Monday, October 7, 2013

ဂုဏ်သိက္ခာ ပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်။

0 comments

( အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက လာရောက်စဉ် ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်း ပြောကြားစဉ် )

Written by - မောင်တင်ဦး (မြောင်းမြ) 

ဂုဏ်သိက္ခာ

စိတ္တဇနာမ် ဖြစ်တဲ့အတွက် လက်ဆုပ်လက်ကိုင်ပြဖို့ ခက်ခဲလှပါတယ်။ ဒါပေမဲ့ အဲဒီနာမ်ရဲ့ ဂုဏ်သတ္တိကများစွာ ကြီးမား ကျယ်ပြန့်လှပါသည်။

လူအဖြစ် ရပ်တည်ကြရာမှာ ရုပ်နဲ့နာမ် နှစ်ပါးတည်းနဲ့တင် ရပ်တည်လို့မရပါဘူး။ အရည်အချင်းတွေ၊ အကျင့်စရိုက်တွေ၊ နှလုံးသား ခံစားချက်တွေအပြင် တစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာတွေဟာ လူအဖြစ်ရပ်တည်မှုရဲ့ အဆင့်အတန်းကို ပြနေတာပါ။

လူတစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်တွေက အများကြီးပါ။ အဲဒီ လိုအပ်ချက်များစွာထဲမှာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ မရှိမဖြစ် အရေးတကြီး လိုအပ်ပါတယ်။

နိုင်ငံရေး အကျဉ်းသား တစ်ယောက်၏ အကျဉ်းထောင်ထဲက လွတ်မြောက်ဖို့ လွယ်လွယ်လေးပါ။ ထောင်ကလွတ်ရင် နောက်ထပ်နိုင်ငံရေး မလုပ်တော့ပါဘူးလို့ လက်မှတ်လေးထိုးပေးရုံပါ။ ဒါပေမဲ့ ဒီကနေ့ နိုင်ငံရေးသမားတွေဟာ ဒီလို အလွန်လွယ်ကူတဲ့ လမ်းကို မရွေးခဲ့ကြပါဘူး။

မိမိတစ်ဦးတည်းရဲ့ လွတ်လပ်ခွင့်ထက် မိမိဂုဏ်သိက္ခာက ပိုလို့ အရေးကြီးပါတယ်။ လွတ်လပ်ခွင့်ကို အရှုံးခံပြီး ဂုဏ်သိက္ခာအတွက် တိုက်ပွဲဆက်ဝင်ခဲ့ကြပါတယ်။

မိမိတစ်ယောက်တည်း လွတ်လပ်ခြင်းထက် နိုင်ငံသားအားလုံး၊ နိုင်ငံတော်တစ်ခုလုံး လွတ်လပ်ခွင့်က ပိုအရေးကြီးပါတယ်။

နောက်ဆုံး မတတ်သာတဲ့အချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေဟာ ဂုဏ်သိက္ခာရှိရှိ အကျဉ်းထောင်က လွတ်မြောက်လာကြပါတယ်။

ဂုဏ်သိက္ခာဟာ အလွန်အင်အား ကြီးမားမှန်း လက်တွေ့သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလို တစ်ဦးချင်းစီက ဂုဏ်သိက္ခာ ပြည့်ဝအောင်နေပြခြင်းဟာ နိုင်ငံတော်ကြီးကို ဂုဏ်သိက္ခာပြည့်ဝတဲ့ နိုင်ငံတော် ဖြစ်စေချင်လို့ပါ။ ကမ္ဘာ့နိုင်ငံ အလယ်မှာ မြန်မာနိုင်ငံဟာ နိုင်ငံတစ်နိုင်ငံအနေနဲ့ ရပ်တည်နေပါတယ်။ ရပ်တည်နေတာ၊ တည်ရှိနေတာဟာ ပထ၀ီ သဘောအရ အမှန်အကန် ရပ်တည်နေတာ မှန်ပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်သိက္ခာနဲ့ ပြည့်စုံလား။ ဂုဏ်သိက္ခာ အပြည့်အ၀ ရှိရဲ့လား။

တစ်ခါက မြန်မာနိုင်ငံဟာ နိုင်ငံရေးဂုဏ်သိက္ခာဟာ ကုန်းကောက်စရာမရှိအောင် ကျဆင်းခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ ဘယ်လောက် ကျခဲ့သလိုဆိုတာ ပြည်ပရောက် မြန်မာတွေ၊ အထူးသဖြင့် မြန်မာလူငယ်တွေ ပိုလို့ သိရှိခဲ့ကြပါတယ်။ ပိုလို့ ခံစားခဲ့ကြရပါတယ်။

