Sunday, October 20, 2013

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ တစ်ခုလုံးမှာ ဝေေ၀၀ါးဝါး အဆင့်သာ ရှိသေးပြီး အကောင်းအဆိုးမှာ နည်းဥပဒေ ပေါ်တွင်သာ မူတည်ဟုဆို

0 comments

Sunday, October 20, 2013

အောက်တိုဘာ ၁၂ ရက်က သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ၏ အကောင်းအဆိုးမှာ နည်းဥပဒေ ပေါ် တွင်သာ မူတည်သည်ဟု ၈၈ မျိုးဆက် တောင်သူလယ်သမားရေးရာ ဌာနက သုံးသပ်ခဲ့သည်။

အဆိုပါ ဥပဒေတွင် ဦးဆောင်အဖွဲ့ ဖွဲ့စည်းခြင်းကို ပြည်ထောင်စုအစိုးရ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးတို့ကို ဦးဆောင်စေပြီး သင့်လျော်သော ပြည်ထောင်စု ၀န်ကြီးဌာနများမှ ကိုယ်စား လှယ်များ၊ တောင်သူလယ်သမားများအား ကိုယ်စားပြုသော အဖွဲ့အစည်းများနှင့် သင့်လျော်သော အခြားအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်ဟု ဥပဒေတွင် ပါရှိသည်။

"ဒီဥပဒေ တစ်ခုလုံးဟာ ဝေေ၀၀ါးဝါး နိုင်လွန်းတယ်။ ဦးဆောင်အဖွဲ့မှာက ၀န်ကြီးသုံးပါးရယ် ၊ နောက် ဌာန ဆိုင်ရာ လူကြီးတွေ ပါရမယ်။ ဒါကလည်း လိုအပ်ချက်ဆိုတော့ ထားပါတော့ ။ နောက်တစ် ချက် က တောင်သူလယ်သမား ကိုယ်စားပြု အဖွဲ့တွေနဲ့ အခြားသင့်လျော်သော ဆိုတာတော့ အဲဒီမှာ တောင်သူ လယ်သမား ကိုယ်စားပြု အဖွဲ့တွေ ဆိုတာက မဖွဲ့နိုင်သေးဘူး။ နည်းသေးတယ်။ သူတို့က တရားဝင်လည်း ဖွဲ့ခွင့်မပေးထားတော့ တောင်သူလယ်သမား ကိုယ်စားပြု အဖွဲ့တွေ ဖွဲ့နိုင်ဖို့ကို သူတို့အရင်ဆုံး ခွင့်ပြုရလိမ့်မယ်။ အဲဒါက ရလာပြီပဲ ထားပါတော့။ တခြားသင့်လျော်သော ဆိုတာ ကတော့ ဥပဒေကြမ်းကလို ဘာမှမအပ်စပ်၊ အကျိုးစီးပွားချင်း ဖီလာကန့်လန့် လုပ်နေတဲ့ သူမျိုးတွေ ပါလာမယ် ဆိုရင်တော့ ဒီဥပဒေဟာ မကောင်းတဲ့ ဥပဒေဆိုတာ သေသေချာချာ ပြောလို့ရနိုင်ပြီ။ အဓိက နည်းဥပဒေမှာ ပါလာမယ့် အဖွဲ့အစည်းတွေကို တစ်ချက်ကြည့်ရုံနဲ့ မှန်းလို့ရပါပြီ" ဟု ၈၈ မျိုးဆက် တောင်သူလယ်သမားရေးရာ အဖွဲ့မှ ဦးမျိုးသန့်က ဆိုသည်။ဘယ်သူဘယ်ဝါ ပါတယ်ဆိုတာမျိုးကတော့ မပြောလိုဘူး။ သို့သော် လယ်သိမ်းထားတဲ့ သူတွေကိုယ်တိုင်က လယ်သိမ်းခံရ တာတွေကို ဆောင်ရွက်ပေးမယ် ဆိုတာမျိုးကတော့ ယုံကြည်ထိုက်စရာတော့ မရှိဘူး။ သို့သော် ပုဂ္ဂိုလ်ကတစ်ပိုင်း၊ တရားကတစ်ပိုင်း ကျင့်သုံးရမယ်လို့တော့ မြင်တယ် . . . . .

