Tuesday, October 22, 2013

အခြေခံ ဥပဒေ ပြင်ဆင်ရေး (သို့ ) အသစ် ရေးဆွဲ ရေးနှင့် မွန်တို့၏ အမျိုးသား ကွန်ဂရက်

0 comments


၂၂.၁၀.၂၀၁၃၊ အင်္ဂါနေ့

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ မှ ၃၀ မှ ကျင်းပသည့် မွန်အမျိုးသားလုံး ဆိုင်ရာ ညီလာ ခံတွင် မွန်အမျိုးသား ကွန် ဂရက် ကျင်းပရေး၊ စစ်မှန်သည့် ငြိမ်းချမ်း ရေးနှင့် တပြည်လုံး အပစ် အခတ် ရပ်စဲရေး၊ မွန်တမျိုး သားလုံး စည်းလုံး ညီညွတ်ရေး၊ မွန်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးနှင့်၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ် ရေးဆွဲရေး စသည့် ဆုံးဖြတ် ချက်များ ချမှတ် ထားသည်ကို တွေ့ရ ပေသည်။

၎င်း ဆုံးဖြတ်ချက် များအနက် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးသို့မဟုတ် အသစ် ရေးဆွဲ ရေးသည် ယနေ့ မြန်မာ့ နိုင်ငံရေးတွင် ထိပ်ဆုံး ရောက်နေသည့် အကြောင်း အရာ တခု ဖြစ်သည်။

၎င်းအပြင် စက်တင်ဘာ ၂၁ ရက် နေ့တွင် ကျင်းပသည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း (ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်) ဆွေးနွေးပွဲ တွင်လည်း၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ် ရေးဆွဲရေး ဆုံးဖြတ်ချက် ချလာ သည်ကို တွေ့ရသည်။

၂၀၀၈ အခြေခံ ဥပဒေ ဖွဲ့စည်း ပုံသည် ယခင် စစ်အစိုးရ လက်ထက်က ၄င်းတို့ အကြိုက် ရေးဆွဲ ထားသည့် ဖွဲ့စည်းပုံ ဖြစ်ပြီး ယင်း ဖွဲစည်းပုံ၌ တိုင်းရင်းသား အခွင့် အရေးများ မပါရှိ သလို ဒီမိုကရေစီ အခွင့် အရေးလည်း မရှိပေ။

၎င်းအပေါ် အခြေ ခံ၍ ပေါ်ပေါက် လာသော အစိုးရနှင့် လွှတ်တော် သည်လည်း တိုင်းရင်းသား များနှင့် မြန်မာ ပြည်သူ တရပ် လုံးထက် စစ်အစိုးရနှင့် ၄င်းတို့ အသိုင်း အ၀ိုင်း ကိုသာ ပိုအကျိုးရှိ စေမည်မှာ မလွဲပေ။

သို့ဖြင့် တိုင်းပြည် အတွက် အကျိုးရှိ လိုပါက ၂၀၀၈ အခြေခံ ဥပဒေကို ပြင်နိုင်မှ သို့မဟုတ် ဖွဲ့စည်းပုံ အသစ် တခုကို အစားထိုး ကျင့်သုံး နိုင်မှ ဖြစ်ပေမည်၊ဤသည် တိုင်းပြည် အတွက် အရေး ကြီးသည့် နိုင်ငံရေး လုပ်ငန်း တခု ဖြစ်သည်ကို မည်သူမျှ မငြင်းပေ။

သို့သော် ဖွဲ့စည်းပုံ ပြင်ဆင်ရေး သို့မဟုတ် အသစ် ရေးဆွဲ ရေးသည် ကောင်းကျိုး ဆိုးကျိုးများ ဖြစ်လာ နိုင်သဖြင့် အသေအချာ စဉ်းစား သုံးသပ်ပြီး လုပ်ဆောင် မှသာလျှင် အောင်မြင်မည် ဖြစ်သည်။

၎င်း ပြသနာသည် တိုင်းပြည်၏ အင်အားစု အားလုံးနှင့် သက်ဆိုင် နေသည့် အပြင်လက်ရှိ မြန်မာ့ နိုင်ငံရေး အပြောင်း အလဲနှင့် ဆက်စပ် နေသဖြင့် ရည်ရွယ်ချက် မည်မျှ ကောင်းမွန် စေကာမူ လုပ်နည်း လုပ်ဟန်နှင့် ချဉ်းကပ်မှု မှားပါက တန်ပြန် ဆိုးကျိုးများ ရှိလာ နိုင်သည်ကို ထည့်တွက် ထားရမည်။

