Thursday, October 17, 2013

ကော့သောင်းအကျဉ်းထောင်ဖြစ်စဉ်တွင် ရိုက်နှက်အပြစ်ပေးခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

0 comments
                                 စက်တင်ဘာ ၁၄ ရက်က ကော့သောင်း အကျဉ်းထောင်အား တွေ့ရစဉ်(ဓာတ်ပုံ-ရဲမြင့်ဝင်း)

၁၇.၁၀.၂၀၁၃၊ ကြာသပတေးနေ့

ကော့သောင်း အကျဉ်းထောင်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရိုက်နှက်၍ ပြစ်ဒဏ်ပေးခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ကြောင်း အောက်တိုဘာ ဒုတိယပတ်အတွင်း ထုတ်ပြန်သည့် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ခြုံငုံဖော်ပြချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့ငယ်သည် ကော့သောင်း အကျဉ်းထောင်အား စစ်ဆေးရန်၊ အကျဉ်းထောင်အတွင်း ဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် ကော့သောင်းမြို့သို့ စက်တင်ဘာလအတွင်း သွားရောက်ခဲ့ပြီးနောက် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်၊ ခြုံငုံဖော်ပြချက်များကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကော့သောင်း အကျဉ်းထောင် ဖြစ်စဉ်အကျဉ်းမှာ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အကျဉ်းထောင်၌ စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် အကျဉ်းသားသုံးဦး စကားများသဖြင့် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါ အကျဉ်းသားသုံးဦးအား မိန်းဂျေးလ်သို့ ခေါ်ဆောင်စစ်ဆေးကာ လက်ကိုင်တုတ်ဖြင့် ရိုက်နှက်ခဲ့သောကြောင့် အကျဉ်းထောင်အတွင်းရှိ အခြား အကျဉ်းသားများက ရိုက်နှက်ခြင်းမပြုရန် ဆူပူအော်ဟစ်ခဲ့ရာမှ အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့သည်ဟု ယူဆကြောင်း၊ တာဝန်ရှိသူများက ဆူပူခြင်းမပြုရန် လက်ကိုင် အသံချဲ့စက်ဖြင့် သတိပေး တားမြစ်ခဲ့ကြောင်း၊ အကျဉ်းသားများက ဆက်လက်ဆူပူခြင်း၊ အကျဉ်းထောင် ခေါင်မိုးကို ဖောက်ထွက်ခြင်း၊ အကျဉ်းထောင် အပေါ်ထပ် ကြမ်းခင်းအား ဖောက်ထွက်ခြင်း၊ အကျဉ်းထောင်၏ လှေကားလက်ရန်းကို ရိုက်ချိုးပြီး အကျဉ်းထောင် အခန်းတံခါးသော့များအား ရိုက်ဖျက်ခြင်း၊ အကျဉ်းထောင် လုံခြုံရေး ၀န်ထမ်းအချို့၏ အိပ်ရာခင်း၊ အ၀တ်အစားတို့ကို မီးရှို့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဖော်ပြခဲ့သည်။ အကျဉ်းထောင် ၀န်ထမ်းများ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အကျဉ်းသား ရှစ်ဦး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ရှစ်ဦးအနက် တစ်ဦးမှာ ဦးခေါင်း သေနတ်ကျည် ထိမှန်ဒဏ်ရာဖြင့် အကျဉ်းထောင် ထောင်ဘူးဝတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ခြုံငုံဖော်ပြချက်တွင် အကျဉ်းဦးစီးဌာနသည် ၁၈၉၄ ခုနှစ် အကျဉ်းထောင်များ အက်ဥပဒေနှင့် အကျဉ်းထောင် လက်စွဲ/နည်းဥပဒေများအား ကိုးကား ကျင့်သုံးကြောင်း တွေ့ရှိရကြောင်း၊ စကားများရန်ဖြစ်သည့် အချုပ်သားသုံးဦးအား ထောင်စည်းကမ်းအရ ပြစ်ဒဏ်ပေးခြင်းမပြုဘဲ အကျဉ်းထောင် ထောင်မှူးနှင့် ၀န်ထမ်းအချို့က လက်ကိုင်တုတ်ဖြင့် အမှန်တကယ် ရိုက်နှက်ခဲ့ခြင်းကို စစ်ဆေးတွေ့ရှိရကြောင်း၊ ရိုက်နှက်၍ ပြစ်ဒဏ်ပေးခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူများအား အရေးယူ ပြုပြင်ရန် တိုက်တွန်းကြောင်း၊ ယနေ့ခေတ်စနစ်နှင့် ကိုက်ညီသော အကျဉ်းထောင်ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းကျင့်သုံးရန် တိုက်တွန်းကြောင်းစသည့် အချက်များကို ဖော်ပြထားကြောင်း သိရသည်။

ထို့ပြင် သတင်းမှန်များ၊ ဖြစ်စဉ်မှန်များ အချိန်မီထုတ်ပြန်ခြင်း၊ အသိပေးခြင်း မရှိသဖြင့် အကျဉ်းသား မိသားစုနှင့်မြို့လူထုမှာ သတင်းမှန်နှင့် ရောနှောလွှတ်လိုက်သော ကောလာဟလ များကို ဟုတ်နိုးနိုးယုံ၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြသည်ကို တွေ့ရကြောင်း၊ ဥပဒေနှင့် မဆန့်ကျင်သော၊ လုံခြုံမှု မထိခိုက်သော သတင်းများ ထုတ်ပြန်ပေးသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သုံးသပ်ဖော်ပြခဲ့သည်။ 

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here