Monday, October 28, 2013

နိုင်ငံတကာ ဆန်ဈေးကျသလို ယခုနှစ်တွင် မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုပမာဏ နှစ်ဆနီးပါး ကျဆင်းနေပြီး တန်ချိန်သုံးသိန်းကျော်သာ တင်ပို့ထား

0 comments
၂၈.၁၀.၂၀၁၃၊ တနင်္လာနေ့

နိုင်ငံတကာ ဆန်ဈေးကျကာ ပြည်ပသို့ တင်ပို့မှုမှ ရငွေတွက်ခြေ မကိုက်သဖြင့် ယခုနှစ်တွင် မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု ပမာဏ နှစ်ဆနီးပါး ကျဆင်းနေပြီး တန်ချိန်သုံးသိန်းကျော်သာ တင်ပို့ထားကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန် ၃၃၂၃၉၉ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃၅ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူ တင်ပို့မှုမှာ တန်ချိန်အားဖြင့် ၆၆၀၆၆၄ တန်ရှိပြီး ရငွေမှာ အမေရိကန်ဒေါ်လာ ၂၅၅ သန်းကျော် ရှိခြင်းကြောင့် တင်ပို့နိုင်မှု နှစ်ဆနီးပါး လျော့နည်းကာ ရငွေမှာလည်း အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော် လိုငွေဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ယခုနှစ်တွင် ပြည်တွင်း၌ ဆန်စပါး ထုတ်လုပ်မှု ကုန်ကျစရိတ် များသည့်အတွက် ပြည်တွင်းဆန်ဈေး မြင့်နေသော်လည်း ပြည်ပဈေးမှာမူ အကျဈေးဘက်သို့ ဦးတည်နေသဖြင့် ကုန်သည်နှင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းဈေးကွက်ကိုသာ အဓိကပြန်လည် ရောင်းချလျက် ရှိခြင်းနှင့် ရာသီဥတု ဖောက်ပြန်သဖြင့် စိုက်ဧက လျော့နည်းမှုတို့ကြောင့် ပြည်ပသို့ ဆန်တင်ပို့မှုမှာ ယခင်နှစ်ကာလတူ တင်ပို့မှုဖြင့် နှိုင်းယှဉ်ပါက လျော့နည်းနေရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် တရုတ်နိုင်ငံ ဈေးကွက်သို့ အဓိက တင်ပို့နေခြင်းဖြစ်ရာ ယခုနှစ် အတွင်း၌ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ဗီယက်နမ်နိုင်ငံနှင့်အပြိုင် တင်ပို့မှုများ ပြုလုပ်နေရပြီး ဗီယက်နမ် အစိုးရ အနေဖြင့် တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် ဆန်တင်ပို့ခွင့်ကို ယခုနှစ်တွင် ပြန်လည်ခွင့်ပြု ပေးခဲ့ခြင်းကြောင့် ဈေးကွက်ပြိုင်ကာ တင်ပို့နေရသည့် အနေအထားများရှိကြောင်း သိရသည်။

"ပြည်တွင်းမှာက ဆန်ဈေးမြင့်နေတယ်။ ပြည်ပမှာကျတော့ ဆန်တင်ပို့နေတဲ့ နိုင်ငံတွေရဲ့ အထွက်နှုန်းက ကောင်းလာပြီး သူတို့မှာ ဆန်သိုလှောင်ထားတဲ့ ပမာဏကလည်း များတဲ့အတွက် နိုင်ငံတကာ ဆန်ဈေးက အကျဘက်ကို ဦးတည်နေတယ်။ အဲဒီအတွက် ပြည်တွင်းဆန်တင်ပို့တဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ ပြည်ပကို ဆန်မတင်ပို့နိုင်ဘဲ လျော့နည်းသွားရတာ ဖြစ်တယ်။ ဒါပေမဲ့ ပင်လယ်ရေကြောင်း (oversea) က ၀ယ်ယူတဲ့ နိုင်ငံဖြစ်တဲ့ အာဖရိကနိုင်ငံတွေကို တင်ပို့တာတော့ လောလောဆယ် မရှိသေးဘူး။ နိုဝင်ဘာလကုန် ဒီဇင်ဘာလလောက်မှ အော်ဒါပြန်ရမယ့် အနေအထား ရှိတယ်" ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ဆန်တင်ပို့မှု လျော့နည်းနေသော်လည်း ဆန်ကွဲတင်ပို့မှုမှာမူ ယခင်နှစ်ကထက် တန်ချိန်သုံးသောင်းကျော် ပိုမိုတင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ပိုမိုရရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ်၊ ဇွန်လအတွင်းက ဂျပန်နိုင်ငံ ဈေးကွက်သို့ ဆန်တန်ချိန် ၅၀၀၀ ကျော် တင်ပို့ခွင့် ရရှိခဲ့ပြီး ဆက်လက်၍ တင်ပို့နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here