Tuesday, October 1, 2013

သနပ်ခါးပုစ္ဆာ

0 comments
(စစ်ကိုင်းကောင်းမှုတော် စေတီဝင်း အနီးတွင် ဖွင့်လှစ်ရောင်းချသော သနပ်ခါး အရောင်းဆိုင်များ ကို တွေ့ရစဉ်)

မြန်မာပြည်မှာ သနပ်ခါးနဲ့ ပတ်သက်ပြီး သီချင်းစပ်ထားတဲ့ သနပ်ခါး တေးသီချင်းတွေဟာ လူငယ်ပိုင်း၊ လူလတ်ပိုင်းတွေကြားမှာ ခေတ်စားနေဆဲ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ရနံ့သင်းနေတဲ့ သနပ်ခါး တေးသီ ချင်းတွေကို ဘယ်လို ရည်ရွယ်ချက်နဲ့ စပ်ဆိုကြတယ် ဆိုတာကို မသိရပေမဲ့ ရေးသူ၊ ဆိုသူများ ကို လေးစားမိပါတယ်။

သနပ်ခါးဆိုတာ ကျွန်တော်တို့ နိုင်ငံက "ပျိုပျိုမေမေ" တွေရဲ့ ပါးပြင်အထက်မှာ ရှေးနှစ်ပေါင်း များစွာက တည်းက နေရာယူ အလှဆင်ခဲ့တဲ့ အသုံးဝင် "ယဉ်ကျေးမှု" ပစ္စည်းတစ်မျိုးပါပဲ။ ယနေ့ခေတ်မှာတော့ အဲဒီသနပ်ခါးတွေ ဟာ သီချင်းတွေထဲမှာပဲ ရှိတော့သလိုမျိုး ဖြစ်နေပါတယ်။

မြန်မာပြည်မှာ သနပ်ခါးလူးပြီး ရုံးတက်အလုပ်သွားတဲ့ မိန်းကလေးတွေ ရှားပါးနေပါပြီ။ မြန်မာ အမျိုးသမီးတွေရဲ့ ရိုးရာယဉ်ကျေးမှု အလှတွေထဲမှာ သနပ်ခါးဟာ တစ်ပါးအပါအ၀င် ဆိုပေမဲ့ ယနေ့ ခေတ်မှာတော့ သနပ်ခါးဆိုတာ မြန်မာ အမျိုးသမီးလေးတွေရဲ့ "ရှေ့တန်းစစ်မျက်နှာ" မှာ မရှိတော့ပါဘူး။ သူတို့ရဲ့ ထိပ်တန်းလက်နက်တွေက ခေတ်ပေါ် "အလှကုန်ပစ္စည်း" တွေပါပဲ။

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကလေးသဘာဝ "စကားထာ" တွေ ၀ှက်ခဲ့ဖူးပါတယ်။ "တောမှာအရိုင်း၊ မြို့ရောက်တော့ အပျိုတွေဝိုင်း" တဲ့။ အဖြေက သနပ်ခါးကို ပြောတာပါ။ သနပ်ခါး တစ်ပင်ဟာ တောထဲမှာ အပွေးတွေ၊ အခေါက်တွေနဲ့ ရုပ်ဆိုးအကျည်းတန်ဖြစ်ပြီး အမြင်ရိုင်း နေရပေမဲ့ ကျောက်ပျဉ်ပေါ်ရောက်ရင် သူ့ဘ၀ဟာ ကောင်မလေးတွေရဲ့ ပါးပြင်ပေါ် ရောက်ပြီဆိုတဲ့ သဘောလေးကို စကားထာ ၀ှက်ခဲ့ကြတာပါ။

ခေတ်ရေစီးကြောင်းက လျင်မြန်ကူးစက်မှု ရှိသလို၊ ကြောက်စရာ သတိပြုစရာတွေလည်း ရှိလာပါတယ်။ ကျောက်သင်ပုန်းတွေ ပျောက်ကွယ်သလို သနပ်ခါးတွေလည်း ပျိုပျိုမေမေတွေ ရဲ့ပါးပြင်ထက်က ပျောက်ကွယ်သွားမှာလား။ ကျွန်တော်တို့ ငယ်စဉ်က လေးဘ၀က ရေချိုးပြီး သနပ်ခါး လိမ်းပေးကြတဲ့ မိခင်တွေဟာ ကလေးတွေရဲ့ ပါးစပ်ထဲကို သနပ်ခါးနှစ်တွေကို ထည့်ပေးတတ်ကြပါတယ်။ အဲဒီအရသာဟာ ခုချိန်ထိ စွဲမြဲနေတုန်းပါပဲ။

