Monday, October 21, 2013

ရန်ကုန် မျက်စိအထူးကု ဆေးရုံကြီးတွင် မျက်စိခွဲစိတ်မှုပေါင်း ၅၀၀၀ ခန့် ရှိခဲ့ပြီး မျက်ကြည်လွှာ အစားထိုး ကုသမှုပေါင်း ၁၀၀ ကျော်ထိ ပြုလုပ်ခဲ့

0 comments
                မျက်စိခွဲစိတ် ကုသမှု ခံယူရန် စောင့်ဆိုင်းနေသည့် မျက်စိဝေဒနာရှင်များအား တွေ့ရစဉ် 

 Monday, October 21, 2013

ရန်ကုန် မျက်စိအထူးကု ဆေးရုံကြီးတွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ သြဂုတ်လကုန်ပိုင်းအထိ မျက်စိခွဲစိတ် မှုပေါင်း ၅၀၀၀ ခန့် ပြုလုပ်ခဲ့ပြီး ယင်းတို့အနက်မှ မျက်ကြည်လွှာ အစားထိုး ကုသမှုပေါင်း ၁၀၀ ကျော် ထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မျက်စိခွဲစိတ်မှုပေါင်း ၅၀၀၀ ခန့်တွင် အတွင်းတိမ်လူနာ ၃၅၀၀ ကျော်၊ ရေတိမ်ဖြစ်ပွားသူ ၂၀၀ ခန့်၊ အကြောင်းအမျိုးမျိုးကြောင့် မျက်စိထိခိုက်သူဦးရေ ၁၅၀ ခန့်၊ မြင်လွှာထိခိုက်သူဦးရေ ၁၄၀ ခန့်၊ မျက်စိတွင် အကြိတ်ဖြစ်ပွားသူဦးရေ ၆၀ ခန့်၊ မွေးရာပါ အတွင်းတိမ် ဖြစ်ပွားသူ ၂၀ ကျော်နှင့် မျက်ကြည်လွှာ အမာရွတ်ကြောင့်သော် လည်းကောင်း၊ မျက်ကြည်လွှာ အနာကြောင့်သော် လည်းကောင်း မျက်ကြည်လွှာ အစားထိုး ကုသသူဦးရေ ၁၀၀ ကျော် ခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်းနှင့် အသေးစား ခွဲစိတ်မှု အပါအ၀င် အထွေအထွေ ခွဲစိတ်မှုပေါင်း ၂၀၀၀ ၀န်းကျင်ခန့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဆရာတို့ ဆေးရုံမှာတော့ အရင်ကတည်းက မျက်စိခွဲစိတ်တာကို တတ်နိုင်သလောက်တော့ အခမဲ့ လုပ်ပေးခဲ့တယ်။ ပိုက်ဆံတတ်နိုင်တဲ့သူတွေ ကျတော့လည်း ကိုယ်သုံးချင်တဲ့ဆေး ကိုယ့်ဘာသာဝယ်ပြီး သုံးတာပေါ့လေ၊ သူတို့ကျတော့ စရိတ်မျှပေး စနစ်ပေါ့။ ချို့တဲ့တဲ့သူတွေ အတွက်ကျတော့ အခမဲ့ပေါ့။ အရင်က ဆိုရင်တော့ လာပြတဲ့သူက ၀ယ်သုံးရတာ ရှိတယ်။ ခုတော့ ဘတ်ဂျက်တွေ ချပေးနေ ပြီ ဖြစ်တဲ့ အတွက် ဆေးတွေကိုလည်း အားလုံးနီးပါးကို အခမဲ့ ပေးနိုင်နေပြီ၊ မနှစ်တုန်းကဆိုရင် အခမဲ့ ခွဲစိတ်ပေး တဲ့ လူနာက ၁၀၀၀ ကျော်လောက်ပဲ ရှိခဲ့တယ်။ ဒီနှစ်မှာတော့ နှစ်ကုန်ပိုင်းလောက်ထိဆိုရင် ၃၀၀၀ နီးပါးလောက်ထိ ခွဲစိတ်မှု ပေးနိုင်မယ်လို့ မှန်းထားတယ်" ဟု ရန်ကုန်မျက်စိ အထူးကု ဆေးရုံကြီး မှ ဆေးရုံအုပ် ဒေါက်တာငွေစန်းက ပြောကြားခဲ့သည်။

ယခင်နှစ်တွင် မျက်စိခွဲစိတ်မှုပေါင်း ၆၆၀၀ ခန့် ပြုလုပ်ပေးခဲ့ပြီး ယင်းတို့အနက်မှ ၁၁၂၃ ဦးကိုသာ အခမဲ့ ခွဲစိတ်ပေးနိုင်ခဲ့ကာ ယခုနှစ်တွင်မူ ယခုနှစ်ကုန်ပိုင်းအထိ မျက်စိခွဲစိတ်မှုပေါင်း ၇၀၀၀ ကျော်အထိ ခွဲစိတ်ပေးနိုင်ရန် မျှော်မှန်းထားကြောင်းနှင့် ယင်းတို့အနက်မှ ၃၀၀၀ နီးပါးအား အခမဲ့ ခွဲစိတ်ပေးနိုင် ရန် မျှော်မှန်းထားပြီး လက်ရှိအချိန်ထိ မျက်စိခွဲစိတ်မှုပေါင်း ၁၄၀၀ ကျော်ကို အခမဲ့ ခွဲစိတ်ပေးခဲ့ ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်၏ စာရင်းများအရ ရန်ကုန်မျက်စိ အထူးကု ဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင် လာရောက်ပြ သသူ လူနာဦးရေ ၄၈၀၀၀၊ အတွင်းလူနာ ဌာနတွင် ပြသသူဦးရေ ၆၈၀၀ ရှိခဲ့ပြီး ၂၀၁၃ ဇန်န၀ါရီမှ သြဂုတ် အထိ ပြင်ပလူနာ ဌာနတွင် လာရောက်ပြသသူ လူနာဦးရေ ၃၆၀၀၀ နှင့် အတွင်းလူနာ ဌာနတွင် လာရောက်ပြသသူဦးရေ ၅၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here