Thursday, October 17, 2013

၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာငွေရသုံးနှင့် ပတ်သက်၍ အဓိက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး ပြုလုပ်မည်

0 comments
                    ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတစ်ရပ် မစတင်မီ လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ရစဉ်
Thursday, October 17, 2013

လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်း ဒေသကြီး၏ ဘဏ္ဍာငွေရ သုံးဆိုင်ရာများနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးမည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူးအစည်းအဝေး ၁/၂၀၁၃ကို နိုဝင်ဘာ ၄ ရက်မှ စတင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစည်းအဝေး တက်ရောက်ရန် လွှတ်တော် ကိုယ်စားလှယ်များအား အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ပုံမှန်တွေ့ဆုံပွဲတွင် ဖိတ်စာများဝေငှကာ ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့ထံမှ သိရသည်။

ယခုပြုလုပ်မည့် အထူးအစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေရ သုံးဆိုင်ရာများကို အဓိက ဆွေးနွေးမှုအပြင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဥပဒေကြမ်းအား ဆွေးနွေးခြင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်းများ ဖြေကြားခြင်းနှင့် အဆိုတင်သွင်းခြင်း တို့ကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"အဓိကတော့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၏ ဘဏ္ဍာငွေရ သုံးဆိုင်ရာနဲ့ ပတ်သက်ဆွေးနွေးပြီး ဒီအစည်းအဝေးမှာပဲ အတည်ပြုမှာ ဖြစ်ပါတယ်။ လုံခြုံရေး ကိစ္စနဲ့တော့ မဆိုင်ပါဘူး။ လုံခြုံရေး ကိစ္စရပ်တွေကတော့ အစိုးရအဖွဲ့ကပဲ လုပ်တာပါ။ လွှတ်တော် တင်ပြလေ့မရှိပါဘူး"ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားသည်။

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားရန် ကျန်ရှိသည့် မေးခွန်း ၁၁ ခုနှင့် အဆိုနှစ်ခုတို့ကိုလည်း ယခုအစည်းအဝေးတွင် ဖြေကြားမှု ပြုလုပ်မည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး အကြံပြုချက်များကိုလည်း လွှတ်တော်ကိုယ်စားလှယ် အနေဖြင့်ဖြစ်စေ၊ ပါတီအနေဖြင့် ဖြစ်စေ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့ရန်လည်းရှိကြောင်း တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားသည်။

"ဒီအစည်းအဝေးက ဘတ်ဂျက်ကိစ္စကိုပဲ အဓိကထား ဆွေးနွေးမှာပါ။ အစည်းအဝေးက အနည်းဆုံး လေးရက်ကနေ အများဆုံး ငါးရက်အထိ ကြာနိုင်တယ်။ ဒီလို အထူးအစည်းအဝေးက ပြီးခဲ့တဲ့နှစ်ကလည်း ခေါ်ခဲ့ဖူးပါတယ်"ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဆိုသည်။

ပြီးခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်၊ ၁၃ ရက်၊ ၁၆ ရက်၊ ၁၇ ရက်၊ ၁၈ ရက်၊ ၂၀ ရက်၊ ၂၃ ရက်၊ ၂၄ ရက်၊ ၃၀ ရက်နှင့် အောက်တိုဘာ ၁ ရက် စုစုပေါင်း ၁၀ ရက်ကြာ ပြုလုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်း ဒေသကြီး၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုကို အတည်ပြုခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ဥပဒေကြမ်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းနှင့် ကုန်တင်ကုန်ချ အလုပ်သမား ဥပဒေကြမ်းတို့ကိုလည်း အတည်ပြုခဲ့သည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here