Monday, October 21, 2013

သိမ်းဆည်းမြေပေါ် စိုက်ပျိုးခြင်းကြောင့် ကျောက်ပန်းတောင်းဒေသခံ ၄၄ ဦးအား တရားစွဲဆို

0 comments
Monday, October 21, 2013




အမှုရှုံးနိမ့်ပါက ထွန်တုံးတိုက်ပွဲ ဆင်နွှဲမည်


 မန္တလေးတိုင်း မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ်၊ သဲပုဒ္မကျေးရွာအုပ်စု အိုးအိုင်ကျေးရွာမှ လယ်သမားများသည် သိမ်းဆည်းထားပြီးဖြစ်သော လယ်ယာမြေများပေါ်တွင် ၀င်ရောက် ထွန်ယက်သဖြင့်တောင် သူ ၅၇ ဦးအနက် ၄၄ ဦးကို သမ၀ါယမအသင်းမှ တရားစွဲဆိုထားသည်။ ထိုအမှုရှုံးပါက လယ်သမားများ အနေဖြင့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲသွားမည် ဟု အိုးအိုင်ရွာသား ကိုဇွဲမြတ်ဟိန်းမာန်က မဇ္ဈိမကို ပြောသည်။

လယ်မြေများအတွင်း ၀င်ရောက်ထွန်ယက်သော အိုးအိုင်ရွာသားများအား သမ၀ါယမအသင်းဝင် ဦးကံမြင့်က တရားစွဲ ဆိုထားခြင်းဖြစ်ပြီး ကျောက်ပန်းတောင်းမြို့နယ်တရားရုံးတွင် စက်တင်ဘာလ ၂၅ ရက်မှ စတင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။ ထိုအမှုအတွက် သုံးကြိမ်မြောက် ရုံးချိန်းကို အောက်တိုဘာ လ ၁၉ ရက်တွင် ချိန်းဆိုခဲ့ပြီး နောက်တစ်ကြိမ်အတွက် အောက်တိုဘာလ ၃၀ ရက်သို့ ပြန်လည် ချိန်းခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ ကျူးကျော်မှု ၄၄၇ နဲ့ စွဲထားပါတယ်။ တချို့တောင်သူတွေကို စစ်ဆေးတုန်းပါ။ တရာရုံးကို တင်ထားတာ ၂၉ ဦးရှိပါတယ်”ဟု ကျောက်ပန်းတောင်းမြို့နယ် စခန်းမှူးဦးမြင့်အောင်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

အမှု ၂၁ မှုဖြင့် တရားစွဲဆိုခံရသူ အိုးအိုင်ရွာသား ကိုဇွဲမြတ်ဟိန်းမာန်က “တစ်ရက်ထွန် တစ်မှုနဲ့ ၂၁ မှုစွဲ ထားတာပါ။ ဒီလယ်မြေတွေက ကျွန်တော်တို့ အဘိုးအဘွား၊ မိဘတွေ ဓားမဦးချ ပိုင်ခဲ့တဲ့မြေတွေပါ။ အထောက်အထားတွေ အားလုံးရှိပါတယ်။ အခုလို လယ်မြေတွေအဓမ္မအသိမ်းခံခဲ့ရလို့ ကျွန်တော့်မိဘတွေ နှစ်ပေါင်းများစွာ သူများ လယ် အငှားလိုက်ခဲ့ရတယ်”ဟု ပြောသည်။

