Thursday, October 10, 2013

တရားသူကြီးအားလုံး ကျမ်းသစ္စာ ဆိုရမည့် ပြင်ဆင်ချက် ဥပဒေပြဋ္ဌာန်း

0 comments
Thursday, October 10, 2013

တရားစီရင်ရေးစနစ်တွင် အကျင့်ပျက် ခြစားမှုများ ရှိနေသည်ဟု ဝေဖန်ခံနေရသောကြောင့် တရားသူကြီးအားလုံး ကျမ်းသစ္စာ ဆိုရမည့် ပြည်ထောင်စုတရား စီရင်ရေးဥပဒေ ပြင်ဆင်သော ဥပဒေ ကို အောက်တိုဘာလ ၈ ရက်နေ့ တွင် ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်း လိုက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ် ရေးထိုးလိုက်ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၂၃၊ ပုဒ်မခွဲ (ခ) ၏ နောက်တွင် ပုဒ်မခွဲ (ဂ) အဖြစ် ‘တရားသူကြီးအဖြစ် ရွေးချယ် ခန့်ထားခံရသူများ တရားသူကြီးအဖြစ် စတင်တာဝန်ပေးသည့် အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာ ပြုရမည်။ ကတိသစ္စာ မပြုရသေးသော တရားသူကြီးများလည်း ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက်ရမည်’ ဟု ဖြည့်စွက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခင်ဥပဒေတွင် တရားသူကြီးများ ကျမ်းသစ္စာ ပြုခြင်းကို ထည့်သွင်း ရေးဆွဲထားခြင်း မရှိဘဲ ရှေ့နေများနှင့် တရားလိုပြ ရဲဝန်ထမ်း၊ တရားခံနှင့် တရားလိုများသာ ကျမ်းသစ္စာ ဆိုရကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောကြားသည်။
“တရားစီရင်တဲ့ တရားသူကြီးမင်းတွေ မှန်ကန်မျှတမှု ရှိအောင် လောကပါလ တရားနဲ့ ထိန်းသိမ်းတာပါ” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၆၇ နှင့် ပုဒ်မ ၆၈ တွင် ‘ရဲတပ်ဖွဲ့ အချုပ်စခန်းများကို စစ်ဆေးကြည့်ရှုနိုင်သည်’ ဟူသော ပြဋ္ဌာန်းထားချက်ကို ‘အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ်နှင့် ခြောက်လလျှင် တစ်ကြိမ် စစ်ဆေးကြည့်ရှုရမည်’ ဟု ပြောင်းလဲ ပြင်ဆင်လိုက်ခြင်းမှာ အချုပ်သားများ၏ လူ့အခွင့်အရေးကို ကာကွယ်ပေးခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေ့များ ကွန်ရက် အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသန်းဌေးက ပြောကြား သည်။“မဖြစ်မနေ လုပ်ရမယ့် သဘောပေါ့၊ ကိုယ်တရားစီရင်ရမယ့် အချုပ်သားရဲ့အခြေအနေကို စစ်ဆေး ကြည့်ရှုရမယ်ဆိုတဲ့ သဘောပါ” ဟု ၎င်းကရှင်းပြသည်။ 

အဆိုပါ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားခြင်း ဖြစ်ပြီး အောက် တိုဘာလ ၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး အတည်ပြု လိုက်ခြင်း ဖြစ်သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here