Monday, October 7, 2013

သွပ်မိုးနှင့်ကပ်လျက် ထောင်ထားသော အင်တင်နာတိုင်ကို ကိုင်မိရာမှ ကျောင်းသားတစ်ဦး ဓါတ်လိုက်သေဆုံး

0 comments
၂၀၁၃ခုနှစ်၊ အောက်တိုဘာ (၄)ရက်နေ့ ၊ နေ့ လည် (၂း၀၀)နာရီခန့် တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ၌ လျှပ်စစ်စီးဝင်နေသော အင်တင်နာသံပိုက်တိုင်အားကိုင်မိရာမှ လူငယ် တစ်ဦးဓါတ်လိုက်သေဆုံးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောင်ဇွဲထက်အောင်(၂၁)နှစ် (ဘ)ဦးသန်းမြင့်သည် အခင်းဖြစ်ပွားသောနေ့ တွင် သူငယ်ချင်းတစ်ဦး နှင့်အတူ လားရှိုးမြို့ ၊ရပ်ကွက်(၁)၊ ပါရမီလမ်းရှိ ရွှေလက်ရာစားသောက်ဆိုင် သို့ ရောက်ရှိလာကာ ခေါက်ဆွဲ နှင့် ဘီယာမှာထားခဲ့ပြီး အပေါ့အပါးသွားရန် ထသွားခဲ့၏။ ထိုစဉ်က မိုးသည်းထန်စွာရွာသွန်းနေပြီး အိမ်သာအနီးတွင် ရေအိုင်နေသောကြောင့် အနီးတွင်တွေ့ ရသော သံပိုက်တိုင်အား ဆုပ်ကိုင်အားယူခုန်ကူးရန် ကြိုးပမ်းစဉ် အဆိုပါ သံပိုက်တိုင်တွင် လျှပ်စစ်စီးဝင်နေသောကြောင့် နေရာတွင်ပင် ဓါတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။

‘ဘေးဆိုင်က အစ်မက ဒီမှာလူတစ်ယောက်လဲနေတယ် ပြောလို့  ကျွန်တော်ထွက်ကြည့်လိုက်တော့ သူ့ ကို ရေအိုင် ထဲမှာ ပက်လက်လဲနေတာတွေ့ လိုက်တယ်။ ထူမလို့ အနားကပ်သွားတော့ ရေထဲမှာ လျှပ်စစ်စီးဝင်တဲ့အသံမျိုး ကြားလိုက်တယ်။ ရဲ နဲ့ လျှပ်စစ်ဝန်ထမ်းတွေရောက်လာပြီး စစ်ဆေးကြည့်တော့ ဒီပိုက်တိုင်မှာလျှပ်စစ်စီးနေတယ် ဆိုပြီး လိုက်စစ်ကြည့်တော့ ဘေးဆိုင်တစ်ဆိုင်ရဲ့  အ၀င်မီးကြိုးက အမိုးသွပ်ပြားနဲ့ ထိပြီး လျှပ်စစ်ဓါတ်အား ကူးနေ တယ် ဆိုပြီး အန္တရယ်ရှိတဲ့ မီးကြိုးတွေကို ရှင်းလင်းဆောင်ရွက်သွားကြပါတယ်’ ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

မောင်ဇွဲထက်အောင်သည် ကျောက်မဲဇာတိဖြစ်ပြီး လားရှိုးမြို့ ၊ရပ်ကွက်(၁)၊စွန်းလွန်းကျောင်းလမ်းတွင် အိမ်ခန်းဌား နေထိုင်နေကြောင်း၊ လားရှိုးတက္ကသိုလ်တွင် တတိယနှစ် ဥပဒေအဓိက တက်ရောက်နေကြောင်း သိရသည်။

ယခုကဲ့သို့  မောင်ဇွဲထက်အောင် သေဆုံးခဲ့ရမှုကို လားရှိုးမြို့ မရဲစခန်းက ပ ၄၈၃/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သမန်းကျား
(၀၉-၅၂၃၂၄၆၁)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here