Thursday, October 17, 2013

ဗုံးပေါက်ကွဲမှုတွေက ငြိမ်းချမ်းရေးဖြစ်စဉ်တွေအပေါ် ထိခိုက်နိုင်သလား ပါတီခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ အမြင်များ စုစည်းမှု

0 comments

17.10.2013

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာခဏပြုလုပ်နေသည့် အချိန်တွင် ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအ၀င် အခြားမြို့ကြီးများတွင် ဗုံးပေါက်ကွဲမှုများနှင့် ဗုံးတွေ့ရှိမှုများ ဖြစ်ပေါ်နေသည့်အတွက် ငြိမ်းချမ်းရေးကို မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိနိုင်မည်ကို တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ၏ အမြင်ကို စုစည်းတင်ပြလိုက်ပါသည်။

ဦးခွန်ထွန်းဦး (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ)

အကုန်လုံး သဘောတူဖို့တောင် စိုင်းပြင်းတော့မှာပဲလေ။ အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ဘူးဗျ။ ဒါတွေက ရိုးနေပါပြီ။ လုပ်လည်း မလုပ်လောက်တော့ပါဘူး။ မူဘောင်ဆွေးနွေးပွဲပဲ အားကောင်းမောင်းသန် ပြောနေကြပြီပဲ။ အဓိကကတော့ အစီအစဉ်ရှိတဲ့သူက လုပ်မှာပဲ။ လုပ်တာလည်း ကြည့်ဦးလေ။ တစ်ချိန်တည်းမှာ
ပြန်ပြီးလုပ်နေတာဆိုတော့ နည်းနည်းနောနော အင်အားမှ မဟုတ်ဘဲ။ ပေါ့လို့မရဘူး။ ဖြစ်စဉ်တွေ အများကြီးလာဦးမှာ ဆီးဂိမ်းလာမယ်။ သန်းခေါင်စာရင်း ယူဦးမယ်။ အာဆီယံ ဥက္ကဋ္ဌလည်း လုပ်ဦးမှာ။ အဲ့ဒါတွေက ထည့်တွက်ရမယ့်ဟာပဲလေ။ အစိုးရတစ်ခုတည်း အရှက်ကွဲမှာ မဟုတ်ဘူး။ တစ်တိုင်းပြည်လုံး အရှက်ကွဲမှာ။

ဦးစောသိန်းအောင် (ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအဖွဲ့ဝင်)

အခုဖြစ်စဉ်မှာ လုပ်သွားတဲ့အဖွဲ့ကတော့ တစ်ခုခုကို ဦးတည်ပြီး လုပ်သွားတာ သေချာတယ်လေ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုပဲလား။ ဒါမှမဟုတ် ကျွန်တော်တို့ နိုင်ငံတော်အစိုးရက အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အနေအထားမှာ သူတို့ဆန္ဒသဘောထားကိုပဲ ပြချင်တဲ့သဘောထားလား။ ပြည်သူတွေကို ထိတ်လန့်အောင် လုပ်တဲ့သဘောလို့တော့ ကျွန်တော်မြင်တယ်။ နည်းနည်း အကြောက်တရား ကြီးစိုးသွားအောင်ပေါ့။ ငြိမ်းချမ်းရေးအတွက် အကျိုးသက်ရောက်မှုကတော့ အခုလုပ်တဲ့ တရားခံတွေကို သေချာသိရင်တော့ ခန့်မှန်းပြီးပြောလို့ရတာပေါ့ဗျာ။ ငြိမ်းချမ်းရေးအဖွဲ့ကလည်း သူလုပ်တာမဟုတ်ရင် မဟုတ်တဲ့အကြောင်း ပြန်ချေပမှာပေါ့။ ငြိမ်းချမ်းရေးအဖွဲ့ကလည်း အခုချိန်ထိ ထုတ်ပြန်တာ မရှိသေးဘူး။ အဲ့ဒါခက်နေတာ။ နှစ်ဖက်စလုံးကလည်း ငြိမ်းချမ်းရေးကို လုပ်ချင်နေတာပဲ။ လက်နက်ကိုင်အဖွဲ့တွေကလည်း လုပ်ချင်တယ်။
နိုင်ငံတော်အစိုးရကလည်း လုပ်ချင်တယ်။

ဒေါက်တာဗညားအောင်မိုး (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေ စီပါတီ