စာရေးဆရာ တစ်ယောက်ရေးသလို ပြန်ရေးပြရရင် တော်ရုံတန်ရုံ ၀ဋ်ကြွေးနဲ့လည်း မြန်မာပြည်မှာ သာမန် ပြည်သူပြည်သား တစ်ယောက် မဖြစ်ပါဘူးလို့ ဆိုပါတယ်။

စည်းကမ်း ပြည့်ဝသော

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ(၇) မှာ ''နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံစနစ်ကို ကျင့်သုံးသည်''လို့ ဖော်ပြထားပါတယ်။ ပုဒ်မ(၇)ရဲ့ ၀ါကျတည်ဆောက်ပုံ၊ စာသား သုံးနှုန်းပုံကြည့်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲသူတွေဟာ သတိအလွန်ထားပြီး ဆတ်ဆတ်ထိ မခံနိုင်တဲ့သဘော၊ ရေးဆွဲထားတဲ့ ဥပဒေကို နည်းနည်းလေးမှ မပြင်လို၊ မဆင်လိုတဲ့ သဘော ပေါ်လွင်နေပါတယ်။

စစ်မှန်၍ဆိုတဲ့ စကားဟာ ဒီမိုကရေစီကို ဆိုလိုတာဖြစ်မယ် ထင်ပါတယ်။ ဒီမိုကရေစီမှာ စစ်မှန်တဲ့ ဒီမိုကရေစီ၊ မစစ်မှန်တဲ့ ဒီမိုကရေစီဆိုပြီး ရှိနေလို့များလား။ ဒီမိုကရေစီစကား တွင်တွင်ပြောပြီး အကောင်အထည်မပေါ်တဲ့ ဒီမိုကရေစီပဲ တွေ့ဖူး၊ ကြုံဖူးပါတယ်။

မစစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ ဘာလဲ။ ဘယ်လိုစနစ်မျိုးကို အတု ဒီမိုကရေစီလို့ ဆိုလိုချင်တာလဲ။ ဘယ်အဖွဲ့အစည်းတွေဟာ အစစ်တွေလဲ။ အတုတွေလဲ။ အတုတွေဖြစ်မှာ ကြိုစိုးရိမ်လို့ စစ်မှန်၍ဆိုတဲ့ စကားလုံးနဲ့ စည်းသတ်ထားလေသလား။ အတွေးပွားစရာ ဖြစ်မိပါတယ်။ ဆိုရရင် မရောင်ရာဆီလူး ဖြစ်နေတဲ့ အပိုဝေါဟာရလို့ ယူဆမိပါတယ်။

နောက် ဆိုထားပါသေးတယ်။ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီတဲ့။ စည်းကမ်းဆိုတဲ့ စကားလုံးကို အုပ်ချုပ်သူ လူများဘက်က အုပ်ချုပ်ရေး အထောက်အကူပြုစေဖို့ အလွန်အသုံးဝင်စေတဲ့ နာမ်ဖြစ်ပါတယ်။ စည်းကမ်းရှိပါ။ စည်းကမ်းလိုက်နာပါ။ စသည်ဖြင့် စည်းကမ်း ရှိစေချင်သူတွေက စည်းကမ်းတွေ သတ်မှတ် ထုတ်ပြန်ပေးကြပါတယ်။

စည်းကမ်းဆိုတာ သာမန်အရပ်ဘက်မှာ သုံးပေမယ့် တကယ်တမ်းကျတော့ ဥပဒေကို စည်းကမ်းနဲ့ တစ်ပြေးညီထား သုံးစွဲကြတာများပါတယ်။ လိုအပ်လို့ ဖမ်းချင်၊ ဆီးချင်ရင် စည်းကမ်းမလိုက်နာလို့၊ ဥပဒေနဲ့ မညီလို့ ဆိုကာ ဖမ်းဆီးကြပါတယ်။ တစ်ခါတလေ စည်းကမ်းဟာ ထောင်ချောက် တစ်ခုလိုပါပဲ။

လမ်းမှာ လမ်းစည်းကမ်း၊ ကျောင်းမှာ ကျောင်းစည်းကမ်း၊ ရုံးမှာ ရုံးစည်းကမ်း စသည်ဖြင့် သူ့နေရာနဲ့သူ။ သူ့စည်းကမ်းနဲ့သူ နေကြ၊ ထိုင်ကြ၊ လုပ်ကိုင်ဆောင်ရွက် နေကြပါတယ်။

အထူးသဖြင့် လူအများစုနဲ့ စုပေါင်းဆောင်ရွက်ကြတဲ့ နေရာမှာ စည်းကမ်းဟာ အရေးကြီးပါတယ်။ ကားလမ်းဖြတ်ကူးရင် မျဉ်းကြားမှ ဖြတ်ကူးရမယ်ဆိုတဲ့ စည်းကမ်းဟာ ယာဉ်မောင်းသူရော လမ်းဖြတ်ကူးသူမှာပါ နှစ်ဦးလုံးက လိုက်နာရပါမယ်။