ဒေသခံများ၏ မြေကို သမ၀ါယမအသင်းမှ သိမ်းဆည်းထားကာ သီးစားပြန်လည်ချထားခြင်းကို ရန်တန့်ပေးရန်နှင့် မူလပိုင်ရှင်များကို ပြန်လည်ပေးအပ်ရန် အိုးအိုင်ရွာသားများက၂၀၁၃ခုနှစ်မတ်လတွင် သမ္မတ အပါအ၀င် သက်ဆိုင်ရာ ၀န်ကြီးဌာနများကို အသနားခံစာပေးပို့ခဲ့သည်။ ထို့ကြောင့် မန္တလေး တိုင်း မြေစာရင်းဦးစီးဌာနမှ လာရောက် စစ်ဆေးခဲ့ပြီး လယ်ယာစိုက်ပျိုးခွင့် တင်ခိုင်း ထားကြောင်း စိုက်ပျိုးခွင့်ရမှသာ ပြန်လည် စိုက်ပျိုးရန်လည်း ညွှန်ကြား ထားသည်ဟု ဆိုသည်။

“သူတို့ကို လယ်ယာစိုက်ပျိုးခွင့် တင်ခိုင်းတယ်။ အခု ပုံစံ(၁) တင်တဲ့အခါ တောင်သူ ၅၇ ဦး တင်ခွင့်ရပါ တယ်။ ပုံစံ(၇) ကျဖို့ကတော့ စောင့်ရဦးမှပါ။ သက်ဆိုင်ရာအဆင့်ဆင့်အမိန့်ကို စောင့်ဦးမှာပါ”ဟု မြင်းခြံ ခရိုင် မြေစာရင်းဦးစီးဌာမှ ဒုတိယဦးစီးမှူး ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

ထိုသို့ ဒေသခံလယ်သမားများအား အရေးယူထားခြင်းကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO)နှင့် ဆက်သွယ် ဆောင်ရွက်နေသော ကွန်ရက်တစ်ခုက အကူအညီပေးလျက်ရှိသည်။

“သူတို့နစ်နာမှုတွေ မဆုံးရှုံးအောင် လုပ်ဆောင်ပေးသွားမှာ။ အဓိကကတော့ အသိဉာဏ်နည်းလို့ပါ။ ပြီးတော့ ရိုးသားလွန်းအားကြီးလို့ ခံရတာပါ။ ဒါကြောင့် နောက်ထပ် ဖြစ်လာမယ့် အရေးတွေကို ကာကွယ်ဖို့ အခြေခံ တောင်သူ လယ်သမားအဖွဲ့တွေ ဖွဲ့ပေးနေတယ်။ တရားဝင် အဖွဲ့ အစည်းဖြစ်အောင်ထိ ကူညီ ဆောင်ရွက်ပေးတယ်”ဟု Facilitators Network With ILO Upper Myanmar (Mandalay) မှ ရှမ်း ပြည်နယ်မြောက်ပိုင်းတာဝန်ခံ ဦးမြင့်စိုးက မဇ္ဈိမကို ပြောသည်။

ယခုအခါတွင် အခြေခံ တောင်သူလယ်သမားအဖွဲ့များ ဖွဲ့ထားရာ ကျောက်ပန်းတောင်း မြို့နယ် တွင် ခြောက်ဖွဲ့နှင့် မြင်းခြံမြို့နယ်တွင် ရှစ်ဖွဲ့ ဖွဲ့စည်းနိုင်ပြီဖြစ်သည်။

အိုးအိုင်ကျေးရွာရှိ ကွင်းအမှတ် (၂၂၇၂) နှင့် (၂၂၇၃) အတွင်းရှိ လယ်မြေဧက ၆၄ ဒသမ၂၀ ဧကကို မနောရွှေဝါ စိုက်ပျိုးထုတ်လုပ်ရေး သမ၀ါယမအသင်းနှင့် လယ်ယာစိုက်ပျိုးရေးနှင့် သမ၀ါယမလီမိတက် တို့မှ ၁၉၇၉ ခုနှစ်တွင် သိမ်းယူခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ၀ါစီမံကိန်းအဖြစ် စိုက်ခင်းများစိုက်ပျိုးပြီး အောင်မြင် မှု မရှိသည့်အတွက် ဒေသခံများက ၀င်ရောက်စိုက်ပျိုးမှုများ လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here