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တာဟာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အတွက်ပဲ။ အခု ဗုံးဖောက်တာက အကြမ်းဖက်တဲ့နည်း ဆန်ဆန်ပဲလေ။ ဆွေးနွေးတဲ့အဖွဲ့နဲ့ မသက်ဆိုင်ဘူးဆိုရင်တော့ ဒါဘာမှ စကားပြောစရာ မလိုပါဘူး။ တကယ်လို့ ဆွေးနွေးထားပြီးတဲ့ အဖွဲ့ သဘောတူညီမှု ရထားပြီးတဲ့အဖွဲ့က ဒီလိုဖောက်ခွဲတဲ့လုပ်ငန်းကို ဖြစ်တယ်ဆိုရင်တော့ အစိုးရနဲ့ အဲ့ဒီ အဖွဲ့ဆက်လက်ပြီးတော့ ဆွေးနွေးညှိနှိုင်း စကားပြောရမှာ ပဲလေ။ ဆက်လက်ပြီးတော့ စစ်ဆေးစရာတွေ အများကြီး ရှိသေးတယ်လေ။ နောက်ကြောင်းမှာ ဘယ်လိုရှိတယ် ဆိုတာတွေ ရှာစရာအများကြီးရှိသေးတယ်လေ။ ဖြစ်နိုင်တာက ဘာလဲဆိုတော့ အကြမ်းဖက်မှုကို လိုလားတဲ့အုပ်စုကပဲ လုပ်တဲ့သဘောပဲလို့ ကျွန်တော်မြင်တယ်လေ။ နောက်ပြီးတော့ အစိုးရကို အနှောင့်အယှက်ပြုတဲ့ သဘောမျိုးလည်း ပါချင်ပါမှာပေါ့။ ဘာလို့လဲဆိုတော့ အစိုးရက လုပ်စရာတွေ အများကြီးရှိသေးတယ်။ ထိခိုက်မှုရှိနိုင်တာက နိုင်ငံခြား ဧည့်သည်တွေလာနေတဲ့ အရှိန်လျော့ကျအောင် တိုင်းပြည်စီးပွားရေး ထိခိုက်အောင် ဒါက တစ်ချက်၊ နောက်တစ်ချက်က မကြာခင် ကျင်းပမယ့် ဆီးဂိမ်းကို လူတွေအလာနည်းအောင်၊ နိုင်ငံတကာက အလာ နည်းအောင်ပေါ့လေ။ ဒီလိုဖြစ်တာကတော့ ကျွန်တော်တို့ တိုင်းပြည် အများကြီး နစ်နာတယ်။

ဒေါ်ဒွဲဘူ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်

အခုဖြစ်တဲ့နေရာတွေကို ကြည့်မယ်ဆိုလို့ရှိရင် တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ ဒီလိုကိစ္စတွေကို သူတို့ကြောင့် ဖြစ်မယ်လို့တော့ ကျွန်မ မယူဆဘူး။ အခုက အစိုးရကို တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင် လုပ်တဲ့ သဘောပဲ။ ငြိမ်းချမ်းရေးမှာတော့ ဒီကိစ္စကြောင့် ဘာမှ မထိခိုက်ဘူးလို့ မြင်တယ်။ ဘာပဲပြောပြော ကျွန်မတို့နိုင်ငံ တည်ငြိမ်အေးချမ်းဖို့ဆိုတာ အဓိကက တိုင်းရင်းသား လက်နက်ကိုင်တွေပေါ့။ အဲဒါကတော့ အုပ်စုလိုက်ဖြစ်တာပေါ့။ ဒါက တိုင်းရင်းသားအရေး။ အခုက မြို့တွင်းကြီးမှာ ကြိုကြား ကြို ကြားဖြစ်နေတာ။ ဒါကတော့ အဖျက်လုပ်ငန်းလို့ ကျွန်မ မြင်ပါတယ်။

နိုင်ဟံသာပွမ်န်ခန်းမ်
(မဟာမိတ်နှင့် နိုင်ငံခြားရေးရာဌာန၊ တာဝန်ခံ၊ မွန်ပြည်သစ်ပါတီ)

