Monday, October 14, 2013

နိုင်ငံကြီးများကို အလဲထိုးသည့် ကျောင်းဆရာတစ်ဖြစ်လဲ စစ်ပါရဂူ

0 comments


(ေဇယ်သူ)

၂၀ ရာစု၏ အတောက်ပြောင်ဆုံး စစ်သူကြီး တစ်ဦးဖြစ်သည့် ဗီယက်နမ် လွတ်လပ်ရေး သူရဲကောင်း ဗိုငွင်ဇပ် အသက် ၁၀၂ နှစ်တွင် ဆုံးပါးသွားပြီ။ ထိုသတင်းကို ဆုံးလျှင်ဆုံးချင်း အောက်တိုဘာ ၄ ရက် နေ့က ဗီယက်နမ် သူငယ်ချင်း တစ်ယောက်က Facebook ပေါ်တွင် ဝေမျှသည့်အတွက် ဦးဦးဖျားဖျား သိခွင့်ရလိုက်သည်။

ဆက်တိုက်ဆိုသလို အခြားဗီယက်နမ် သူငယ်ချင်းများကလည်း ဗိုငွင်ဇပ် ဆုံးသည့်သတင်းကို သူ့ထက်ငါ တင်လာကြသည်။ လူချစ်လူခင် များလှသည့် သူရဲကောင်းကြီးကို ဗီယက်နမ်သူ ဗီယက်နမ်သားတို့ အင်တာနက်ပေါ်တွင် လွမ်းဆွေး တမ်းတကြသည်။ ဗိုငွင်ဇပ် တစ်ယောက် ဆုံးပါးသောကြောင့် စိတ်မကောင်း ဖြစ်ကြသူများတွင် ဗီယက်နမ်စစ်ကို မမီလိုက်သူ ဗီယက်နမ် လူငယ်များစွာတို့ အပါအဝင် ဖြစ်သည့်အတွက် ဗီယက်နမ်တို့ သူ့ကိုလေးစားမှုအား မြင်နိုင်သည်။ ဗိုလ်ချုပ်ကြီး ဗိုငွင်ဇပ်သည် ခေတ်သစ် ဗီယက်နမ်ကို ထူထောင်သူ ရဲဘော်တစ်စု အနက်မှ နောက်ဆုံး ကျန်ရစ်သူ ဖြစ်သည်။ ဗီယက်နမ်၏ ဖခင်ကြီး ဟိုချီမင်းပြီးလျှင် အလေးစားခံရဆုံး ဗီယက်နမ် သူရဲကောင်း ဗိုငွင်ဇပ်သည် ဟိုချီမင်း၏ ညာလက်ရုံးလည်း ဖြစ်သည်။