ထို့ကြောင့် ပကတိ ဖြစ်ရှိ နေတဲ့ နိုင်ငံရေး အပေါ် အခြေခံပြီး ဖွဲ့စည်းပုံ ပြသနာကို ကိုင်တွယ်ပါက ပိုမို လက်တွေ့ ကျမည်ဟု မြင်ပါသည်။ ယနေ့ မြန်မာ့ နိုင်ငံရေး အပြောင်း အလဲ အပေါ် အမြင် အမျိုးမျိုးဖြင့် သုံးသပ် နေကြ သော်လည်း ယေဘူယျ အားဖြင့် ယနေ့ အပြောင်း အလဲသည် စစ်အစိုးရက စခဲ့သည့် အပြောင်းအလဲ ဆိုက ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ကျွှန်ုပ်တို့ အသိအမှတ် ပြုရ ပေလိမ့်မည်။

၎င်း အပြောင်း အလဲသည် တိုင်းပြည် အတွက် အကျိုးနည်း သော်လည်း ပကတိတရား အရ ကျွှန်ုပ်တို့ ဖြတ်သန်း နေရ အသိအမှတ် ပြုနေရပြီ ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ၂၀၀၈ အခြေခံ ဥပဒေကို လက်မခံဟု ကြွေးကြော် ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များသည် ယခုအခါ ၄င်း အခြေခံ ဥပဒေ အပေါ် ပေါ်ပေါက် လာသည့်အစိုးရနှင့် အပစ် အခတ် ရပ်စဲရေး လုပ်လာ သည်ကို တွေ့ရ ပေသည်။

ထိုနည်းတူ ၂၀၀၈ အခြေခံ ဥပဒေကို ဆန့်ကျင် ခဲ့သည့်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်နှင့် တိုင်းရင်းသား နိုင်ငံရေး ပါတီ များကလည်း ယခုအခါ တရားဝင် နိုင်ငံရေး ပါတီ အဖြစ် လှုပ်ရှား လာကြ သည်မက အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်သည် ကြားဖြတ် ရွေးကောက် ပွဲမှ လွှတ်တော်ထဲ ရောက်နေ ကြပြီး ဖြစ်သည်။ ဤသည် ၂၀၀၈ အခြေခံ ဥပဒေကို တနည်းနည်းဖြင့် အသိအမှတ် ပြုရာ ရောက်ပြီး အစိုးရ၏ အပြောင်း အလဲ၌ လိုက်ပါခြင်း ဖြစ်သည်။

တိုင်းပြည်၏ ပကတိ တည်ရှိမှုတရားကို လက်ခံခြင်း

အနှစ် ၆၀ သမိုင်း အရ အုပ်ချုပ်သူ အစိုးရနှင့် တိုင်းရင်းသား အင်းအားစုများ အထူး သဖြင့် လက်နက်ကိုင် တိုင်းရင်းသား အင်အားစု များသည် ရန်ဘက် အဖြစ် စဉ်စားပြီး မိမိ အနိုင် ရရေး အတွက် အပြုတ်တိုက်ရေး ပေါလစီကို ကျင့်သုံး ခဲ့သည်။ လက်တွေ့တွင် တိုင်းရင်းသားတို့ လက်နက်ကိုင် တော်လှန် ရေးကြောင့် ပြုတ်ကျ သွားသည့် အစိုးရ မရှိ သလို အစိုးရ၏ စစ်ဆင်ရေးကြောင့် ပျောက်ကွယ် သွားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့မျှ မရှိပေ၊ အကျိုးဆက် အဖြစ် အနှစ် ၆၀ ပြည်တွင်း စစ်ကြောင့် တိုင်းပြည် ဆင်းရဲတွင်း နစ်ပြီး ပြည်သူများ အတိဒုက္ခ ရောက်ခဲ့ ရသည်။

၎င်း အတွေ့ အကြုံ အပေါ် သင်ခန်းစာ ယူပြီး မြန်မာ့ နိုင်ငံရေး ပြသနာသည် အင်အားစု အားလုံး ပါဝင်သည့် တွေ့ဆုံ ဆွေးနွေးရေး ဖြင့်သာ ဖြေရှင်း နိုင်မည်ကို အားလုံး လက်ခံ လာကြသည်။ တိုင်းပြည်၏ ပြသနာကို တွေ့ဆုံ ဆွေးနွေး ခြင်းဖြင့် အဖြေရှာ ပါက တွေ့ဆုံ ဆွေးနွေးရေး အပေါ် ယုံကြည်ချက် ရှိရှိနှင့် စိတ်ရှည်ရှည်ဖြင့် တစိုက် မတ်မတ် လုပ်ဆောင် မှသာ ဖြစ်နိုင် ပေသည်။

