Monday, October 14, 2013

တိုင်ဖုန်းမုန်တိုင်း နရီကြောင့် ဖိလစ်ပိုင် နိုင်ငံသား တစ်သန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့

0 comments


မနီလာ၊ အောက်တိုဘာ ၁၁

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းဒေသကို တိုင်ဖုန်းမုန်တိုင်း နရီ စနေနေ့ နံနက်ပိုင်းတွင် ဝင်ရောက် တိုက်ခတ်ခဲ့ရာ သစ်ပင်များ ပြိုလဲ၍ ဓာတ်အားပေး တာဝါများ မြေခခဲ့ခြင်းကြောင့် နိုင်ငံသား တစ်သန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့ နေရကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

မုန်တိုင်းဒဏ်ကြောင့် သေဆုံးဒ ဏ်ရာ ရရှိသည့်စာရင်း ထုတ်ပြန်ခြင်း မရှိသေးသော်လည်း နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းဒေသ တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင် သဘာဝဘေး အန္တရာယ်ရေးရာ အရာရှိ လွန်တော့က ပြောကြားသည်။
“မုန်တိုင်းကြောင့် သစ်ပင်တွေ အများကြီး ပြိုလဲခဲ့ပြီး အဓိက လမ်းမကြီးတွေ ပိတ်ကုန်ပါတယ်” ဟု လွန်တော့က AFP သတင်းဌာနကို ပြောကြားသည်။

လေပြင်းများ တိုက်ခတ်ခဲ့ခြင်းကြောင့် ဒေသခံများ၏ အိမ်များ ပြိုလဲခဲ့ရပြီး အစိုးရ အရာရှိများက သတင်းအချက်အလက်များကို ဆက်လက်စုဆောင်းနေကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံ၏ အဓိက စိုက်ပျိုးရေး ဒေသဖြစ်သော လူဇွန်ကျွန်းမကြီးကို စနေနေ့ အစောပိုင်းအချိန်၌ နရီမုန်တိုင်း ဖြတ်သန်း တိုက်ခတ်ခဲ့ပြီး တစ်နာရီ လေတိုက်နှုန်း ၁၂၀ ကီလိုမီတာနှုန်းဖြင့် တောင်တရုတ် ပင်လယ်ဘက်သို့ ဆက်လက် ဦးတည်သွားကြောင်း ဖိလစ်ပိုင်အစိုးရ မိုးလေဝသဌာနက ထုတ်ပြန်သည်။

နရီမုန်တိုင်းကြောင့် လျှပ်စစ် ဓာတ်အားတိုင်များ ပြိုလဲခဲ့ပြီး အရှေ့ဘက် ကမ်းရိုးတန်းရှိ အော်ရိုရာပြည်နယ်နှင့် တာလတ် ပြည်နယ်များတွင် ဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။

ထို့အပြင် မုန်တိုင်းဒဏ်ခံ ဒေသများရှိ နိုင်ငံသား ၁ ဒသမ ၃ သန်းကျော် လျှပ်စစ်ဓာတ်အား မရှိဘဲ နေထိုင်နေရကြောင်း အစိုးရ အရာရှိများက ပြောကြားသည်။

မုန်တိုင်း တိုက်ခတ်မှုများမှတစ်ဆင့် ရေကြီးမှုများ၊ မြေပြိုမှု များ ဖြစ်ပေါ်နိုင်ကြောင်း ဖိလစ်ပိုင် အစိုးရအဖွဲ့က သတိပေးထားသဖြင့် ဒေသခံ ၃၀၀၀ ခန့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးဌာန များသို့ သွားရောက် ခိုလှုံခဲ့ကြောင်း လွန်တော့က ဆိုသည်။

အစိုးရ ဝန်ထမ်းများက လမ်းမများနှင့် လျှပ်စစ်တိုင်များကို ပြန်လည် ပြင်ဆင်နေပြီး လုပ်ငန်းများ ပြီးစီးရန် နှစ်ရက်ခန့် ကြာမြင့်နိုင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာတွင်မူ လေပြင်း တိုက်ခတ်မှုများ၊ ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း အစိုးရအဖွဲ့က သတိပေးခဲ့သော်လည်း မုန်တိုင်းဒဏ် ခံစားခဲ့ရ ခြင်းမရှိပေ။

တစ်နှစ်လျှင် မုန်တိုင်းအလုံး ၂၀ ခန့် ဖိလစ်ပိုင်နိုင်ငံကို တိုက်ခတ်လေ့ရှိပြီး အဓိကအားဖြင့် ဇွန်လနှင့် အောက်တိုဘာလများတွင် ဖြစ်ပေါ်လေ့ ရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။


The Voice Weekly 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here