ဗိုငွင်ဇပ်အကြောင်း မြန်မာပြန်ထားသော စာအုပ်ကို ငယ်စဉ်က ဖတ်မိကတည်းက သူ့ကို လေးစား မိသည်။ သူ့ကို လေးစားရင်း သူကိုယ်စားပြုသော ဗီယက်နမ်တို့၏ အနိုင်မခံ အရှုံးမပေး အလံမလှဲသော စိတ်ဓာတ်ကို မြတ်နိုးတတ်လာသည်။ နောင်ပြည်ပတွင် ကျောင်းသွားတက်၊ စာတမ်းသွားဖတ်၊ လေ့လာရေး ခရီးသွားရင်း ခင်လာသည့် ဗီယက်နမ် သူငယ်ချင်း အများစုသည်လည်း စိတ်ဓာတ် ပြင်းပြကြသည်။ မတော်သော ဗီယက်နမ်သာ တွေ့ဖူးသည်၊ မကြိုးစားသော ဗီယက်နမ် ကျွန်တော်မကြုံဖူးခဲ့။ ဗီယက်နမ်နိုင်ငံသည် ရုန်းကန်ရသော နိုင်ငံဖြစ်သည်။ သူ၏ ရပ်တည်မှုကို ခြိမ်းခြောက်သည့် နိုင်ငံများမှာ ထိတ်ထိတ်ကြဲတွေချည်း။ အိမ်နီးချင်း တရုတ်နှင့် နှစ်ထောင်ချီကာ တဂျိမ်းဂျိမ်း တိုက်ကြရသည်။ ရှုံးလိုက် နိုင်လိုက်၊ တရုတ်က စိုးမိုးထားချိန်များ လည်းရှိသည်။ သို့သော် ဗီယက်နမ်သည် တရုတ် ဖြစ်မသွား၊ ဗီယက်နမ်က ဗီယက်နမ်သာ။ နောက်ပိုင်းတွင် ပြင်သစ်လက်အောက်မှ လွတ်မြောက်အောင် ကြိုးစားရပြန်သည်။ ပြင်သစ်လက်မှ ကျွတ်သောအခါ မဟာအင်အားကြီး အမေရိကန်ပြည်ထောင်စုနှင့် ရင်ဆိုင် ရပြန်သည်။ ဗိုငွင်ဇပ်သည် ဗီယက်နမ် တပ်မတော်ကို ဦးဆောင်ပြီး ပြင်သစ်ရော အမေရိကန်ပြည်ထောင်စုကိုပါ အနိုင်တိုက်ခဲ့သည့် ခေတ်သစ် ဗီယက်နမ် သူရဲကောင်းကြီး ဖြစ်သည်။

သတင်းစာဆရာ၊ ကျောင်းဆရာ ဖြစ်သည့် ဗိုငွင်ဇပ်သည် စစ်ပညာကို ကိုယ့်ဘာသာကိုယ် လေ့လာ တတ်မြောက်ခဲ့သူ ဖြစ်သည်။ လူ ၃၄ ယောက်၊ အိုမင်းဟောင်းနွမ်း လက်နက်ငယ်များဖြင့် ပြောက်ကျားတပ် တစ်တပ်ကို ဗီယက်နမ်မြောက်ပိုင်း တောတွင်း၌ ၁၉၄၄ တွင် သူဖွဲ့စည်းခဲ့သည်။ ဗီယက်နမ်ကို တိုင်းတစ်ပါးသားတို့ လက်အောက်မှ လွတ်မြောက်အောင် သေသည်အထိ တိုက်ပွဲဝင်သွားရန် ကျိန်ဆိုခဲ့ကြသည့် ထိုလူ ၃၄ ယောက်သည် တပ်မတော် တစ်ရပ်အဖြစ် ကြီးထွားလာကာ ပြင်သစ် နယ်ချဲ့အင်ပါယာကို ပြိုကွဲစေခဲ့ပြီး နှစ်ခြမ်းကွဲနေသည့် ဗီယက်နမ်ကို ပေါင်းစည်းစေခဲ့သည်။ Red Napoleon ကွန်မြူနစ် နပိုလီယံဟု ပြင်သစ် စစ်သူကြီး နပိုလီယံနှင့် တင်စားခံရသော ဗိုငွင်ဇပ်သည် ပြောက်ကျား စစ်ပါရဂူဟု သူ၏ ပြိုင်ဘက်များရော စစ်ရေး ပညာရှင်များကပါ သတ်မှတ်ခြင်းခံရသည်။ သူ၏ ပြောက်ကျား နည်းစနစ်များကို ကမ္ဘာတစ်ဝန်း နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲများတွင် အတုယူ လက်ဆင့်ကမ်း သုံးစွဲခဲ့ကြသည်။