တိုင်းပြည် ပြသနာ အဖြေရှာရေး၊ တိုင်းပြည် ငြိမ်းချမ်ရေးနှင့် တိုးတက်ရေး ဆိုသည့် ဘုံရည်မှန်းချက် အောက်တွင် တိုင်းရင်းသား အင်အားစု များနှင့် အစိုးရ တို့သည် ယခင် ထားရှိ ခဲ့သည့် ရန်ဖက် စဉ်းစား ချက်မှ မိတ်ဖက် စဉ်းစားချက် အဖြစ် ပြောင်းလဲပြီး အတူ ဆွေးနွေး ပါက တိုင်းပြည် ပြသနာကို မဖြေရှင်း နိုင်စရာ အကြောင်း မရှိပေ။

ဤသို့ အင်အားစုများ အတူ ဆွေးနွေး နိုင်ရန် အတွက် အင်အားစု အသီးသီး၏ အခန်း ကဏ္ဍကို အထူးသဖြင့် အစိုးရနှင့် တပ်မတော်၏ အခန်း ကဏ္ဍကို အသိအမှတ် ပြုရ ပေမည်။ ထို့နည်းတူ အစိုးရနှင့် စစ်တပ်ကို ဆွေးနွေးဖက် အဖြစ် အသိအမှတ် ပြုပါက ၄င်းတို့ ရေးဆွဲ ထားသည့် ၂၀၀၈ အခြေခံ ဥပဒေ ကိုလည်း အနည်းနှင့် အများ အသိအမှတ် ပြုဖို့ လိုအပ် ပေမည်။

ဖွဲ့စည်းပုံပြင်ရေး အသစ်ရေးဆွဲရေးနှင့် မွန်တို့၏ ညီလာခံ

၂၀၀၈ ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး အခြား တိုင်းရင်း သားများ နည်းတူ မွန်အမျိုးသား တို့တွင်လည်း ပြင်လိုသည့် အယူ အဆနှင့် အသစ် ရေးဆွဲသည့် အယူအဆ ဆိုပြီး (၂) မျိုး ရှိသည်။ သို့သော် ငြားလည်း အခြေခံ အချက် ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်း ပုံသည် မွန်တို့၏ အခွင့်အရေး မဖော်ဆောင် နိုင်ခြင်းနှင့် မွန်တို့ အတွက် အကျိုး ဖြစ်ထွန်း စေမည့် အခြေခံ ဥပဒေ တခု ပေါ်ပေါက်ရေး တို့သည် အတူတူပင် ဖြစ်သည်။

ဖွဲ့စည်း ပုံကို အသစ် ရေးဆွဲ လိုသည့် အမြင် ရှိသူများ ဘက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ရှုပ်ထွေးပြီး ပြင်ဆင် ရေးဆွဲရ ခက်ခဲသည့် အတွက် အသစ် ရေးဆွဲ ခြင်းသည် ပိုပြီး ကောင်းမွန်ပြီး လွယ်ကူ သည်ဟု ဆိုသည်။ ဤငြင်းချက်သည် မမှားပါ။

၂၀၀၈ အခြေခံ ဥပဒေတွင် ဒီမိုကရေစီ "စံ" များ မရှိသည့် အပြင် ပြင်ဆင်မှု ခက်အောင်လည်း ယခင် စစ်အစိုးရက စိတ်ကြိုက် ရေးဆွဲ ထားသည်။ စစ်တပ် ၂၅ % ပါဝင်သည့် လွှတ်တော်တွင် လွတ်တော်၏ ၇၅ % ထောက်ခံမှ ဥပဒေကို ပြင်ဆင် နိုင်မည်ဟု ပြဌန်း ထားခြင်းသည် အခြေခံ ဥပဒေကို ပြင်၍ မရအောင် ထမင် လုပ်ထားခြင်း ဖြစ်သည်။