ဂုဏ်သိက္ခာရှိတဲ့ ဒီမိုကရေစီ ကျင့်စဉ်ထဲမှာ စည်းကမ်း၊ ဥပဒေ၊ လွတ်လပ်မှု၊ ပြည်သူအများစုကို ကိုယ်စားပြုမှု စတဲ့အချက်တွေက အလိုအလျောက် ပါပြီးသားပါ။

ဘယ် ဒီမိုကရေစီမှ စည်းကမ်းပျက် ဒီမိုကရေစီရယ်လို့ မကြားမိပါ။ ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ စည်းကမ်းကြီးလွန်းလို့ ဘာလေးဖြစ်ဖြစ် ဥပဒေနဲ့အညီ ဆုံးဖြတ်လွန်းလို့ အတိုင်အတာထူတဲ့ နိုင်ငံလို့ စာရေးဆရာမ ပတ္တမြားခင်ရဲ့ စာထဲမှာ ဖတ်ဖူးပါတယ်။ ဒီမိုကရေစီ မထွန်းကားသေးတဲ့ နိုင်ငံတွေမှာသာ ငွေများငွေနိုင်၊ ရာထူးကြီး တရားနိုင်၊ အာဏာရ အဖွဲ့အစည်းတွေနဲ့ပေါင်း တရားနိုင် ဖြစ်နေတာပါ။ ငွေမရှိ တရားရှုံး၊ မျက်နှာမွဲ တရားရှုံး၊ လယ်သမားတွေ မြေရှုံး၊ အလုပ်သမားတွေ ဘ၀ရှုံး ရှုံးနေဆဲပါ။

ကမ္ဘာ့အလယ်မှာ မြန်မာရဲ့ ဂုဏ်သိက္ခာ

ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာ မြင့်မားတဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတအိုဘားမား ကိုယ်တိုင် မြန်မာနိုင်ငံကို နှစ်ပေါင်း(၆၀)အတွင်း တခမ်းတနား လာရောက် လည်ပတ်ခဲ့ပါတယ်။ လည်ပတ်ရာမှာ တော်ရိလျော်ရိ မလာပါဘူး။ အမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို တစ်ချက်မှ မညှိုးနွမ်းရအောင် အစစအရာရာ ဂရုတစိုက် ပြင်ဆင်လာပါတယ်။ နောက်ဆုံး အိုဘားမားရဲ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မိန့်ခွန်းပြောကြားရာမှာ မြန်မာလို ဘာသာပြန်ပေးတဲ့ နားကြပ်ကအစ စီစဉ်ပေးပါတယ်။

ဒါဟာ သူတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ သူတို့သမ္မတရဲ့ ဂုဏ်သိက္ခာကို တောက်ပြောင်နေအောင် အရောင်တင်ပေးကြတဲ့ နိုင်ငံကြီးရဲ့ လုပ်ရပ်တွေပါပဲ။

မြန်မာနိုင်ငံဟာလည်း ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနေကြောင်း နိုင်ငံတကာနဲ့ ဆက်ဆံရေးကို ကြည့်ရင် သိသာစေပါတယ်။

တီမောလက်စ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ကေရာလာဇာနာနာနှင့် ဇနီးတို့ ချစ်ကြည်ရေးခရီးအဖြစ် စက်တင်ဘာ ၁၂ ရက်က ရောက်ရှိပါ တယ်။ ဂျပန်လွှတ်တော်နှင့် ဂျပန်- မြန်မာ ပါလီမန်အမတ်များ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ The Hournable Mr. Tchiro Alsawa ဦးဆောင်သည့် အဖွဲ့ စက်တင်ဘာ ၉ ရက်က လာရောက် လည်ပတ်ခဲ့ပါတယ်။ လတ်ဗီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Edgar Rinkervics ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာ၁၃ ရက်က လာရောက် လည်ပတ်ခဲ့ပါတယ်။ စင်ကာပူနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီးလည်း မေ ၂ ရက်က လာရောက် လည်ပတ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး မေလအတွင်းမှာ လာရောက်ခဲ့ပါတယ်။ ဧပြီ ၁ ရက်က စင်ကာပူသမ္မတနဲ့ ဇနီးတို့ ချစ်ကြည်ခရီးအဖြစ် လာရောက် လည်ပတ်ခဲ့ပါတယ်။ အင်ဒိုနီးရှား သမ္မတ ဒေါက်တာ ဆူစီလိုဘမ်ဘန်းနဲ့ ဇနီးတို့ ဧပြီ ၂၃ ရက်က လာရောက် လည်ပတ်ခဲ့ပါတယ်။