ကိုလိုနီအရှင်သခင် ပြင်သစ်တပ်များကို အငိုက်ဖမ်း အလဲထိုးကာ လွတ်လပ်ရေး အရယူနိုင်ခဲ့သည့် ဒိန်ဗင်ဖူး တိုက်ပွဲတွင် ဗိုငွင်ဇပ်၏ သမားရိုးကျ စစ်ပွဲတိုက်နိုင် စွမ်းအားကို အားလုံးက မျက်ဝါးထင်ထင် တွေ့မြင်ရသည်။ ဗိုငွင်ဇပ်သည် အမြောက်များကို ပြင်သစ်တို့ မသိအောင် အစိတ်အပိုင်းများအဖြစ် ဖြုတ်ပြီး စက်ဘီးနှင့်တင်ကာ တောကြီးမျက်မည်းနှင့် တောင်များကို ဖြတ်ပြီး ဗီယက်နမ်တပ်များ ချထားရာသို့ အရောက်ပို့သည်။ ဗီယက်နမ် အမြောက်များက တရစပ် စတင်ပစ်ခတ်သော အခါတွင် ပြင်သစ်တို့ အငိုက်မိပြီး ဗီယက်နမ်တို့ တိုက်အားကြောင့် နောက်ဆုံးတွင် လက်နက် ချလိုက်ရသည်။ ထိုအောင်ပွဲ အပြီးတွင် ဗိုငွင်ဇပ်သည် တစ်ဟုန်ထိုး နာမည်ကျော်ကြားသွားသည်။ ဒိန်ဗင်ဖူး တိုက်ပွဲအပြီးတွင် ဆွေးနွေးပွဲ စကားဝိုင်းသို့ ဗီယက်နမ် ရောက်ခဲ့သော်လည်း တောင်ဗီယက်နမ်နှင့် မြောက်ဗီယက်နမ်ဟု နှစ်ခြမ်းကွဲသည်။ တောင်ဗီယက်နမ်သည် အမေရိကန်၏ ရုပ်သေးဟုထင်သည့် မြောက်ဗီယက်နမ်နှင့် တောင်ဗီယက် နမ်တင်းမာမှု မြင့်သထက် မြင့်လာပြီး စစ်ဖြစ်သည်။ တောင်ဗီယက်နမ် ကျသွားလျှင် မီးခိုးကြွက်လျှောက် လိုက်ပြီး ဒေသတွင်း အခြားနိုင်ငံများပါ ကွန်မြူနစ်တို့ လက်အောက်ကျသွားမည် စိုးသဖြင့် တောင်ဗီယက်နမ်ကို အမေရိကန်ပြည်ထောင်စုက ပံ့ပိုးအားပေးသည်။ လက်နက်ရိက္ခာ ထောက်ပံ့ရာမှ ဗီယက်နမ် စစ်ရှိန် တက်လာချိန်တွင် စစ်ထဲသို့ အမေရိကန် ကိုယ်တိုင် ပါဝင်တိုက်ခိုက်သည်။

ဗိုငွင်ဇပ်သည် တောင်ဗီယက်နမ်ကို နှစ်သစ်ကူး တက်ပွဲတော်တွင် ထိုးစစ်ကြီး ဆင်သည်။ စစ်ရေးအရ အောင်မြင်သည်ဟု ပြောရခက်သော်လည်း နှစ်ဖက် အကျအဆုံး များလှသဖြင့် စစ်ကို လွယ်လွယ်ဖြင့် အဆုံးသတ်နိုင်မည်ဟု ထင်နေကြသော အမေရိကန် မူဝါဒ ချမှတ်သူများနှင့် သာမန်ပြည်သူများကို မျက်လုံး ပွင့်သွားစေသည်။ တီဗီ၊ သတင်းစာများတွင် တွေ့ရသော စစ်၏ အနိဋ္ဌာရုံများကြောင့် အမေရိကန်တွင် စစ်ဆန့်ကျင်ရေးများ ပေါ်ပေါက်လာသလို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သမ္မတတို့ကိုလည်း စစ်ဆက် လက်ဆင်နွှဲလိုစိတ် ကုန်ခန်းစေခဲ့သည်။ ဗိုငွင်ဇပ်သည် ဗီယက်နမ်စစ်ကို အမေရိကန်ပြည်ထောင်စု ဧည့်ခန်းများ အတွင်းသို့ အရောက်ပို့ခဲ့ခြင်းကြောင့် သမ္မတနစ်ဆင် လက်ထက်တွင် အမေရိကန်တို့ စတင်ဆုတ်ခွာပြီး ၁၉၇၃ တွင် တပ်များ အပြီးရုပ်သိမ်းသည်။ ၁၉၇၅ တွင် တောင်ဗီယက်နမ်မြို့တော် ဆိုင်ဂုံ (ယခု ဟိုချီမင်းစီးတီး) ကျသည်။ အမေရိကန်တို့ ပထမဆုံး ရှုံးနိမ့်သည့် ဗီယက်နမ်စစ်တွင် အမေရိကန် ငါးသောင်းရှစ်ထောင် သေဆုံးပြီး ထိုစစ်၏ ရိုက်ခတ်မှုများသည် ယနေ့ထက်တိုင် ရှိနေဆဲ။

