Tuesday, October 1, 2013

ဗိုလ်ချုပ်သားနှင့် အများပြည်သူ

0 comments
(ဆောင်းပါးရှင် - မောင်လွင်မွန် (ကသာ))

တရုတ်နိုင်ငံတွင် လူသိများသည့် တရုတ်ဗိုလ်ချုပ် တစ်ဦး၏ အသက် ၁၇ နှစ်သာ ရှိသေးသည်ဟုဆိုသော သားကို အမျိုးသမီးတစ်ဦးအား အုပ်စုလိုက် မတရား ပြုကျင့်ရာတွင် ခေါင်းဆောင် ပါဝင်ခဲ့ခြင်းအတွက် မုဒိမ်းမှုဖြင့် ရုံးတင်စစ်ဆေးခဲ့သည်။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်လီရှောင်ဂျင်းသည် တရုတ်လွတ်မြောက်ရေး တပ်မတော်တွင် လူသိများ ထင်ရှားသူ တစ်ဦးဖြစ်ပြီး မျိုးချစ်စိတ်လှုံ့ဆော် တေးများဖြင့် လူကြိုက်များ အဆိုတော်တစ်ဦး ဖြစ်သကဲ့သို့ တရုတ်တပ်မတော်၏ အနုပညာ ဂီတကျောင်း တွင် ကျောင်းအုပ်ကြီး လည်း ဖြစ်သည်။ မိခင်ဖြစ်သူ မန်ဂီကလည်း နာမည်ကြီး အဆိုတော် တစ်ဦး ဖြစ်သည်။

အမှုမှာ လွန်ခဲ့သော ဖေဖော်ဝါရီလက ပေကျင်းမြို့ ဟိုတယ်တစ်ခုတွင် ဗိုလ်ချုပ်လီရှောင်ဂျင်း၏သား လီတိန်ရီနှင့် အခြားလေးဦး တို့ အရက်များ အလွန်အကျွံ မူးယစ်သောက်စားပြီး ယင်းဟိုတယ်တွင် ဘီယာသောက်နေသော အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးအား မတရား ပြုကျင့် ခဲ့ ကြခြင်း ဖြစ်သည်။ သို့သော် လွန်ခဲ့သော လက တရားရုံးတင် စစ်ဆေးရာတွင် လီတိန်ရီက ကျူးလွန်ကြောင်း ၀န် ခံခြင်း မရှိဘဲ သူ့အနေဖြင့် ကျုးလွန်မှု မရှိသလို ထိုအမျိုးသမီးနှင့် ပတ်သက်မှုလည်း မရှိ ဖူးကြောင်း၊ ထိုညက မိမိမှာ မူးနေသဖြင့် ဘာကိုမှ မမှတ်မိပါကြောင်း စသည်အပြင် ယင်းမိန်းကလေးမှာလည်း ပြည့်တန်ဆာ တစ်ဦးသာဖြစ်ကြောင်း ထုချေဖြေရှင်းခဲ့ပြီး အခြားလေးဦးက လည်း ပြစ်မှုကို ပထမတွင် ငြင်းဆိုခဲ့ကြသည်။ တရုတ်နိုင်ငံတွင် အထက်တန်းလွှာတို့၏ သားသမီးများမှာ ဥပဒေ အထက်တွင် ရှိတတ်စမြဲ ကြုံရလေ့ ရှိခြင်းကြောင့် လီတိန်ရီမှာ အပြစ်တစ်စုံတစ်ရာ ကျခံရမည် မဟုတ်ဘဲ လွတ်မြောက်သွားလိမ့်မည်ဟု ပြည်သူအများက ထင်မြင်ကြပြီး အင်တာနက်တွင်လည်း ယင်းသို့  အဆိုးမြင် ရှုထောင့်မှ ဝေဖန်လျက် ကြိုတင်နိမိတ် ဖတ်ခဲ့ကြသည်။

