Monday, October 28, 2013

နိုင်ငံရေး ဆွေးနွေးပွဲများ၌ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ပါဝင်ခွင့်ရရေး ဆွေးနွေးမည်

0 comments

28-10-2013

အစိုးရက လာမည့်နှစ်အတွင်း ကျင်းပမည်ဟု ကြေညာ ထားသော နိုင်ငံရေး ဆွေးနွေးပွဲများကို တိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရ ပူးတွဲစီမံခွင့် ရရှိရေး ကရင်အမျိုးသား အစည်း အရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့က KIO ဌာနချုပ် လိုင်ဇာ တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ညီလာခံတွင်တင်ပြ ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရှိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး KIO ဌာနချုပ် လိုင်ဇာတွင် အောက်တိုဘာလ ၁၀ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ညီလာခံတွင် ယင်းအချက် အပါအဝင် နိုင်ငံရေး ဆွေးနွေးပွဲနှင့် သက်ဆိုင်သော မူဘောင်ငါးချက်ကို KNU နှင့် RCSS တို့က တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ လက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန် လိုက်သည်။

KNU နှင့် RCSS အဖွဲ့တို့က တိုင်းရင်းသား လက်နက်ကိုင် ညီလာခံတွင် နိုင်ငံရေး ဆွေးနွေးပွဲများ၌ လက်နက်ကိုင် တပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ လွှတ်တော်အမတ်များ၊ တပ်မတော် တာဝန်ရှိသူများ၊ အစိုးရ စသည့်အဖွဲ့အစည်းများ ပါဝင်ရန်နှင့် ယင်းဆွေးနွေးပွဲများကို အစိုးရနှင့် လက်နက်ကိုင် တပ်ဖွဲ့များ ပူးတွဲ စီမံခွင့် ရရှိရေးအတွက် တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့ကလည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရသစ် လက်ထက်တွင် ကျင်းပနေသော နိုင်ငံရေး ဆွေးနွေးပွဲများအတွက် အာမခံချက် ရှိရေးနှင့် တိုင်းရင်းသားဒေသများသို့ အခြေခံဥပဒေအရ အာဏာခွဲဝေမှု ပြုလုပ်ပေးရန် ကိုလည်း ဆွေးနွေးသွားရန် ရှိကြောင်း KNU ထံမှ သိရှိရသည်။

အဆိုပါ လက်နက်ကိုင် ညီလာခံတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အချက်လေးချက် ကိုလည်း တင်ပြသွားမည် ဖြစ်ကြောင်း KNU နှင့် RCSS/SSA ခေါင်းဆောင်များက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲ၌ KNU နှင့် RCSS တို့ ဆွေးနွေးမည့် မူဘောင်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီထံ တင်ပြထားကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ တက်ရောက်မည့် လိုင်ဇာ ညီလာခံက သဘောတူညီလိုက်သည့် အချက်များကို အောက်တိုဘာ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကျင်းပမည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ဆွေးနွေးပွဲတွင် ပြန်လည် ညှိနှိုင်းမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

အစိုးရက ယခုလပိုင်း အတွင်းတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပွဲ ပြုလုပ် မည်ဟု ကြေညာ ထားသော်လည်း KIO/KIA, TNLA အဖွဲ့တို့နှင့် အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိ သဖြင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရေးအတွက် KIO က ဦးဆောင်ကာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ညီလာခံ ကျင်းပရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ က အောက်တိုဘာလ ပထမပတ်အတွင်း သဘောတူညီခဲ့သည်။

အဆိုပါ ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ ပူးပေါင်း ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး တွင် နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စု တရားသူကြီးချုပ်တို့ တက်ရောက် လက်မှတ်ထိုးရန် တောင်းဆို သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံရေး ဆွေးနွေးများ စတင်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောဆိုထားသည်။


The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here