သို့သော် အဓိက စဉ်းစား ရမည့် အချက် တခုမှာ မိမိတို့ အသစ် ရေးဆွဲမည့် ဥပဒေကို အစိုးရနှင့် စစ်တပ် လက်မခံ ပါက ဘာလုပ် မည်နည်း၊ ယခု အချိန် တွင်လည်း ဖွဲ့စည်းပုံ အသစ် ရေးဆွဲ ခြင်းသည် လက်မခံ နိုင်ဟု ကာကွယ်ရေး စစ်ဦးစီး ချုပ်က မကြာ ခင်က ကရင် အမျိုးသား အစည်းအရုံး ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ပွဲတွင် ပြောခဲ့ သလို အာဏာရ ပါတီ အတွင်းရေးမှူး ကလည်း ဖွဲ့စည်းပုံ အသစ် ရေးဆွဲလျှင် တိုင်းပြည် အတွက် အန္တရာယ် ဖြစ်သည်ဟု ဆိုသည်၊

သို့ဖြင့် ဖွဲ့စည်းပုံ အသစ်ကို အစိုးရက လက်မခံ ပါက လက်ခံအောင် တွန်းမည်လော၊ တွန်းမည် ဆိုက တွန်းနိုင် မည်လော၊ သို့ဖြင့် တွေ့ဆုံရေး လမ်းမှ ယခင် လမ်းဖြစ်သည့် ထိပ်တိုက်ရေး လမ်းသို့ ပြန်ရောက် သွားပြီး နိုင်ငံရေး ပိတ်ဆို့မှု (Political Deadlock) ပြန်ဖြစ် မည်လော၊ တကယ်၍ နိုင်ငံရေး ပိတ်ဆို့ ပါက ယခင် ကဲ့သို့ နောက်အနှစ် ၂၀ ကြာအုံး မည်လော စသည့် မေးခွန်းများ အတွက် အဖြေကို စဉ်းစား ထားရ ပေလိမ့်မည် ဖြစ်သည်။

တဖက် တွင်လည်း ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင် ချင်သည့် နိုင်ငံရေး ပိတ်ဆို့မှု၊ ထိပ်တိုက် မှုများကို ရှောင်ရှား နိုင်ပြီး မိမိတို့ လိုချင်သည့် အခွင့် အရေးကို ရနိုင် မည်လော။ ဤနည်းလမ်းလည်း လွယ်လွယ်နှင့် ရမည် မထင်ပါ။

သို့သော် ၂၀၀၈ အခြေခံ ဥပဒေသည် အားနည်းချက် ရှိပြီး ပြင်ဆင်ဖို့ လိုသည်ကို အစိုးရရော လွှတ်တော်က သဘော တူပြီး လွှတ်တော်မှ ဥပဒေ ပြင်ဆင်ရေး ကော်မတီ ကိုလည်း ဖွဲ့စည်း ထားခြင်း ဖြစ်သည်။

၎င်းအပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း ဖွဲ့စည်းပုံကို အစိုးရနှင့် ညှိနှိုင်းပြီး ပြင်ဘို့ တရားဝင် ထုတ်ပြော လာပြီး ဖြစ်သည်၊ သို့ဖြင့် ၂၀၀၈ ကို ပြင်ဆင်သည့် နည်းသည် နည်းနည်း ပွင့်နေသည့် တံခါးကို ပိုကျယ်အောင် တွန်းသည့် အခွင့်အရေး ရှိနေသည့် အပြင် ထိပ်တိုက် မှုကိုလည်း အနည်းနှင့် အများ ရှောင်နိုင်မည်ဟု ဆိုရ ပေမည်။

သို့သော် ငြားလည်း မိမိ တွန်းနိုင်သည့် အားအပေါ် မူတည် ပေလိမ့်မည်။ ဖွဲ့စည်းပုံ ပြင်ဆင်သည့် နည်းလမ်းသည် အစိုးရ၊ စစ်တပ်နှင့် ဆွေးနွေး ယူရမည် ဖြစ်သည့် အတွက် မိမိတို့ လိုချင်သည့် အခွင့်အရေး အားလုံး တခါတည်း မရ နိုင်ပါ။

ခြုံပြောမည် ဆိုပါက ဖွဲ့စည်းပုံ အသစ် ရေးဆွဲ ရေးနှင့် ပြင်ဆင်ရေးသည် မည်သည့် ဖက်က မလွယ်ပါ၊ အစိုးရက အသစ် ရေးဆွဲ ရေးကို လက်မခံ သလို ပြင်ဆင် ရေးဆွဲ ရေးလည်း မလို လားပါ။