ဗိုငွင်ဇပ်သည် နှစ်ဆယ်ရာစုအတွင်း အကြီးမြတ်ဆုံး စစ်သူကြီးများတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး အောင်ပွဲများ အလီလီရသော်လည်း သူ့တပ်များသည် အကျအဆုံး များသဖြင့် ဝေဖန်သူတို့က သူသည် လူ့အသက်ကို ဖက်ရွက်မျှ မမှတ်ဟု ဆိုကြသည်။ ‘ကမ္ဘာပေါ်တွင် တစ်နေ့တစ်နေ့ ရောဂါဖြင့်၊ အခြား အကြောင်းဖြင့် သေသောသူများနှင့် နှိုင်းယှဉ်လျှင် တိုက်ပွဲများတွင် သေရသူများမှာ အနည်းငယ်သာ’ ဟု သူက တုံ့ပြန်သည်။ သို့သော် သူ့တပ်များထက် ခေတ်မီသော လက်နက်များ တပ်ဆင်ထား၊ ပိုပြီးလည်း ဝဝလင်လင် စားသောက်ရ၊ အထောက်အပံ့များလည်း ပိုကောင်းသည့် တပ်မတော်များကိုသာ သူ ရင်ဆိုင်ခဲ့ရသည်။ သူသည် ဗီယက်နမ် ရှေးသူရဲကောင်းများကို အားကျပြီး သူတို့၏ ဗျူဟာများကို ဖတ်ရှုလေ့လာသည်။ တရုတ်ခေါင်းဆောင် မော်စီတုန်း၏ စစ်ဗျူဟာများကို လည်း လေ့လာပြီး လက်တွေ့အသုံးချသည်။ မည်သည့် နှုန်းစံနှင့်ပင် ကြည့်ကြည့် ဗိုငွင်ဇပ်သည် ရန်သူများက ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရသော စစ်ပါရဂူ ဂုရုကြီး ဖြစ်သည်။ ‘People should not be overawed by the power of modern weapons’ ‘ခေတ်မီ လက်နက်များ၏ စွမ်းအားကို အလေးစားမလွန်ဖို့ လိုသည်’ ဟု သူက ရေးသားသည်။ ‘လူသားတွေရဲ့ တန်ဖိုးကသာ အောင်မြင်မှုကို ဆုံးဖြတ်လိမ့်မယ်’ ဟုလည်း ဆိုသည်။
စစ်မြေပြင်တွင် သူ၏ အောင်မြင်မှုများကြောင့် အမိမြေတွင် ရန်သူများ ပွားစေခဲ့သည်ဟု ဆိုရမည်လော မသိ။ အာဏာလုပွဲများ အကြားတွင် ဗိုငွင်ဇပ်သည် တဖြည်းဖြည်း ဘေးရောက်သည်။ ဗီယက်နမ်စစ်ပွဲ အပြီးတွင် သူသည် အရာမှကျပြီး ပေါ်လစ်ဗျူရိုမှ ထွက်လိုက်ရသည်။ ဒုဝန်ကြီးချုပ် အဖြစ်ဖြင့် သိပ္ပံနှင့် ပညာရေးဝန်ကြီးဌာနကို တာဝန်ယူရပြီး တစ်ကြိမ်တွင် ကလေးမွေးဖွားမှုနှုန်း ထိန်းချုပ်ရေးကို ဆောင်ရွက်ရသည်ဟု ဆိုသည်။ နာမည်ကျော်ကြီး ဖြစ်သောကြောင့် အလွယ်တကူ ပမထုတ်လိုက်သော်လည်း တကယ့်အာဏာမူ မရှိတော့။ ဗီယက်နမ်သို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားသား ထိပ်တန်း ဧည့်သည်တော်များကို ဧည့်ခံသူအဖြစ်နှင့် လည်းကောင်း၊ စာပေများ လေ့လာဖတ်ရှုခြင်းဖြင့် လည်းကောင်း ဘဝနေဝင်ချိန်ကို ကုန်ဆုံးစေခဲ့သည်။

