Thursday, October 17, 2013

မြေယာများ ခြံစည်းရိုးခတ်သည့်အတွက် တောင်းဆိုသော လက်ပံတောင်းဒေသခံများနှင့် သမ္မတရုံးဝန်ကြီး တွေ့ဆုံ

0 comments

Thursday, October 17, 2013

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ လျော်ကြေးရယူ ထားခြင်းမရှိသေးသော မြေယာများကို ၀မ်ပေါင်ကုမ္ပဏီမှ အလုပ်သမားများက ခြံစည်းရိုးခတ်လိုက်သည့်အတွက် မကျေနပ်ကြသည့် လယ်သမားများနှင့် ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးလှထွန်းတို့ စက်တင်ဘာ ၁၅ ရက်က တွေ့ဆုံခဲ့သည်ဟု တွေ့ဆုံပွဲတွင် ပါဝင်သူများက မဇ္ဈိမကို ပြောသည်။

ယင်းသို့တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း မြေယာလျော်ကြေးကိစ္စအတွက် တိကျသောအဖြေမရရှိသေးဘဲ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရန် ရှိသည်ဟုလည်း ၎င်းတို့ထံမှ သိရသည်။ နောက်တစ်ကြိမ် ထပ်မံ တွေ့ဆုံရန် ပြောသော်လည်း တွေ့ဆုံမည့်ရက်ကိုမူ အတိအကျမပြောခဲ့ဟုလည်း ဒေသခံများက ပြောသည်။

ဆွေးနွေးရာတွင် မြေယာလျော်ကြေး ၁၀ သိန်း၊ ၁၅ သိန်းခန့်ဖြင့် တောင်သူများဘ၀ရှင်သန်ရေး မဖြစ်နိုင်ကြောင်း တင်ပြဆွေးနွေးသည်ဟု ပါဝင်တက်ရောက်ခဲ့သူတစ်ဦးဖြစ်သည့် တုံရွာမှ ကိုသက်ဦးက ပြောသည်။

၎င်းက “လောလောဆယ် အဖြေတစ်စုံတစ်ခု ထွက်မလာဘူး။ တိကျတဲ့အဖြေ၊ တာဝန်ယူတဲ့ အဖြေ ပေးမသွားဘူးဗျ။ ၀န်ကြီး စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအတိုင်း ဆောင်ရွက်တာပါ။ ကျွန်တော်တို့က တိုးမပေးနိုင်ဘူးလို့
ပြောတယ်”ဟု မဇ္စျိမကို ပြောသည်။

လယ်သမားများဘက်မှ မြေယာလျော်ကြေး၊ ကုမ္ပဏီဘက်မှ ဖော်ဆောင်ပေးနေသည့် မြေယာ ၁၉၀၀ ဧကသည် စိုက်ပျိုးမရသည့် မြေယာများဖြစ်နေခြင်း၊ လယ်တီသိမ်ကိစ္စစသည့် အကြောင်းအရာများကို ဆွေးနွေးကြသည်ဟု ဆွေးနွေးပွဲ တက်ရောက်သူများက ဆိုသည်။

လက်ရှိ သီးနှံများ စိုက်ပျိုးထားသည့် မြေယာများအပေါ် ဘူဒိုဇာ(မြေကော်စက်)ဖြင့် ထိုးခြင်း၊ ခြံစည်းရိုးကာရံခြင်း ကိစ္စရပ်များကို လယ်သမားများက ဆွေးနွေးခဲ့ကြသည်။

မြေခုနစ်ဧက အသိမ်းခံရသူ ဆည်တည်းရွာမှ ကိုသန်းမောင်က လက်ရှိ ကုမ္ပဏီဘက်မှ ခြံစည်းရိုးကာထားသည့် ကိစ္စနှင့် ပတ်သက်ပြီး “ခြံစည်းရိုးကာတာကတော့ လူကြီးတွေ လာလို့ ရပ်ထားတယ်။ မနေ့က (အောက်တိုဘာ ၁၃) ကတည်းက ရပ်တာ၊ ကာတာလည်း တော်တော်ပြီးနေပြီ၊ အထဲမှာ ရဲတွေချထားတယ်”ဟု စက်တင်ဘာ ၁၅ ရက်တွင် မဇ္စျိမကို ပြောသည်။

ထိုဆွေးနွေးပွဲကို ဆားလင်းကြီးမြို့နယ် ချည်မျှင်နှင့် အထည်စက်ရုံ၌ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက ကျင်းပခဲ့ခြင်းဖြစ်ကာ စုစုပေါင်း တက်ရောက်သူ ၂၃၀ ကျော်တွင် ဒေသခံလယ်သမား ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ မြေယာများကို ၀မ်ပေါင်ကုမ္ပဏီမှ အလုပ်သမားများက ခြံစည်းရိုး ခတ်လိုက်ခြင်းအတွက် ဒေသခံရွာသားများနှင့် လုံခြုံရေးရဲများအကြား အောက်တိုဘာ ၁၃ ရက် က တင်းမာမှုများ ဖြစ်ပွားခဲ့သည်။ ခြံစည်းရိုးကာရံခြင်းသည် တုံရွာရှေ့လမ်းမထိပ်မှ လိပ်ခွံတောင်အထိ ဖြစ်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသနှင့် မလွတ်သော ကျေးရွာပေါင်း ၂၆ ရွာကျော်ရှိပြီး စိုက်ပျိုး မြေဧက ၁၄၀၀ ကျော်မှ တောင်သူ ၅၃၆ ဦးအား မြေလျော်ကြေးငွေ ကျပ်သိန်းပေါင်း ၁၅, ၇၀၀ ခန့်ကို မတ်လ ၁၆ ရက်မှ ၃၁ ရက်အတွင်း ပေးအပ်ခဲ့ပြီး၊ လျော်ကြေးငွေများကို တစ်ဧကလျှင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ အမျိုးအစား သုံးမျိုး ခွဲ၍ ပေးအပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ကြေညာချက်အရ သိရသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here