ဗုံးကိစ္စတွေက ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ လောလောဆယ်တာ့ သေချာ အတိအကျ မကြားပေမယ့် နားစွင့်နေတယ်၊ အခုလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို လောလောဆယ်တော့ သက်ရောက်မှု မရှိသေးဘူး။ ဘာပဲလုပ်လုပ် အဲ့လိုမျိုး အစိုးရရဲ့ ကိုင်တွယ်မှုပေါ်မှာလည်း မူတည်တယ်၊ ယိုးစွပ်မှုတွေရှိလာရင်တော့ ဖြစ်လာနိုင်တယ်၊ ကျွန်တော်တို့အနေနဲ့တော့ အရမ်းထိလွယ်ရှလွယ်တယ် ဆိုတော့ ပြောလို့မကောင်းဘူး၊ အဲ့တော့၊ စောင့်ကြည့်တာကောင်းမယ်၊ အဲ့တော့ အဖွဲ့အစည်းတွေအနေနဲ့ကလည်း ဂရုတစိုက်နေလာရတယ်၊ ဒီလိုကိစ္စတွေကလည်း တိမ်းစောင်းခံလို့မရတဲ့ ကိစ္စတွေဆိုတော့ ဘာကိုမှ သေချာ မပြောနိုင်သေးဘူး၊ ဂရုတစိုက်တော့ စောင့်ကြည့်နေတယ်။

ဦးစိုင်းလိတ်
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြောရေးဆိုခွင့်ရှိသူ)

ဒီအပေါ်မှာ အမြင်စောင်းမှုတွေ မဖြစ်အောင်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပျက်ပြားမှုဖြစ်လာမယ့် ရိုက်ခတ်မှုတွေ မဖြစ်အောင်တော့ အစိုးရဘက်မှာပဲ လုံးလုံး တာဝန်ရှိတယ်လို့ ထင်ပါတယ်၊ သူ့ဘက်က စစ်တပ်ရော၊ ရဲရော ရှိတယ်လေ၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်တယ်၊ ဘယ်လိုဖြစ်လာတယ် ဘယ်ကဆိုတာကတော့ တိကျတဲ့အဖြေကို အစိုးရက ထုတ်ပေးရမယ်၊ အဲ့လိုမှမဟုတ်ဘဲ ရေရှည်ဖြစ်လာမယ်ဆိုရင်တော့ ထင်ယောင်ထင်မှားဖြစ်ပြီး မလိုလား အပ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆွေးနွေးနေတဲ့အချိန်မှာတော့ ဒီကိစ္စကို ထည့်သွင်းစဉ်းစားရမယ့်အချက်ထဲမှာ ပါတယ်လို့ ပြောချင်တယ်၊ ကျွန်တော်တို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကြိုးစားတဲ့အချိန်တိုင်း၊ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေ လုပ်တဲ့အချိန်တိုင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက လက်နက်ကိုင်တစ်ဖွဲ့ ဖွဲ့နဲ့ သွားတွေ့တာပဲဖြစ်ဖြစ်၊ တိုက်ဆိုင်စွာပဲ ရုန်းရင်းဆန်ခတ်မှုတွေ၊ ဗုံးပေါက်ကွဲမှုတွေ၊ အခြားကိစ္စတွေ ဆူပူမှုတွေ ဖြစ်နေတာက၊ သမားရိုးကျ
ဖြစ်နေပါပြီ၊ ဖြစ်ရိုးဖြစ်စဉ်တွေ ဖြစ်နေပါပြီ၊ တစ်ဖက်က မလိုလားအပ်တဲ့ အဖွဲ့အစည်းတွေက လှုပ်ရှားနေသလို တစ်ဖက်မှလည်း ကျွန်တော်တို့က ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖို့ လိုအပ်သလို တိုင်းပြည်ရဲ့လုံခြုံရေး၊ တည်ငြိမ်ရေးတွေ ကိုလည်း ထိခိုက်လာနိုင်ပါတယ်၊ ဒီ့ထက်မက ပွင့်လင်းမြင်သာစွာနဲ့ အချိန်မနှေးဘဲ လူထုကိုရော၊အားလုံးကိုပါ မှန်ကန်တဲ့သတင်းတွေ ထုတ်ပြန်ပြီး ဆောင်ရွက်သင့်နေပါပြီ။

ကိုမင်းဇော်ဦး (ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင်)