သို့သော် ဖွဲ့စည်းပုံ ပြသနာကို လူထု တရပ်လုံးက တောင်းဆို ပါက ဒီမိုကရေစီ စနစ်သို့ အသွင် ကူးပြောင်း နေသည့် အစိုးရ တစ်ရပ် အနေဖြင့် လူထု အသံကို မလွှဲသာ နားထောင် ရလိမ့်မည်၊ ထိုနည်းတူ မွန်တို့၏ အခွင့် အရေးကို မွန်လူမျိုး တရပ်လုံးက အသံညီညီဖြင့် ထုတ်ဖော် တောင်းဆို ပါက အမျိုးသား စည်းလုံး ညီညွတ်မှု တည်ဆောက်ရေး ကြွှေးကြော် နေသည့် အစိုးရ တစ်ရပ် အနေဖြင့် မွန်တို့၏ အသံကို မဖြစ်မနေ နားထောင် ရပေ လိမ့်မည်။

ထို့ကြောင့် မွန်တို့ အသံသည် တသံတည်း ဖြစ်ဖို့ လိုအပ် ပေသည်။ မွန်တို့၏ သဘောထား များကို မွန်အမျိုးသား ညီလာခံတွင် စုစည်း နိင်မည် ဖြစ်သည်။ ထို့ကြောင့် မွန်အမျိုးသား ညီလာခံသည် မွန်တမျိုးသားလုံး ညီညွတ် ရေးအတွက် သဘောထားများ စုစည်းရာ နေရာ ဖြစ်သလို မွန်အမျိုးသား များ၏ ရှေ့လုပ်ငန်းစဉ် ချမှတ်ရာ နေရာ ဖြစ်သည်။

ဤညီလာခံမှ ချမှတ် လိုက်သော လုပ်ငန်းစဉ် များသည် အမျိုးသား ညီညွတ်ရေးနှင့် မွန်တို့၏ တန်းတူရေး အခွင့်အရေးကို ဖော်ဆောင် ပေးနိုင်သည့် လုပ်ငန်းစဉ် ဖြစ်ရန် အရေးကြီး ပေသည်။ ညီလာခံ လုပ်ငန်းစဉ်သည် ပြတ်သားမှု၊ ပီပြင်မှု မရှိပါက မိမိတို့ အကြား အချင်းအချင်း ရှင်းနေသည့် သံသရာတွင် လည်နေမည် ဖြစ်သည်။

ဖွဲ့စည်းပုံ အသစ် ရေးဆွဲရေး သို့မဟုတ် ပြင်ဆင်ရေးဟု စက်တင်ဘာ လကုန် မွန်အမျိုးသား ညီလာခံ၏ ဆုံးဖြတ်ချက်သည် မွန်အမျိုးသား ထုအတွင်း ၂ ခြမ်း ကွဲစေ သဖြင့် မွန်တို့၏ အခြေခံ ရည်မှန်းချက် ဖြစ်သည့် မွန်တို့၏ အခွင့် အရေးကို ဖော်ဆောင်မည့် ဖွဲ့စည်းပုံ ပေါ်ပေါက်ရေး တိုက်ပွဲ ကိုလည်း အားပျော့ သွားစေ ပါသည်။

သို့သော် ဤညီလာခံ၏ ဆုံးဖြတ် ချက်သည် နောင်နှစ်ဆန်းတွင် ကျင်းပမည့် မွန်အမျိုးသား ကွန်ဂရက်တွင် ပြင်ဆင် နိုင်သဖြင့် မွန်တို့သည် ဖွဲ့စည်းပုံ ပြင်မလား အသစ် ရေးမလား ဆိုသည့် အမြင် ၂ ခု အနက် တခုကို ရွေးချယ် ချမှတ် နိုင်ပါသည်၊ ကျွှန်ုပ်တို့ ခေါင်းဆောင်းများ မွန်အရေး လှုပ်ရှား သူများ မွန်တို့၏ အခွင့်အရေးကို ဖော်ဆောင် နိုင်မည့် မွန်တို့၏ ညီညွတ် မှုကို ဖော်ဆောင် နိုင်သည့် ဆုံးဖြတ် ချက်များ ချမှတ် နိုင်ပါစေ။

နိင်ဘန်း
(နိုင်ဘန်းသည် မွန်အမျိုးသား ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီဝင် တဦး ဖြစ်သည်။)


ရွှေဟင်္သာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here