Wednesday, October 30, 2013

သံလွင်မြစ်တစ်လျောက် ရေကာတာစီမံကိန်း ရပ်တန့်ရန် တောင်းဆို

0 comments
30.10.2013

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများသည် ပဋိပက္ခကို ပိုမိုဖြစ်စေပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုကို တိုက်ရိုက် ဖျက်စီးစေနိုင်သောကြောင့် ၎င်းစီမံကိန်းများကို ရပ်တန့်ရန် မြန်မာအစိုးရ၊ တရုတ်နှင့် ထိုင်းနိုင်ငံမှ ရင်းနှီးမြုပ်နှံသူများအား မြန်မာမြစ်ချောင်း များကွန်ယက်မှ အောက်တိုဘာလ ၂၉ရက်နေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တိုက်တွန်းတောင်းဆိုသည်။

သံလွင်ရေကာတာ စီမံကိန်းများသည် ပွင့်လင်းမြင်သာမှု လုံးဝမရှိသည့်အပြင် ရေကာတာအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ဆောက်လုပ်မှု ပြုလုပ်မည့် သူများသော်လည်း ရေကာတာ တည်ဆောက်ရာတွင် လိုက်နာရမည့် အပြည်ပြည်ဆိုင်ရာ သတ်မှတ်ထားသော စံချိန်စံနှုန်းများကို ကျင့် သုံးခြင်း မရှိကြသောကြောင့် နောင်ဖြစ်ပေါ်လာမည့်ဆိုးကျိုးများအတွက်အလွန်စိုးရိမ်မိသည်ဟု မြန်မာမြစ်ချောင်းများ ကွန်ရက်က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြပါရှိသည်။

“တရုတ်နိုင်ငံက မြစ်တွေအားလုံးမှာ ဆည်တွေဆောက်ပြီးသွားပြီ Nu river တွေပဲ ကျန်တော့တယ်။ အဲဒါကြောင့် Nu river တွေမှာ ဆည် မဆောက်ဖို့ လိုတယ်။ အနာဂတ်ထိအောင် မဆောက်ဖို့လိုတယ်” ဟု တရုတ်သဘာဝပတ်ဝန်းကျင် ပညာရှင် ၀မ်ယောင်ချိန်းက ပြောကြားသည်။

လွန်ခဲ့သည့် လေးနှစ်ကနှင့် ယခုအချိန်နိုင်းယှဉ်လျှင် သစ်တာပြုန်းတီးမှုများ အများအပြားရှိပြီး သစ်ပင်များ
လည်း မရှိတော့ကြောင်း သံလွင် ရေကာတာစီမံကိန်းနေရာဖြစ်သော မြန်မာထိုင်းနယ်စပ်ရှိ ဒေသခံ ဖိုင်ကုတ်က ဆိုသည်။

“ မြန်မာပြည်မှာ မီဂါဝပ်တစ်သောင်းငါးထောင် ထုတ်ဖို့ရှိတယ်။ တရုတ်က ကုမ္ပဏီငါးခုနှင့် ထိုင်းကုမ္ပဏီနှစ် ခုမြန်မာ ကုမ္ပဏီ သုံးခုပေါင်းပြီးထုတ်မှာ ရလာတဲ့ လျှပ်စစ်တွေကို တရုတ်နဲ့ ထိုင်းကို အဓိကတင်ပို့မှာ ဖြစ်တယ်” ဟု ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့မှ ဦးစိုင်းတော့စိန်ကပြောကြားသည်။

အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်လာမည့် တာစန်းရေအားလျှပ်စစ် စီမံကိန်းသည် ၁၂ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး မီတာ ၂၀၀ ကျော် ရှိသော ရေကာတာအမြင့်ကြောင့် ကျိုးပေါက်မှုဖြစ်ခဲ့လျှင် စင်္ကာပူနိုင်ငံ အကျယ်အ၀န်းခန့် ရေမြုပ်နိုင်ကြောင်း ကျွမ်းကျင်သူများ၏ သုံးသပ်ချက်ကို
ကိုးကား၍ ၎င်းက ဆက်လက်ပြောကြားသည်။

“ရေကာတာတည်ဆောက်ရင်ကယားပြည်နယ်ကလူဦးရေတစ်ထောင်သာသာရှိတဲ့ယင်းတလဲလူမျိုး တွေ

 ပျောက်ကွယ်နိုင်တယ်” ဟု သံလွင်ချစ်သူများအဖွဲ့မှ ဒေါ်နန်းခန်းလန်ကပြောကြားသည်။

အပစ်အခက်ရပ်စဲရေးအပြီး ငြိမ်းချမ်းရေးတည်ဆောက်မှု ကာလအတွင်း ကြီးမားသောဖွံ့ဖြိုးရေး စီမံကိန်းများ ပြုလုပ်ခြင်းသည် တိုက်ပွဲများ ပြန် လည် ဖြစ်ပေါ်စေရန် တွန်းအားပေးကြောင်းနှင့် ကရင်ပြည်နယ်အတွင်းတည်ဆောက်မည့်သံလွင်မြစ်ပေါ်ရှိ ရေကာတာများမှရရှိလာသော ရေအားလျှပ်စစ်၏ ကိုးဆယ်ရာခိုင် နှုန်းကို ထိုင်းကိုရောင်းချမည်ဖြစ်သည်။

ကျန်ဆယ်ရာခိုင်နှုန်းကိုသာ ပြည်တွင်း၌ အသုံးပြုမည်ဖြစ်ကြောင်း ကရင်မြစ်ချောင်းစောင့်ကြည့်ရေးမ
ဦးစောသာဘိုးက ရှင်းပြသည်။

သံလွင်မြစ်ပေါ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီစဉ်လျက်ရှိသော နေရာများမှာ ရှမ်းပြည်နယ်၊ ကွမ်လုံမြို့နယ်ရှိ ကွမ်းလုံရေကာတာ၊ ရှမ်းပြည်နယ် လားရှိုးမြို့ရှိနောင်ဖာရေကာတာ၊ မိုင်းမောမြို့နယ်ရှိ မန်တောင်ရေကာတာ၊မိုင်းတုန်မြို့ နယ်နှင့်မိုင်းပန်မြို့နယ်ကြားရှိ တာစန်းခေါ် မိုင်းတုန်ရေကာတာ၊ ကယားပြည်နယ် ဘောလခဲမြို့နယ်ရှိ ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ဟက်ကြီးရေကာတာ တို့ ဖြစ်သည်။

ရေးသားသူ- မောင်မျိုး
တည်းဖြတ်- ဂျူးဂျူးလှိုင်


People Power

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here