အဓိကကတော့ ဗုံးခွဲတဲ့ပုံစံတွေကို ကြည့်လိုက်ရင် လူထုကို အထိတ်တလန့်ဖြစ်အောင်၊ လူထုက အဲ့လိုဖြစ်လာလို့ အစိုးရက ချက်ချင်း မဖော်ထုတ်ပေးနိုင်သေးရင် အစိုးရက မကာကွယ်ပေးနိုင်ဘူးဆိုပြီး ဖြစ်အောင်၊ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေတယ်လို့ မြင်ပါတယ်၊ အဲ့တာက လက်ရှိဖြစ်နေတဲ့ ပြဿနာတွေပါ၊ အစိုးရဘက်က ကျွန်တော်တို့ ကြားထားသလောက်တော့ အသေးစိတ် စနစ်တကျ စုံစမ်းနေတယ်၊ အားလုံးကို သေချာရင် စုံစမ်းလို့ ဖော်ထုတ်နိုင်ရင် သတင်းစာရှင်းလင်းပွဲတွေ လုပ်ပေးမယ်၊ လူထုကိုလည်း သေချာကြေညာမယ်လို့ ပြောတာတွေ ရှိထားပါတယ်၊ အခုကိစ္စက လူထုကို အကြောက်အလန့် ဖြစ်အောင် လုပ်တဲ့အပြင်၊ လူထုနဲ့အစိုးရကြားမှာ ကွာဟချက်တွေဖြစ်အောင်လည်း ရည်ရွယ်လုပ်တာဖြစ်မှာပါ၊

ဒီကိစ္စတွေကြောင့်တော့ အစိုးရရော၊ တိုင်းရင်းသားတွေရော လျှောက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ပျက်သွားမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ဒီလိုအဆင့်ရောက်ဖို့ကို ဆွေးနွေးခဲ့ရတာကြာပြီ၊ နောက်လည်း ထပ်ပြီး ဆွေးနွေးဖို့ ပြင်ဆင်ထားတာ တွေရှိသလို၊ ဒီအဖျက်အမှောင့်ကြောင့်တော့ အပျက်စီးခံမှာ မဟုတ်ပါဘူး၊

ဗိုလ်ကြီးစောလွင်
(ကယန်းပြည်သစ်ပါတီ၊ အထွေထွေအတွင်းရေးမှူး)

ကျွန်တော်တို့မြင်တာတော့ ဒီလိုပေါက်ကွဲမှုတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြီးကြီးမားမား ထိခိုက်မယ် မထင်ဘူး၊ ဒါပေမဲ့ ပျက်ပြားစေမယ့်အဖွဲ့တွေက လုပ်နေတာပါ၊ ပြဿနာတစ်ခုကို အကြမ်းဖက်မှုနဲ့ ဖြေရှင်းတာကိုတော့ မလိုလားဘူး၊ ပြည်သူတွေ ထိခိုက်တာကိုလည်း မလိုချင်ဘူး။

နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်တာတို့ တစ်ခုခုဆို တရားခံအစစ်ကို ဖမ်းမမိတာ အစဉ်အလာတစ်ခုလို ဖြစ်နေပြီ၊ အစိုးရက တရားခံလို့ ထောင်ချလိုက်တဲ့သူတွေကလည်း တရားခံအစစ်တွေ မဟုတ်ဘူးဆိုပြီး အသံတွေ ထွက်ထွက်လာတယ်၊ အရင်က သူတို့က အားမထုတ်တာလား၊ အဆင့်မမီကြလို့လား မပြောတတ်ဘူး၊ နီးစပ်ရာ လက်နက်ကိုင် တော်လှန်နေတဲ့ တိုင်းရင်းသားတွေကို လွှဲချတယ်၊ အခုလည်း တကယ့် တရားခံကို ဖော်ထုတ်နိုင်ပါ့မလား သံသယဖြစ်မိတယ်၊ တရားခံမဟုတ်တဲ့ သူတွေကို လက်ညှိုးထိုးမှာ စိုးရိမ်တယ်၊ အဲ့တော့ တရားခံအစစ်က လွတ်တယ်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရပဲ ဖြေရှင်းစေချင်တယ်၊ အခုက တကယ်ကို သွေးရိုးသားရိုးမဟုတ်ဘူး။

အခုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံလည်း ပြင်ဆင်နေတဲ့အချိန်၊ တိုင်းရင်းသားနဲ့ အစိုးရလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေတဲ့အချိန်၊ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နေတဲ့အချိန်ဖြစ်တော့ သေချာတာ ဒါတွေကို မလိုလားတဲ့ သူတွေထဲကနေ သေချာရှာရင်တော့ တရားခံက ထွက်လာမယ်လို့ထင်တယ်၊ နိုင်ငံရေးရည်မှန်းချက်တစ်ခုအတွက် ဒီလိုအကြမ်းဖက်တာကတော့ ဘယ်တော့မှ ရည်ရွယ်တာ အောင်မြင်မှာ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here