ထို့ပြင် လီတိန်ရီကို ဥပဒေ ဖောက်ဖျက်ကျူးလွန်သူအဖြစ် ပထမအကြိမ် မြင်ကြရသည် မဟုတ်ဘဲ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၆ ရက် ညကလည်း ပေကျင်းမြို့တွင် ယာဉ်မောင်းလိုင်စင် မရှိသည့် လီတိန်ရီ မောင်းလာသော လိုင်စင်မဲ့ ဘီအမ်ဒဗလျူကားနှင့် လိုင်စင်နံပါတ်အတု အိုနံပါတ် တပ်ထားသည့် အော်ဒီကား နှစ်စီးကို သူတို့ရှေ့မှကွေ့ရန် အရှိန်လျှော့သော ကားက လမ်းပိတ်သည်ဆိုကာ ကားပေါ်ပါ လင်မယား နှစ်ယောက်စလုံးကို လီတိန်ရီနှင့် အော်ဒီကားမောင်းသူ လူငယ်တို့က ကားပေါ်မှဆွဲချ ရိုက်နှက်ခဲ့ကြသည်။ သုံးမိနစ်ကြာ ရိုက်နှက်ခဲ့စဉ်အတွင်း ဘေးလူတို့ကို "ဘယ်ကောင် ရဲကိုခေါ်ရဲ သလဲ ပြောစမ်း" ဟု အော်ဟစ်ကြိမ်းမောင်း စိန်ခေါ်ခဲ့ကြသည်။ လင် မယား နှစ်ယောက် စလုံး ဒဏ်ရာများ ရရှိကာ ခေါင်းမှသွေးများ ယိုကျသည်အထိ အရိုက်ခံရသည်။ လင်ယောက်ျားမှာ ဒဏ်ရာပြင်းထန်ပြီး နဖူးတွင် ခြောက်ချက်၊ ခေါင်းတွင်နှစ်ချက် ချုပ်ရကာ နှာတံနှင့် ညာမျက်လုံးတွင် အတွင်းကြေ ထိခိုက်မှု ဖြစ်ခဲ့သည်။ ရဲများရောက်ရှိ လာချိန်တွင် လီတိန်ရီတို့နှစ်ဦး ထွက်ပြေးရန် ကြိုးစားသော်လည်း ဖမ်းဆီးခံရသည်။ ယင်းကာလက လီတိန်ရီမှာ ၁၅ နှစ်သာ ရှိသေးပြီး အရွယ်မရောက် သေးသူအဖြစ် စစ်ဆေးစီရင် ခံရသည်။ ယင်းကာလက အင်တာနက်တွင် အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသော ယင်းသတင်းအတွက် အများက လီတိန်ရီကို လူဆိုးတေလေလေး အဖြစ် ပြစ်တင်ရှုတ်ချ ခဲ့ကြပြီး သူသည် ထိန်းသိမ်းပညာပေး စခန်းတွင် တစ်နှစ်သွားရောက် နေထိုင် ခဲ့ရသည်။ ထူးခြားချက်မှာ ထိုစဉ်က သူဖခင် လီရှောင်ဂျင်းက သူ့အနေဖြင့် သူ့သား၏ ဆိုးသွမ်း အကျင့် တန်မှုများကို ပြုပြင်ထိန်းသိမ်းရန် ပျက်ကွက်ခဲ့ပါကြောင်း အများပြည်သူ အား တောင်းပန်ခဲ့ခြင်း ဖြစ်သည်။

ယခု တစ်ကြိမ်မှာလည်း အသက် ၇၄ နှစ်အရွယ် ဗိုလ်ချုပ်လီရှောင်ဂျင်းမှာ သူ့သား ဖမ်းဆီးခံရခြင်းအတွက် စိတ်ဖိစီးမှုဖြင့် ကျန်းမာရေးပင် ထိခိုက်နေပြီး ယခုအသက် ၁၇ နှစ်သာ ရှိသေးသည်ဟု ဆိုနေသော သူ့သားမှာ အရွယ်ရောက်ပြီးဖြစ်ကြောင်း သက်သေအထောက် အထားများကြောင့်လည်း အရှက်ကွဲစရာ ကြုံနေရသည်။ South China Morning Post က တင်ပြသော ဗီဒီယိုဖိုင် တစ်ခုတွင် လီရှောင်ဂျင်းက ၂၀၀၆ ခုနှစ်တွင် သူ့သား အသက် ၁၂ နှစ် ရှိပြီဟု ဆိုထားသည့်အတွက် ယခုအခါ သူသားအသက် ၁၉ နှစ် ရှိပြီဖြစ်ကြောင်း ထင်ရှားနေရာ အရွယ်မရောက်သေးသူအဖြစ် လျှော့ပေါ့အပြစ်ပေး ခံရရန် ၁၇ နှစ်ဟု လိမ်လည်ထားကြောင်း ပေါ်လွင်လာခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၁၁ မှာကဲ့သို့ "အရွယ်မရောက်သေးသူ အဖြစ်" အစား "အရွယ်ရောက်ပြီးသူ အဖြစ်" စစ်ဆေးစီရင်သင့်ကြောင်း ရည်ညွှန်းကြခြင်း ဖြစ်သည်။ သို့သော် တရားရုံးက လီတိန်ရီကို အရွယ်မရောက်သေးဟု သတ်မှတ်ပြီး သတင်းသမားများကို တရားရုံး အတွင်းသို့ ၀င်ခွင့်မပြုဘဲ အမှုကိုလည်း အများပြည်သူရှေ့ စစ်ဆေးခြင်း မပြုခဲ့ပေ။