ခုနောက်ဆုံး နယူးဇီလန် လွှတ်တော်ဥက္ကဋ္ဌ Rt.Hon.David Carter လည်း မကြာမီ လာရောက် လည်ပတ်ဦးမှာ ဖြစ်ပါတယ်။ နောင်လည်း ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတကာမှ ခေါင်းဆောင်များ လာရောက် လည်ပတ်ကြဦးမှာပါ။

မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ရုတ်ခြည်း ပြောင်းလဲမှုတွေနဲ့ နိုင်ငံရေး စာမျက်နှာမှာ ပေါ်ပြူလာ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာ အမေရိကန်နိုင်ငံကို မေ ၁၇ ရက်က အလုပ်သဘောခရီးအဖြစ် သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် ဥရောပနိုင်ငံများဖြစ်တဲ့ နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယမ်နဲ့ အီတလီနိုင်ငံတို့ကို ဂုဏ်သိက္ခာရှိရှိ သွားရောက် လည်ပတ်ခဲ့ပြီး မြန်မာ့ဂုဏ်ကို ဆောင်နိုင်ခဲ့ပါတယ်။

ထို့အတူ နိုင်ငံတော်သမ္မတကြီးရဲ့ လုပ်ရပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့က ပေးအပ်တဲ့ ငြိမ်းချမ်းရေးဆုကို အမေရိကန်နိုင်ငံ နယူးယောက်မြို The Pierre Hotel မှာ ဧပြီ ၂၃ ရက်က ချီးမြှင့်ခဲ့ပါတယ်။

ခုဆို အမေရိကန်သမ္မတဟောင်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင် Mr.Jimmy Carter ဦးဆောင်ပြီး ဖင်လန်နိုင်ငံ သမ္မတဟောင်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင် Mr.Martin Martti Ahtisaari နော်ဝေနိုင်ငံ ၀န်ကြီးချုပ်ဟောင်း Dr. Gro. Harlem Brundtland တို့ ပါဝင်တဲ့အဖွဲ့ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လာရောက် တွေ့ဆုံခဲ့ပြန်ပါတယ်။

ဒါတွေက မြန်မာနိုင်ငံဟာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံဖြစ်လာနေကြောင်း နိုင်ငံတကာနဲ့ ဆက်ဆံရေးက ဖော်ပြနေပါတယ်။ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ ဆွီဒင်၊ နော်ဝေ၊ သြစတြေးလျ၊ ကိုရီးယား စတဲ့နိုင်ငံများမှ အဆင့်မြင့် သမ္မတ၊ ၀န်ကြီးချုပ်၊ ၀န်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌတို့က မိတ်ဝတ်မပျက် ချစ်ကြည်ရေးခရီးတွေ ၀င်ထွက် လည်ပတ်နေတာကြောင့် မြန်မာနိုင်ငံရဲ့ သမ္မတ၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများက မအားမလပ်ရအောင် ဧည့်ခံ နေရပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ အဆင့်အတန်းကို ထင်ဟပ်ပြနေတာပဲ ဖြစ်ပါတယ်။

လိုအပ်ရင် ပြင်ရမှာပေါ့

နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထင်ဟပ်ပြနေတဲ့ အဲ့ဒီနိုင်ငံကျင့်သုံးနေတဲ့ အခြေခံအကျဆုံး ဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ။ အခြေခံဥပဒေပါ ပုဒ်မတွေရဲ့ အနှစ်သာရဟာ ဒီမိုကရေစီရဲ့ ဂုဏ်သိက္ခာကို ဘယ်လောက် ဖော်ဆောင်ပေးနေသလဲ။ ဘယ်လောက် ဖော်ဆောင်ပေးနိုင်သလဲ။

ဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဂုဏ်သိက္ခာပြည့်ဝတဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ရေးအတွက် အဆင်သင့်ဖြစ်နေပြီလား။ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ဆန္ဒ၊ မြန်မာပြည်သူတို့ရဲ့ ဆန္ဒ၊ လက်တွေ့ ပကတိဖြစ်ရပ်တွေက အာဏာရှင်လက်အောက်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဥပဒေဟာ လက်တွေ့ဘ၀နဲ့ မဆီလျော်တော့ဘူးဆိုတာ ထင်ရှား လာပါတယ်။

ဒါကြောင့် ထီးလိုမင်းလို အချိန်ကိုက် လိုအပ်လာခိုက် အချိန်မီပြောင်းနိုင်သမျှ ပြောင်း၊ ပြင်နိုင်သမျှ ပြင်လိုက်ကြရင် ဂုဏ်သိက္ခာပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော် ပေါ်ထွန်းလာမှာ မလွဲပါ။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here