Tuesday, December 3, 2013

အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေး ကြန့်ကြာနေမှု ၀န်ကြီးဌာနအားနည်းချက်ဟု ဆို

0 comments
3.12.2013

နည်းဥပဒေ ထွက်ရှိပြီးသည်မှာကိုးလခန့်ကြာပြီဖြစ်သော်လည်း အနည်းဆုံး အခကြေးငွေသတ်မှတ်ရန် ၀န်ကြီးဌာန၏ နှောင့်နှေး ကြန့်ကြာမှုကြောင့် မသတ်မှတ်နိုင်ခြင်းဖြစ်ကြောင်း အလုပ်သမားအရေး ဆောင် ရွက်နေသူများက ဝေဖန်ပြောကြားလိုက်သည်။

အနည်းဆုံး အခကြေးငွေ လုပ်ထုံးလုပ်နည်းဥပဒေကို ယခုနှစ် မတ်လ ၂၂ ရက်က ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ကိုးလကျော် ခန့်ကြာသည်အထိ အနည်း ဆုံးအခကြေးငွေ သတ်မှတ်နိုင်ခြင်း မရှိသည့်အပေါ် အလုပ်သမားအရေးဆောင်ရွက်နေသူများက အထက်ပါအတိုင်း ဝေဖန်ပြောကြားလိုက်ခြင်း ဖြစ်သည်။

“စက်မှုဇုန်က အလုပ်သမားတွေကို ကယ်ဆယ်ရေး အမြန်လုပ်သင့်နေပြီ။ ၀န်ကြီးဌာန ဆောင်ရွက်တာ နှေးတယ်လို့ မြင်တယ်။ လုပ်ခ မသတ်မှတ်နိုင်သေးဘူး။ စစ်တမ်းကောက်တာတွေ နှေးလွန်းတယ်။ ဒီလောက်အထိ အချိန်မကြာသင့်ဘူး။ တကယ် လုပ်ရင် တစ်လနဲ့ပြီးတယ်” ဟု အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေးရှင်းရေး ခုံသမာဓိကောင်စီ အလုပ်သမား ကိုယ်စားလှယ် ဦးရဲနိုင်ဝင်းက မဇ္ဈိမကို ပြောသည်။

အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနဆောင်ရွက်မှုမှာ ဥပဒေအရ ဒုတိယအဆင့်ထိသာ ဆောင် ရွက်နိုင်ခြင်းဖြစ်ကြောင်း ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။

အလုပ်သမားအရေး ဆောင်ရွက်ပေးလျက်ရှိသည့် ရှေ့နေဦးဌေးက “အခုထိ လုပ်ခအနည်းဆုံး မသတ် မှတ်နိုင်တဲ့ အတွက် အလုပ်ရှင် အလုပ်သမားကြား အငြင်းပွားမှုဆန်္ဒပြမှုဖြစ်နေတာ။ အနည်းဆုံး အခကြေးငွေသတ်မှတ်ချက်မရှိတာ က အလုပ် ရှင်တွေ ဘက်က အကြောင်းပြ ချက်တစ်ခု ဖြစ်နေတယ်။ အဲဒီဥပဒေ မရှိတဲ့အတွက် အလုပ်ရှင်တွေက လုပ်ခလစာ တိုးမပေး သလိုဖြစ်နေတယ်” ဟု ပြောသည်။

အလုပ်သမားသမဂ္ဂများက အလုပ်သမားဝန်ကြီးဌာနသို့ နောက်ဆုံး တင်သွင်းခဲ့သည့် အစီရင်ခံစာအရ တစ်နာရီလျှင် လုပ်ခ ကျပ် ၇၀၀ ဖြင့် အလုပ်ချိန် တစ်ရက် ရှစ်နာရီ သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ အလုပ်ရှင်များ အနေဖြင့် တစ်ရက်လုပ်အားခ ကျပ် ၃,၀၀၀ သာပေးရန် ဆန္ဒရှိနေကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများ က ဆိုကြသည်။

အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က “လုပ်ခအနည်းဆုံး သတ်မှတ်ဖို့ အချိန်တွေ အများကြီး လိုတယ်။ သတ်မှတ်ပြီးမှ အလုပ်သမားတွေလိုချင်တာ ထက်လျော့ နေလို့မရဘူး။ အလုပ်ရှင်က ပိုပေးတာ က ပြဿနာမရှိဘူး။ တာဝန်ယူ ထားတဲ့အပိုင်းက လုပ်ခအန ည်းဆုံး သတ်မှတ်ပေးလိုက်လို့ အလုပ်ရှင်က ပေး မပေးကို ကြီးကြပ်ရမယ်။ အလုပ်ရှင်က ပေးလာအောင် လုပ်ရမယ့်တာဝန်ဖြစ် တယ်။ သတ်မှတ်တဲ့ လုပ်ခအနည်းဆုံးကို အလုပ်ရှင် ကမပေးရင် ဥပဒေအရဆောင် ရွက်မယ် ”ဟု ပြောသည်။

ဦးရဲနိုင်ဝင်းက “တစ်ရက်ကို လက်ရှိ အခြေအနေအရ ၃,၀၀၀ ကျပ်သတ်မှတ်မယ်ဆိုရင်လည်း လက်ခံနိုင် တဲ့အနေအထားတော့ ရှိပါတယ်။ ဒါပေမဲ့ အချိန် ပိုနဲ့ခိုင်းတဲ့စနစ်ကိုတော့ ဖျက်သိမ်းသင့်တယ်။ တစ်ဖက် က စားသောက်စရိတ်နဲ့ လူနေမှု စရိတ်တွေက မြင့်တက်လာတယ်။ အဲဒါတွေကို ဖြေလျှော့ပေးနိုင်ဖို့လည်း လိုတယ်” ဟု ပြောကြားသည်။

နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တွင် လှိုင်သာယာစက်မှုဇုန်ရှိ နေမင်းအောင်နှင့် သုံးထပ်ကြီး အထည် ချုပ်စက်ရုံများတွင် လုပ်ခလစာတိုးပေးရန် ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်လျက်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ရှေ့နေဦးဌေးထံမှ သိရသည်။

အနည်းဆုံး အခကြေးငွေသတ်မှတ် ပေးနိုင်ရန် လူမှုဖူလုံရေးနှင့် အလုပ်အကိုင် ရှာဖွေးပေးရေးဝန်ကြီးဌာန က ကော်မတီ ဖွဲ့စည်းပြီး စတင်တာဝန်ယူ ဆောင်ရွက်နေပြီဖြစ်သည်။ ၀န်ကြီးဌာန အနေဖြင့် ပြည်နယ် နှင့်တိုင်းဒေသကြီးများတွင် သုတေသ နပြု လုပ်ခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ အားနည်းခြင်းကြောင့် အနည်းဆုံး အခကြေးငွေ မသတ်မှတ်နိုင်ခြင်းဖြစ်ကြောင်း အလုပ်ရှင် အလုပ်သမား အရေး ဆောင်ရွက်နေသူများက သုံးသပ်ကြခြင်း ဖြစ်သည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here