သို့သော် ကြာသပတေးနေ့က တရားရုံး စီရင်ချက်တွင် လီတိန်ရီသည် ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ၁၀ နှစ်နှင့် ကျန်လေးဦးမှာလည်း သုံးနှစ်မှ ၁၂ နှစ်အထိ ပြစ်ဒဏ်များ အသီးသီး ကျခံရကြောင်း နိုင်ငံတကာ သတင်းများအရ သိရပါသည်။ တရားသူကြီးက ယခုအမှု၏ စီရင်ချက်မှာ ယနေ့ တရုတ်အထက်တန်းလွှာများ ဘ၀ကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်ဟုပင် ဆိုလိုက်သည်။ ထို့ပြင် လီတိန်ရီပြောသော ယင်းမိန်းကလေးမှာ ပြည့်တန်ဆာ တစ်ဦးသာ ဖြစ်သည်ဆိုခြင်းမှာ ယခုအမှုနှင့် မသက်ဆိုင်ဘဲ အဓိက အချက်မှာ ကာမဆက်ဆံမှုကို အမျိုးသမီးက သဘောတူညီသည် မတူညီသည် ဆိုသည်က အရေးကြီးကြောင်းလည်း ပြောကြားသည်။ တရားရုံး၏ အဆိုအရ လုံခြုံရေး ကင်မရာ မြင်ကွင်းတွင် လီတိန်ရီက မိန်းကလေးကို ဟိုတယ်ဓာတ်လှေကားတွင်း ဇွတ်ဆွဲသွင်းပြီး မျက်နှာ ကို ရိုက်နှက်သည်ကို တွေ့ရကြောင်း၊ မိန်းကလေး အ၀တ်ကို ဆွဲချွတ် သည်ကိုလည်း တွေ့ကြောင်း သိရသည်။ သို့သော် လီတိန်ရီသည် ယခုပြစ်မှုတွင် ဦးဆောင်ကျူးလွန်သူဟု ထင်ရှားသော်လည်း အရွယ် မရောက်သေး သူ ဖြစ်သဖြင့် ညှာတာစွာ ပြစ်ဒဏ်ပေးခြင်း ဖြစ်ကြောင်းလည်း ဆိုထားသည်။ အတူ ကျူးလွန်သော အသက်အရွယ်ရ အမျိုးသားမှာ ပြစ်မှုကို ၀န်ခံသည့်အပြင် ပူးပေါင်းဆောင်ရွက်မှုလည်း ရှိသည့် အတွက် ၁၂ နှစ်သာ အပြစ်ပေးခဲ့ကြောင်း၊ အခြား အရွယ်မရောက်သေးသော လူငယ်နှစ်ဦးမှာလည်း အပြစ်ဝန်ခံပြီး နစ်နာသူ ကိုလည်း တောင်းပန်သည့် အတွက် ပြစ်ဒဏ် ကို ရွှေ့ဆိုင်းပေး ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

တရားရုံး၏ ဖော်ပြချက်အရ ယင်းပြစ်မှုမှာ အမှန်တကယ် ကျူးလွန်ခဲ့ကြောင်း ပေါ်လွင်သည်ဟု ယူဆရသည်။ သို့သော် တရုတ်ရဲ သုတေသန အရာရှိ တစ်ဦးက အများပြည်သူ၏ ဒေါသမှာ ယခုအမှုတွင် သက်ရောက်မှုရှိကြောင်း ပြောခဲ့သလို တရုတ်ဆိုရှယ် မီဒီယာ သုံးစွဲသူ တစ်ဦးကလည်း "အများပြည်သူ ထင်မြင်ချက်က ဥပဒေကို လမ်းလွဲပို့နေတာကတော့ တရုတ်နိုင်ငံ ဥပဒေစိုးမိုးမှုမှာ အတားအဆီး အနှောင့်အယှက် တစ်ခုပဲ" ဟု ဖော်ပြခဲ့သည်။ လီတိန်ရီ၏ ရှေ့နေကလည်း နှုတ်ဖြင့် သက်သေထွက်ချက်ဖြင့် အမှုကို ပြစ်မှုထင်ရှား စီရင်ခဲ့ခြင်းမှာ တရားမျှတမှု မရှိဟု ဆိုခဲ့သည်။ မည်သို့ဆိုစေ ယခုအမှုတွင် အများပြည်သူ၏ ထင်မြင်ချက်က ဥပဒေကို လွှမ်းမိုးသည်ဟု မြင်သည့်သူများ ရှိသည်ဆိုသည့်တိုင် တရားရုံး အနေဖြင့် ဥပဒေနှင့် အညီနှင့် မျှမျှတတဖြစ်ရန် ကြိုးစားဆောင်ရွက် ခဲ့သည်ဟု ယူဆစရာ ရှိနေသည်။ လီတိန်ရီသည် အသက်ပြည့်ပြီးသူ ဖြစ်ကြောင်း မီဒီယာက သက်သေပြချက် ဖိအားရှိနေသည့်တိုင် တရားရုံး၌ ထိုသို့စစ်ဆေး တွေ့ရှိချက် မပေါ်ပေါက်သည့်အတွက် အရွယ်မရောက်သေးသူ အဖြစ်သာ စစ်ဆေးခဲ့ပုံ ပေါ်သည်။ သို့သော် ပြစ်ဒဏ်ဆယ်နှစ်မှာ နည်းလှသည်ဟု မဆိုသာပါ။ သို့ရာတွင် တရုတ်မျက်မှောက် လူ့အဖွဲ့အစည်းကို မယုံကြည်နိုင်သူ ပြည်သူအချို့က "ဒီကောင် ဆယ်နှစ်လည်း မနေပါဘူး။ မကြာခင် ပြန်လွတ်မှာ" ဟု ပြောနေကြဆဲ ရှိသည်။

