Tuesday, October 29, 2013

၂၀၁၅ အတွက် ချိန်ကိုက် ဗုံးထောင်နေသူနှစ်ဦး

0 comments
29-10-2013

ဒီကနေ့လူပြောများလာတဲ့ကိစ္စတွေထဲမှာ၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စက ရှေ့တန်း မှာ ရှိနေပါတယ်။ ဒီကိစ္စဘာကြောင့်ရှေ့တန်းရောက်နေရသလဲ၊ အလောသုံးဆယ် ဖြစ်နေရပါသလဲ ဆိုရင်တော့ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲမှာ သမ္မတဖြစ်ချင်နေသူတွေရဲ့ အဓိကဆန္ဒ ကြောင့်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သမ္မတလုပ်ဖို့ လူသိရှင်ကြားပြောဆိုထားသူ နှစ်ဦးရှိပါတယ်။ သူတို့နှစ်ဦး ကတော့ ဒေါ်စုကြည်နဲ့ သူရဦးရွှေမန်းဖြစ်ပါတယ်။ ဘာကြောင့် သမ္မတဖြစ်ချင်နေကြတာလဲ ဆိုတာကတော့ သူတို့အပြောအရတော့ တိုင်းပြည်အတွက် အလုပ်တွေပိုလုပ် ပြချင်လွန်းလို့ပါတဲ့။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ နည်းလမ်းမကျဘူးလို့ သုံးသပ်နေကြ ပေမယ့် တစ်ချို့ဥပဒေပညာရှင်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြည့်အ၀အသုံး မပြုနိုင် သေးသည့် အတွက်ပြင်ဆင်ဖို့ အချိန်မတန်သေးဘူးလို့ပြောသူ တွေလည်းရှိနေပါတယ်။ NLD ဥက္ကဌလဲ ဖြစ်ဒီမိုကရေစီ Icon လည်းဖြစ်တဲ့ ဒေါ်စုကြည်သည် အောက်တိုဘာလ ၂၈ ရက်မှနိုဝင်ဘာလ ၂ ရက် နေ့အထိ ဥရောပကို သွားရောက်နေပါတယ်။ ဒေါ်စုကြည်အနေနဲ့ လူဇင်ဘတ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ ကို ရောက်ရောက်ခြင်းပဲ မျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်လိုအပ်ကြောင်းနှင့် ပြည်သူတွေရဲ့ဆန္ဒကို ထောက်ခံတဲ့အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မှာ ကူညီကြဖို့ ပြောဆိုခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ဥရောပသမဂ္ဂနဲ့ အမေရိကန် အစိုးရအပါအ၀င် ကမ္ဘာ့ခေါင်ဆောင်များကလည်း ဖိအားပေးဖို့လိုကြောင်းထပ်မံပြောဆိုခဲ့ပါတယ်။ ပြင်သစ်နိုင်ငံကို ရောက်ရှိစဉ်မှာ ဒီမိုကရေစီ အားကောင်း လာစေဖို့ နိုင်ငံရေးမှာ စစ်တပ်၏အထူး နေရာကို ရပ်ဆိုင်းဖို့၊ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုကြောင်းပြောဆိုပြန်ပါတယ်။ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း ဖွဲ့စည်းပုံပြင်ဆင်ဖို့ အကူ အညီပေးမယ်လို့ ကတိတွေ ပေးထား တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ဒေါ်စုကြည်အနေနဲ့ ဥရောပသို့ ရောက် ရှိ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ပြောဆို နေသည့်အချိန်မှာဘဲ တိုက်ဆိုင်စွာနဲ့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း အောက်တိုဘာလ ၂၄ ရက်နေ့ လွတ်တော်မှာကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်စုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားတဲ့ ဥပဒေကို ပြင်ဆင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။ ထိုသို့ ဦးရွှေမန်းရဲ့ အချိန်ကိုက်ပြောဆိုခဲ့ မှုကြောင့် ဒေါ်စုကြည် နဲ့ ဦးရွှေမန်းတို့ရဲ့ နှစ်ဦးသဘောတူနိုင်ငံရေး ရည်မှန်း ချက်များ ရှိတယ်လို့ နိုင်ငံရေး အကဲခတ်သူတွေက သုံးသပ်လျက်ရှိကြပါတယ်။

လက်ရှိနိုင်ငံရေးအနေအထားမှာတော့ သူတို့နှစ်ဦးဟာ အများတွေပြောကြသလို သမ္မတ အတူတူဖြစ်ရေး ကို တစိုက်မတ်မတ်လုပ်ဆောင်နေတာဖြစ်ပါတယ်။ အကယ်၍များ လက်ရှိသမ္မတ ဦးသိန်းစိန်သာ ၂၀၁၅ မှာ ရွေးကောက်ပွဲ ဆက်ဝင်မယ်ဆိုရင်သူတို့အတွက် မျှော်လင့်ချက်နည်း နိုင်ပါတယ်။ ဒါကြောင့်မို့လဲ သူရဦးရွှေမန်းကလက်ရှိ နိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက် အရွေးချယ်မခံတော့ဘူးလို့ အောက်တိုဘာ ၂၄ ရက် နေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဦးရွှေမန်းဟာ ဦးသိန်းစိန်ကို နိုင်ငံရေးအရ စတင် တိုက်ခိုက်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ အတားအဆီးတွေကို ပညာရှိနည်းနဲ့ဖယ်နေ သလို ပြည်ပမှာရောက်နေသူကလဲ သူ့နည်းသူ့ဟန်နဲ့ တောင်းဆိုမှုတွေ ပြုလုပ်နေ ပါတယ်။ တကယ်တော့ သူတို့နှစ်ဦးဟာ ၂၀၁၅ ခုနှစ်မှာ သမ္မတနေရာကိုရည်မှန်းပြီးပြိုင်တူ ချိန်ကိုက်ဗုံး ထောင်နေတာဖြစ်တယ် လို့ နိုင်ငံရေးလေ့လာသူတွေက ပြောဆိုနေကြကြောင်း ရေးသားလိုက် ရပါတယ်။

ဦးမြင့်အောင်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here