ရုံးတက်ခွင့် မရတဲ့ ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမှု သနပ်ခါးတွေကို ဘယ်လိုဥပဒေနဲ့ အကာ အကွယ် ပေးထား မလဲ ဆိုတာကတော့ စဉ်းစားစရာပါ။ ကျွန်တော်တို့ရဲ့ ရိုးရာသနပ်ခါးတွေဟာ ညအိပ်ရာဝင်ချိန် လိမ်းရရုံအထိပဲ တန်ဖိုးရှိတာလား။ ရာစုနှစ် တော်တော်များများ နန်းစံခဲ့တဲ့ သနပ်ခါးတွေဟာ ပြောင်းလဲခြင်း၊ တိုးတက်ခြင်းတွေအောက်မှာ နေရစ်ခဲ့ရ တော့မှာလား။ အန္တရာယ်ကင်း တဲ့ သနပ်ခါးတွေ မကျဆုံးပါစေနဲ့လို့ အမျိုးသမီးထုကိုယ်စား ဆုတောင်းပေးမိတာတော့ အမှန်ပါပဲ။

လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ သနပ်ခါး သီချင်းနဲ့ ပတ်သက်ပြီး ကောင်မလေး တချို့က ပြောကြပါတယ်။ ခုခေတ်မှာ သနပ်ခါး သီချင်းတွေထဲကလို သနပ်ခါးကို "မြတ်မြတ်နိုးနိုး စွဲစွဲ လမ်းလမ်း" လိမ်းတဲ့ မိန်းကလေးဆိုတာ နည်းသွားပြီတဲ့။ သွားလေရာ အလှကုန်ပစ္စည်းမျိုးစုံ ထည့်သွားတဲ့ မိတ်ဆွေမိန်းကလေး တစ်ယောက်ကို "ကျောက်ပျဉ်" ပါ ယူသွားပါလားလို့ စခဲ့ဖူးပါတယ်။ "ဘာလို့ ယူသွားရမှာလဲ ... ငါဘယ်တုန်းက သနပ်ခါး လိမ်းဖူးလို့လဲတဲ့"။ သူ့စကားက အံ့သြစရာတစ်ခု ဖြစ်ခဲ့ရတာ အမှန်ပါပဲ။

"ဘောလုံးပွဲ အထာနဲ့ ပြောမယ်ဆိုရင်" ကျွန်တော်တို့ မြန်မာနိုင်ငံဟာ "ခံစစ်" ပါ။ နိုင်ငံပေါင်းစုံရဲ့ ယဉ်ကျေးမှု အလေ့အထ မျိုးစုံ၊ ကုန်ပစ္စည်း မျိုးစုံဆိုတဲ့ တိုက်စစ်တွေဟာ မနားတမ်း တရစပ် တိုက်စစ်ဆင်နေတာကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ခံနေရတာပါ။ နိုင်ငံပေါင်းစုံရဲ့ တိုက်စစ်တွေ ကြားမှာ ကျွန်တော်တို့ နိုင်ငံရဲ့ "ချစ်စရာကောင်းတဲ့ ဓလေ့တွေ၊ ကြည်နူးစရာကောင်းတဲ့ ယဉ်ကျေးမှုတွေ၊ ချစ်မြတ်နိုးစရာ ကောင်းတဲ့ ရိုးရာပစ္စည်းတွေ" တဖြည်းဖြည်း ပျောက်ကွယ်နေတယ် ဆိုတာကိုတော့ သတိပြုကြရမှာပါ။

"မြန်မာအမျိုးသမီး" ဆိုရင် နိုင်ငံတကာက "ရင်ဖုံးအင်္ကျီနဲ့ သနပ်ခါး ပါးကွက်ကြား" လေးကို တွဲမြင်ကြ တာပါ။ ခုချိန်မှာတော့ အဲဒီမြန်မာမလေးတွေကို အလွယ်တကူရှာလို့ မတွေ့နိုင်တော့ပါဘူး။ ကျွန်တော် တို့ နိုင်ငံက ရိုးရာပစ္စည်းတွေဟာ နှစ်ကာလများစွာ အသုံးဝင်လို့ အသုံးပြုခဲ့ကြ တာပါ။ ရိုးရာပစ္စည်းတွေ အမေ့ခံ၊ အစွန့်အပစ်ခံ ဘ၀ကို ရောက်သွားမှာကိုတော့ မြန်မာတစ်ယောက် အနေနဲ့ မလိုလားပါဘူး။