မည်သို့ဆိုစေ အာဏာနှင့် ငွေကြေးအရှိန်အ၀ါ မြင့်သူတို့၏ ဒုတိယ မျိုးဆက်က အခွင့်ရေးယူ ရမ်း ကားခြင်း၊ ဥပဒေ၏ အထက်က ရှိနေတတ်ခြင်းတို့ကို ကြုံရပါများပြီး သည်းမခံနိုင်အောင် ဖြစ်နေသော အများပြည်သူ၏ ဖိအားမည်သို့ ရှိသည်ပဲဖြစ်စေ အများပြည်သူကို တောင်းပန်ခဲ့သော တေးသံရှင် ဗိုလ်ချုပ်လီရှောင်ဂျင်း၏ အများပြည်သူအပေါ် တန်ဖိုးထား လေးစားရကောင်းမှန်း သိမှုနှင့် တရားရုံးက မည်သည့်ဘက်ကိုမျှ တစ်ဖက်သတ် ဖိနှိပ်မှုမပြုဘဲ ဥပဒေအတိုင်း ဆောင်ရွက်ခဲ့မှုတို့ကို အသိ အမှတ် ပြုရမည်သာ ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် ကွန်မြူနစ်နိုင်ငံဟု တရားဝင် ဆိုထားပြီး ဒီမိုကရေစီ နိုင်ငံပါဟုလည်း မဆို။ ပါတီစုံ ရွေးကောက်ပွဲဖြင့် တင်မြှောက်ထားသော အစိုးရလည်း မဟုတ်ပါ။ ထို့ပြင် အများပြည်သူ၏ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်အတွက် မေးခွန်းအထုတ် ခံရတတ်သော နိုင်ငံမျိုးလည်း ဖြစ်သည်။ သို့ရာတွင် ယခုသတင်းကို ဖတ်ရသောအခါ တရုတ်ဗိုလ်ချုပ် တစ်ဦးက အများပြည်သူ၏ ထင်မြင်ချက်ကို အလေးထားပြီး မိမိအပြစ်ကို ၀န်ခံကာ မိမိသားအတွက် တောင်းပန်ရန် ၀န်မလေးပုံ၊ သားအသက်ကို လိမ်သည်မှအပ အခြားပိုမို လွယ်ကူသော တရားရုံးကို စွက်ဖက်လွှမ်းမိုးခွင့် ဗိုလ်ချုပ်လီရှောင်ဂျင်း ရနိုင်ခြင်းရှိဟန် မတူပုံနှင့် တရားရုံးကလည်း အများပြည်သူ၏ အမြင် (Public Opinion) နှင့် ဥပဒေ စိုးမိုးမှု (Rule of Law)တို့ကို ချိန်စက်ဆောင်ရွက် နိုင်ပုံတို့ကို လေးစားဖွယ်အဖြစ် မြင်ရပါသည်။

အာဏာရှင် စနစ်အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီ နိုင်ငံပါဟု ဆိုနေသော အာရပ်နွေဦး တော်လှန်ရေးဝင် နိုင်ငံများ၊ အထူးသဖြင့် အီဂျစ်လို နိုင်ငံမျိုးနှင့် ကမ္ဘာ့အခြား ဒီမိုကရေစီ အမည်ခံထားရာ နိုင်ငံမျိုးများတွင် ရိုက်နှက်ရမ်းကားမှု လွန်ကျူးပြီး ပြည်သူကို စော်ကားစိန်ခေါ်ခဲ့သော သားမျိုးအတွက် မိမိမှာ တာဝန်ရှိပါသည်ဟု တောင်းပန်သော ဗိုလ်ချုပ်မျိုး မြင်ရနိုင်ပါ့မလားဟု စဉ်းစားတွေးတော နေမိသည် ဆိုပါလျှင်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here