Thursday, October 10, 2013

လစ်ဗျားတွင် စစ်သွေးကြွများ ထကြွနေခြင်းကို အနောက်နိုင်ငံများ ကူညီနှိမ်နင်းပေးရန် တောင်းဆို

0 comments


ထရီပိုလီ၊ အောက်တိုဘာ ၈

လစ်ဗျား အာဏာရှင် ကဒါဖီကို ရာထူးမှ ဖြုတ်ချခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ နိုင်ငံတွင်း စစ်သွေးကြွအုပ်စုများ သောင်းကျန်းနေခြင်းကြောင့် ယင်းလက်နက်ကိုင်များကို နှိမ်နင်းနိုင်ရေးတွင် အနောက်နိုင်ငံများ အကူအညီပေးရန် လစ်ဗျားဝန်ကြီးချုပ် အလီဇီဒန်က တောင်းဆို လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

လစ်ဗျားနိုင်ငံကို အခြေစိုက်စခန်း အဖြစ်အသုံးပြုပြီး ဒေသတွင်း နိုင်ငံများကို လက်နက်များ မှောင်ခိုတင်ပို့နေကြောင်း ဝန်ကြီးချုပ် အလီဇီဒန်က ပြောကြားလိုက်သည်။
“အဲဒီလက်နက် တင်ပို့မှုတွေက အိမ်နီးချင်းနိုင်ငံတွေကိုလည်း အန္တရာယ် ဖြစ်စေပါတယ်။ အဲဒါတွေကို ရပ်တန့်နိုင်ဖို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းကူညီမှု လိုပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

လက်နက်များကို လစ်ဗျားနိုင်ငံတွင်းမှ အဖွဲ့အသီးသီးက တင်ပို့နေကြပြီး လုပ်ကြံ သတ်ဖြတ်မှုများ ပြုလုပ်ခြင်းဖြင့် နိုင်ငံတွင်း အကြောက်တရား ကြီးစိုးအောင်လည်း လုပ်ဆောင်လျက်ရှိသည်။

ထို့အပြင် လစ်ဗျားနိုင်ငံအတွင်း လက်နက်များ အလွယ်တကူ ရရှိနေပြီး လမ်းများ၊ အိမ်များ၌ပင် ရရှိနိုင်ခြင်းကြောင့် လူငယ်များ လက်နက်ကိုင်ဆောင်လာကြကာ စစ်သွေးကြွ အုပ်စုများကြား တိုက်ခိုက်ပွဲများကို နေ့စဉ်တွေ့မြင်နေရကြောင်း ဝန်ကြီးချုပ်က ထောက်ပြသည်။

အာဏာရှင် ကဒါဖီကို ဖြုတ်ချခဲ့သည့် ၂၀၁၁ တော်လှန်ရေး နောက်ပိုင်းမှ စ၍ နိုင်ငံတွင်း တန်ချိန်သန်းနှင့် ချီသည့် လက်နက်ခဲယမ်းများ ပျံ့နှံ့နေကြောင်း အနောက်တိုင်း ထောက်လှမ်းရေး အဖွဲ့များက ခန့်မှန်းထားသည်။

ယင်းလက်နက်များတွင် လူတစ်ဦးချင်းစီ အလွယ်တကူ သယ်ဆောင် ပစ်ခတ်နိုင်သည့် လေယာဉ်ပစ် ဒုံးကျည်စနစ်ပေါင်း ၃၀၀၀ မှ ၈၀၀၀ ထိ ပါဝင်နေပြီး စစ်ဘက်လေယာဉ်များ၊ အရပ်ဘက် လေယာဉ်များအတွက် ခြိမ်းခြောက်မှုကြီးများ ဖြစ်နေသည်။

အဆိုပါ လေယာဉ်ပစ် လက်နက်များမှာ အသုံးပြုရန် လွယ်ကူပြီး သိုဝှက်ထားရန်လည်း လွယ်ကူခြင်းကြောင့် အယ်လ်ကေဒါ အကြမ်းဖက်အုပ်စု ကဲ့သို့သော အဖွဲ့များက လိုလားလျက် ရှိကြောင်း လုံခြုံရေး ကျွမ်းကျင်သူများက ပြောကြားသည်။

လစ်ဗျားနိုင်ငံတွင်း ယင်းကဲ့သို့ လက်နက်အမျိုးမျိုး ပျံ့နှံ့နေခြင်းကြောင့် စစ်သွေးကြွ အုပ်စုအမျိုးမျိုး ပေါ်ပေါက်လာပြီး ဗဟိုအစိုးရအဖွဲ့၏ အာဏာ သက်ရောက်နိုင်မှု အားနည်းနေကာ တရားဥပဒေ စိုးမိုးမှုများ ချို့တဲ့လျက် ရှိခြင်းကြောင့် စစ်သွေးကြွများ နှိမ်နင်းနိုင်ရေး အပြည်ပြည်ဆိုင်ရာ အကူအညီကို ဝန်ကြီးချုပ်က တောင်းခံလိုက်ခြင်း ဖြစ်သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here