တိုင်းတစ်ပါး ပစ္စည်းကို မသုံးရဘူးလို့ မဆိုလိုပါဘူး။ လိုအပ်ရင် အသုံးပြုကြရမှာပါ။ တိုင်းတစ်ပါး ပစ္စည်းတွေ အပေါ်မှာ အလွန်အထင်ကြီးတဲ့ စိတ်ဓာတ်တွေကြောင့် ကျွန်တော်တို့ရဲ့ ရိုးရာပစ္စည်းတွေဟာ အိမ်နိမ့်စံ ဘ၀ကို ရောက်နေရတယ် ဆိုတာကိုတော့ သိထားသင့်ပါတယ်။ ကျွန်တော် တို့ရဲ့ ပြည်တွင်းဖြစ် ကို ကျွန်တော်တို့ လှည့်ကြည့်ရပါမယ်။

ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ မြန်မာပြည်ကြီးထဲမှာ ပြည်တွင်းဖြစ် ရိုးရာပစ္စည်းတွေကို မေ့ထားလို့၊ ပစ်ထားလို့ မရပါဘူး။ ကျွန်တော်တို့မှာ ရိုးရာအမွေအနှစ်၊ ရိုးရာပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုတာ သမိုင်းပေး တာဝန်တစ်ခုပါပဲ။

ကျွန်တော်တို့ ပြည်တွင်းမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာပစ္စည်းတွေဟာ တဖြည်းဖြည်း များလာပါတယ်။ အရင်က ပြည်တွင်းမှာ မရှိခဲ့တဲ့ အသစ်အဆန်း ယဉ်ကျေးမှုတွေ၊ အသုံးအဆောင်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ များပြားလာပါတယ်။ အသစ်နဲ့ အဟောင်းကြားမှာ ဥာဏ်နဲ့ယှဉ်ပြီး အသုံးပြုကြရမှာပါ။ အသုံးမပြုတတ်ရင်တော့ "ဘေး" ဖြစ်နိုင်တာတွေက အများကြီး ဆိုတာကို သတိပြုကြရမှာပါ။

ပေါင်မုန့်၊ကိတ်မုန့်တွေချိစ်တွေ နေ့စဉ်စားနေကြရပေမဲ့ ကောက်ညှင်းပေါင်းလေး၊ မုန့်ဟင်းခါးလေးတွေကို စားချင်ကြတာပါပဲ။ ကျွန်တော်တို့ရဲ့ ဘ၀အမှန်ကို ကျွန်တော်တို့ ကိုယ်တိုင်ကလည်း မေ့တတ်ကြတာဟာ သဘာဝ ဖြစ်နေပါတယ်။ အဲဒီလို ဖြစ်လောက်အောင်လည်း "Made in Foreign" ဖြစ်တွေက ကျွန်တော်တို့ ပြည်တွင်းမှာ များစွာလွှမ်းမိုး ထားပါတယ်။

ကျွန်တော်တို့ရဲ့ ရိုးရာပစ္စည်းတွေ၊ ရိုးရာယဉ်ကျေးမှုတွေကို ဆုံးရှုံးပျောက်ကွယ်သွားအောင် မပြုသင့်သလို၊ ကျွန်တော်တို့ရဲ့ ရိုးရာပစ္စည်း၊ ရိုးရာယဉ်ကျေးမှု ဖြစ်တယ်ဆိုတာကိုလည်း အခွင့်အခါသင့်တိုင်း ကျွန်တော်တို့ ဖော်ထုတ်ကြရမယ် ဆိုတာကို မမေ့သင့်ပါဘူး။ "ကျွန်တော်တို့ဟာ ကျွန်တော်တို့ဖြစ်ပြီး သူတို့ဟာ သူတို့ပါပဲ။ လူချင်းတူပေမဲ့ ယဉ်ကျေးမှုချင်း မတူကြပါဘူး။ ကိုယ့်ယဉ်ကျေးမှု ကိုယ်စောင့်ရှောက်ကြတာတော့ နိုင်ငံတိုင်းက အတူတူပါပဲ"

ဧရာဝတီအတွက် ကျွန်တော်တို့ သီချင်းတွေ စပ်ခဲ့ကြတယ်။ ဆိုနေကြတယ်။ သနပ်ခါးတွေအတွက် သီချင်းတွေ စပ်ကြတယ်။ ဆိုကြတယ်။ Sea Game အတွက် သီချင်းတွေ စပ်ကြတယ်။ ဆိုကြတယ်။ ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေအတွက် သီချင်းလေးတွေ စပ်ကြ၊ ဆိုကြပါဦးလို့ ပြောချင်ပါတယ်။ "ကျွန်တော်တို့ နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းစောင့်ရှောက် နိုင်ပါစေ"။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here