ်လို ဖြေကြား ပေးချင်ပါလဲ ?

(ဖြေ) - ဟုတ်ပါတယ် ၊ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော် တစ်ခုပဲရှိရမယ် ဆိုတဲ့ မူကိုတော့ မွန်ပြည်သစ် ပါတီ အနေနဲ့ လက်ခံ ပါတယ်၊ ဒါပေမယ့် အဲဒီ အခြေအနေဟာ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ပေါ်ပေါက် လာတဲ့ အခြေအနေ မှာပါ။ အခုလိုမျိုး လူမျိုးတမျိုး ကြီးစိုးတဲ့ တပ်မတော် တစ်ခုက လိုသလို ချယ်လှယ် နေတာမျိုး၊ တပ်မတော် ကသာ ဦးဆောင်မှုအခန်း ကဏ္ဍမှာ နေရာ ယူထားပြီး အခြား လက်နက်ကိုင် အဖွဲ့တွေကို လက်အောက်ခံ အဖွဲ့လိုပဲ သဘော ထားတာမျိုး အဲဒီ အခြေအနေ မျိုးမှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို ဖျက်သိမ်းဖို့ဖိအားပေး နေတဲ့ သဘော သက်ရောက်တဲ့ အရာကိုတော့ ကျနော်တို့ လက်မခံ နိုင်ပါဘူး။ နောက်ပြီးတပ်မတော် စစ်ဦးစီးချုပ် ကိုလည်း အလှည့်ကျ အရည်အချင်း ရှိတဲ့ သူတွေ ကနေ ဦးဆောင် တာမျိုးဖြစ်သင့်တယ်၊ အခုလိုမျိုး နောက်ဆုံး ကုန် ကုန် ပြောရရင် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာခဲ့တယ် ဆိုရင် တောင်မှ ကျနော်တို့ တပ်တွေက ကိုယ့်ပြည် နယ်ကို ကာကွယ်မယ့် ပြည်နယ်စောင့်တပ်အဖြစ် ထားရှိ သွားဖို့ အထိ ရည်ရွယ် ထားပါတယ်။

(မေး) –ဆိုတော့ သဘောထား အရ အစိုးရ တပ်မတော်ကို အဆိုးမြင် ဘက်ကနေ ကြည့်နေ သလို မဖြစ်နေ ဘူးလား ?

(ဖြေ) - ဒါက မူရင်း ပြသနာကို အခြေခံ ကျကျ သုံးသပ်ပြီး ပြောတာပါ။ဥပမာ - အခြေခံ ဥပဒေ ပြင်ဆင် ရေးကို ကြည့်ပါ၊ တပ်မတော်သား (၂၅) ရာခိုင်နှုန်း ထဲက တစ်ယောက်များ မထောက်ခံ ခဲ့ရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဒါက လွှတ်တော် ထဲက တစ်ခုထဲကိုပဲ ဥပမာ ပေးတာပါ၊နောက်တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် တွေကို သမ္မတ ကသာ တိုက်ရိုက် ရွေးချယ် ခန့်အပ်တာမျိုး၊ ကြီးသုံးကြီး ဖြစ်တဲ့ ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ ပြည်ထဲရေး တို့က ဝန်ကြီး ၊ဒုဝန်ကြီး တို့ကို စစ်တပ်ကသာ ယူထားတာမျိုး၊ သူများက ပြင်ဆင် ချင်ရင် တောင်မှ ပြင်လို့မှမရတာ၊ နောက်တော့ ကာလုံ ဖွဲ့ထား တာမျိုး ဒု-သမ္မတ ကိုလည်း စစ်တပ်က တစ်ဦး သီးသန့် ယူထားတာမျိုးဒါမျိုးတွေက စစ်တပ် ဘက်က အခွင့်အာဏာ ပိုယူ ထားတဲ့ အပိုင်းတွေပါ။ စစ်တပ် ကိုလည်း အုပ်ချုပ်ရေး ဘက်က ဘာမှ ပြောလို့ မရဘူး၊ သူ့စစ် ဥပဒေနဲ့သူ အုပ်ချုပ်ပြီး သွားနေတာ၊ နောက်တော့ တိုင်းနဲ့ပြည်နယ် (၁၄) ခု ခွဲပြီး ဒီဖွဲ့စည်းပုံဟာ ဖက်ဒရယ် ဖွဲ့စည်းပုံပါ ဆိုပြီး လူကြား ကောင်းအောင်ပြောနေတာလောက်နဲ့ ဖက်ဒရယ် မဖြစ်နိုင်ပါဘူး။ ဖက်ဒရယ် ဖြစ်ဖို့က တန်းတူညီမျှတဲ့ စီမံအုပ်ချုပ်ပိုင်ခွင့် ၊ သယံဇာတ ခွဲဝေ သုံးစွဲခွင့် ၊ အာဏာ ခွဲဝေ သုံးစွဲခွင့် ဒါတွေ ရှိရပါမယ်။ ပြောရ ရင်တော့ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တစ်ခုမှာ “တန်းတူ ရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်” ရှိဖို့ လိုအပ် ပါတယ်။

(မေး) –ဆရာတို့ အရေးပေါ် အစည်းအဝေးက အပေါ်က ပြောတဲ့ အကြောင်းအရာ နှစ်ချက်ကိုပဲ အထူးပြု လုပ်ရ တာလား အခြား ဆွေးနွေးတဲ့ အကြောင်းအရော တွေရောရှိလား ?

(ဖြေ) - အဓိက အဲဒီ နှစ်ချက် ကြောင့်ပေါ့လေ၊ ဒါပေမယ့် အခြားဆွေးနွေး တာတွေလည်း ရှိပါတယ်၊ ပါတီ ယန္တရား ကောင်းမွန်စွာ လည်ပတ် လှုပ်ရှား နိုင်ဖို့လိုမျိုး၊ မွန်အမျိုးသား ညီလာခံ ကိစ္စ၊ ပညာရေး၊ ကျန်းမာရေး ကိစ္စ တို့လည်း ပါတာပေါ့။ အစည်းအဝေး ကတော့ ကောင်းကောင်း မွန်မွန်ပဲ ပြီးသွား ပါတယ်။ အခြေအတင် ဆွေးနွေး လောက်ရတဲ့ အထိတော့ မဟုတ်ပါဘူး။

ဤသည်ကား ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာမှ ရွှေဟင်္သာ သတင်း ဌာန၏ မေးမြန်း ချက်အား ပြန်လည် ဖြေကြား ခဲ့ခြင်း ဖြစ် သည်။

မွန်ပြည်သစ် ပါတီ၏ အရေးပေါ် ဗဟို ကော်မီတီ အစည်း အဝေးအား နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ အထိ သုံးရက်တာ ကျင်းပ ခဲ့ကာ၊ ပါတီ ဒု-ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး၊ စစ်ဦးစီးချုပ်၊ ဒု-စစ်ဦး စီးချုပ် တို့ကိုပြောင်းလဲ ရွှေးချယ် ခဲ့ပါသည်။

ထို့ပြင် ဗဟို စစ်ဦးစီး ကော်မီတီ နှစ်ဦးအားလည်း ဖြည့်စွက် ရွေးချယ် ခဲ့သလို ၊ အရန် ဗဟို ကော်မီတီဝင် နှစ်ဦး အား လည်း တင်းပြည့်ဗဟို ကော်မီတီ အဖြစ် အားဖြည့် ရွေးချယ် ခဲ့ပါသည်။

ရွှေဟသာင်္သတင်းဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here