Tuesday, October 8, 2013

ရန်ကုန်စည်ပင် ဥပဒေကြမ်းတွင် 'နိုင်ငံတော်သမ္မတ (သို့) ၀န်ကြီးချုပ်က အခါအားလျော်စွာ အပ်နှင်းသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးရန်' ထည့်သွင်းခဲ့ရာ အုပ်ချုပ်ရေး အာဏာပိုင်က ဥပဒေ အထက်တွင် ရောက်နေ၍ ယင်းအချက်ကို ဖြုတ်ပေးရန် ပြန်တင်မည်ဟုဆို

0 comments
8.10.2013

အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီးဖြစ်သော ''ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်း'' တွင် ''နိုင်ငံတော် သမ္မတ (သို့မဟုတ်) ၀န်ကြီးချုပ်က အခါအားလျော်စွာ အပ်နှင်းသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်း'' ဟူသည် အချက်ကို ထည့်သွင်းခဲ့ရာ ယင်းအချက်အရ အုပ်ချုပ်ရေး အာဏာပိုင်က ဥပဒေအထက်တွင် ရောက်နေ၍ ပြန်ဖြုတ်ပေးရန် လာမည့် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တင်ပြမည် ဖြစ်ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အောက်တိုဘာ ၇ ရက်က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တိုင်းဒေသကြီး လွှတ်တော်သို့ ရေးဆွဲတင်ပြသည့် ''ရန်ကုန်မြို့တော်စည် ပင်သာယာရေး ဥပဒေကြမ်း'' တွင် ယင်းအချက် မပါရှိခဲ့သော်လည်း ဥပဒေကြမ်းကို တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသည့်အခါ ဥပဒေပြုရေးဆိုင်ရာ ကော်မတီက ယင်းအချက်ကို ထည့်သွင်းပေးရန် အကြံပြု တင်ပြခဲ့သဖြင့် ရန်ကုန်မြို့တော်ဝန်ကလည်း ထည့်သွင်းရန် သဘောတူညီခဲ့ပြီး လွှတ်တော်ကလည်း သဘောတူ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဥပဒေမှာ နိုင်ငံတော် သမ္မတနဲ့ ၀န်ကြီးချုပ်က အခါအားလျော်စွာ ဆိုတော့ လုပ်ပိုင်ခွင့်တွေ အပ်နှင်းတိုင်းမှာ ကော်မတီက လုပ်မယ်ဆိုတဲ့ သဘော ဖြစ်နေတယ်လေ... 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်း၏ မူလပုဒ်မ ၁၃ တွင် ပုဒ်မခွဲ ''ည'' အထိသာ ပါဝင်ခဲ့ပြီး ဥပဒေပြုရေးဆိုင်ရာ ကော်မတီက ''နိုင်ငံတော် သမ္မတက (သို့မဟုတ်) ၀န်ကြီးချုပ်က အခါအားလျော်စွာ အပ်နှင်းသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်း'' ကို ပုဒ်မခွဲ ''ဋ'' အနေဖြင့် ထပ်ဖြည့်လိုက်ခြင်း ဖြစ်သည်။ ''ဥပဒေပြုရေး ကော်မတီက ဥပဒေမှာ ''နိုင်ငံတော် သမ္မတက (သို့မဟုတ်) ၀န်ကြီးချုပ်က အခါအားလျော်စွာ အပ်နှင်းသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်း'' ဆိုပြီး ကော်မတီရဲ့ လုပ်ငန်းတာဝန် တစ်ခုအနေနဲ့ ထပ်ဖြည့်လိုက်တယ်။ ဒါတော်တော် ရုပ်ဆိုးသွားတယ်။ ဒီဥပဒေရဲ့ အနှစ်သာရ အဲဒီပုဒ်မခွဲ တစ်ခုတည်းနဲ့တင် သွားတာပဲ။ ဘာကြောင့်လဲဆိုတော့ ဥပဒေကို ကျော်ပြီးတော့ နိုင်ငံတော်သမ္မတတို့၊ ၀န်ကြီးချုပ်တို့က အခါအားလျော်စွာ အပ်နှင်းသည့် လုပ်ပိုင်ခွင့်တွေကိုပါ ကျင့်သုံးနိုင်တယ် ဆိုတော့ အုပ်ချုပ်ရေး အာဏာပိုင်က ဥပဒေအထက်ကို ရောက်သွားတယ်။ အန်တီအနေနဲ့ ဥပဒေပြုကော်မတီ ထပ်ဖြည့်တာကို လုံးဝမကြည့်မိ လိုက်ဘူး။ အန်တီတို့က ဥပဒေပြု ကော်မတီကို ယုံတယ်လေ။ ကိုယ့်လွှတ်တော်ထဲက ကော်မတီဆိုတော့။ နောက်ဒါကို တွေ့ပြီးတော့ အရမ်း အံ့သြသွားတယ်။ အဲဒီအချိန်မှာ ကိုယ့်ဆွေးနွေးဖို့ မပါတော့ လွှတ်တော်မှာ ပြောလို့မရဘူး'' ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

''ဒါဟာ ဥပဒေပြု အာဏာကို ကျော်ပြီး အုပ်ချုပ်ရေး အာဏာပိုင်ကို အခွင့်အာဏာ ပေးလိုက်တာ။ ဥပဒေပြု ကော်မတီက ရှင်းလိုက်သေးတယ်။ ဒါကိုဘာကြောင့် ထည့်လိုက်သလဲဆိုတော့ ''၁၉၉၀ စည်ပင်သာယာ ရေးဥပဒေ'' မှာ ပါထားတဲ့ လုပ်ပိုင်ခွင့် ဖြစ်လို့ပါတဲ့။ အဲဒါကို စားသားပြောင်းပြီးတော့ ထည့်လိုက်တာလို့ ပြောတယ်။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဥပဒေမှာ နိုင်ငံတော် သမ္မတနဲ့ ၀န်ကြီးချုပ်က အခါအားလျော်စွာ ဆိုတော့ လုပ်ပိုင်ခွင့်တွေ အပ်နှင်းတိုင်းမှာ ကော်မတီက လုပ်မယ်ဆိုတဲ့ သဘော ဖြစ်နေတယ်လေ။ ဒါကြောင့် လာမယ့် လွှတ်တော်မှာ ဒီပုဒ်မတစ်ခု တည်းကိုပဲ ဖြုတ်တဲ့ဥပဒေကြမ်း ပြန်တင်မယ်'' ဟု ဒေါက်တာညိုညိုသင်းက ဆက်လက် ပြောကြားသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here