ဦးဆောင်အဖွဲ့သည် တောင်သူလယ်သမားများ လိုအပ်သည့် သွင်းအားစုများ ရရှိစေရေးနှင့် မြေယာနှင့် သက်ဆိုင်သောတည်ဆဲဥပဒေများနှင့်အညီအကျိုးခံစားခွင့်ရရှိစေရေးအတွက် ဆောင်ရွက်ပေးခြင်း၊ 

 တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် ဈေးနှုန်းနှင့် ဈေးကွက်ရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ တည်ဆဲဥပဒေများနှင့် ညီညွတ်မှု မရှိသော တရားမျှတမှု မရှိသည့် မြေယာသိမ်းဆည်းခြင်းများ မဖြစ်ပေါ်စေရန် ကာကွယ်ပေးခြင်း၊ လယ်ယာလုပ်သားများ၏ ရထိုက်သော အခွင့်အရေးများကို အပြည့်အ၀ ရရှိစေရန် ကူညီဆောင်ရွက် ပေးခြင်းများကို ဆောင်ရွက်ပေးရမည်ဟု အဆိုပါ ဥပဒေတွင် ဖော်ပြထားသည်။

ဦးဆောင်အဖွဲ့သည် တရားမျှတမှု မရှိသည့် မြေယာသိမ်းဆည်းခြင်းများ မဖြစ်ပေါ်စေရန် ကာကွယ်ပေးရမည်ဟု ဥပဒေတွင် ဆိုထားသော်လည်း လက်ရှိတွင် အဆိုပါ ဥပဒေအရ ဦးဆောင်ပါဝင်ရမည့် ပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်စပ်သည့် ကုမ္ပဏီများကိုယ်တိုင် အကျိုးတူ လယ်ယာခေါင်းစဉ်အောက်တွင် လယ်ယာမြေ သိမ်းဆည်းထားမှုများ ရှိနေသည့်အတွက် ကန့်ကွက်ဆန္ဒ ပြခံရမှုများ ရှိနေသည်။

ယင်းအချက် အပေါ်တွင်လည်း ဦးမျိုးသန့်က "ဘယ်သူဘယ်ဝါ ပါတယ်ဆိုတာမျိုးကတော့ မပြောလိုဘူး။ သို့သော် လယ်သိမ်းထားတဲ့ သူတွေကိုယ်တိုင်က လယ်သိမ်းခံရ တာတွေကို ဆောင်ရွက်ပေးမယ် ဆိုတာမျိုးကတော့ ယုံကြည်ထိုက်စရာတော့ မရှိဘူး။ သို့သော် ပုဂ္ဂိုလ်ကတစ်ပိုင်း၊ တရားကတစ်ပိုင်း ကျင့်သုံးရမယ်လို့တော့ မြင်တယ်။ လူပုဂ္ဂိုလ်အရ ၀န်ကြီးတွေက သိမ်းထားတဲ့ မြေတွေကို မစွန့်လွှတ် နိုင်သေးတာက တစ်ပိုင်း၊ တစ်ဖက်ကလည်း ဆောင်ရွက်ပေးမယ် ဆိုတာက လတ်တလောအားဖြင့်တော့ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ဖြစ်နေတယ်။ သို့သော် အဲဒါတွေကလည်း လုပ်ပေးမယ်ဆို လုပ်ပေးနိုင်တာတွေဖြစ်လို့ ဘာပဲဖြစ်ဖြစ် သူများတွေကို လုပ်ပေးရင်းနဲ့ သူတို့ကိုယ်သူတို့ ရှက်လာပြီး ပြန်စွန့်လွှတ်ပေးမယ်လို့ ထင်ပါတယ်" ဟု ပြောကြားသည်။

"ဦးဆောင်အဖွဲ့မှာတော့ တောင်သူလယ်သမား စစ်စစ်တွေ၊ နောက်အရပ်ဘက် အဖွဲ့အစည်းတွေ က တောင်သူလယ်သမား ရေးရာအတွက် အကျိုးစီးပွား မြှင့်တင်ပေးနေတဲ့သူတွေ ၊ နောက်လွတ် လပ်သော မြေယာဆိုင်ရာ၊ ဥပဒေ အတတ်ပညာဆိုင်ရာ ပညာရှင် မျိုးတွေ ဖြစ်သင့် ပါတယ်။ ဖြစ်သင့် တာကတော့ စီမံခန့်ခွဲရေး အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ဥပဒေရေးရာအရ ထူထောင်လိုက်တဲ့ အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် လွတ်လပ်သောသူတွေ၊ ကျွမ်းကျင်သော သူတွေသာ ပါဝင်သင့်ပါတယ်။ ဌာနဆိုင်ရာထဲကပဲ လူကြီးတွေ၊ အရာရှိ အရာခံတွေ ပြန်လည်ပါဝင်နေခြင်းအားဖြင့် ၀န်ကြီးဌာနတွေရဲ့ စီမံခန့်ခွဲရေးရာ လွဲမှားမှုတွေ၊ ချွတ်ချော်မှုတွေကို ပြန်လည်ထိန်းကျောင်းဖို့ အများကြီး ခက်ခဲစေပါတယ်" ဟု လယ်သမား အရေး ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးဖိုးဖြူက ပြောကြားသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here