ဗိုငွင်ဇပ် အနိုင်တိုက်ခဲ့သော အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်သည် ယခုအခါတွင် ရွှေလမ်းငွေလမ်း ပြန်ဖောက်နေကြပြီ။ ဗိုငွင်ဇပ် ကိုယ်တိုင်လည်း သူနှင့် ဗီယက်နမ်စစ်အတွင်း ရင်ဆိုင် ယှဉ်ပြိုင်ခဲ့သည့် ရန်သူဟောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် မက္ကနာမားရားနှင့် ၁၉၉၅ ခုနှစ်က ချစ်ကြည်ရင်းနှီးစွာ ပြန်လည် တွေ့ဆုံခဲ့သည်။ “အရင်ကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ရန်သူဟာ ကျူးကျော်သူတွေပဲ။ ဒါကြောင့် စစ်တွေ တိုက်ခဲ့ကြရတယ်” ဟု ဗိုငွင်ဇပ်က ဆိုသည်။

“အခုတော့ ကျွန်တော်တို့ဟာ လွတ်လပ်တဲ့ နိုင်ငံဖြစ်နေပြီ။ ပြန်လည် ပေါင်းစည်းမိကြပြီ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အကြီးဆုံး ရန်သူဖြစ်တဲ့ ဆင်းရဲ မွဲတေခြင်းနဲ့ စီးပွားရေး ခေတ်နောက်ကျနေတာကို တိုက်ဖို့ အချိန်ရောက်ပြီ” ဟု တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် စစ်သားဟောင်းကြီးက ပြောဆိုခဲ့သည်။

စစ်ပွဲကြီးများ၊ မဟာရန်သူကြီးများကို အနိုင်တိုက်ခဲ့သော ဗိုငွင်ဇပ်တစ်ယောက် သေမင်းနှင့် ခင်းရသော စစ်ပွဲတွင်တော့ အရှုံးပေးရပြီ။ သူ၏ နောက်ဆုံးခရီးကို နိုင်ငံတော်ဈာပန အဖြစ်ဖြင့် ကျင်းပပြီး နှစ်ရက် ကြာ အောက်မေ့လွမ်းဆွတ် ဂုဏ်ပြုကြသည်။ မိခင်နိုင်ငံ ဗီယက်နမ် သတင်းစာများရော ရန်သူဟောင်း အမေရိကန် သတင်းစာများကပါ သူ့အကြောင်းကို ချီးကျူး ရေးသားကြသည်။

သူ့ဘဝနှင့် ရင်းပြီး ချစ်ခဲ့ရသော ဗီယက်နမ်သည် အောင်မြင် ခေတ်မီသော လမ်းကြောင်းပေါ် တွင် ရောက်နေပြီ ဖြစ်သည့်အတွက် ကျောင်းဆရာ တစ်ဖြစ်လဲ စစ်ပါရဂူကြီး အသေဖြောင့်ပါ လိမ့်မည်။


The Voice Weekly 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here