14/10/2013
၈၈ မျိုးဆက်အဖွဲ့ ပါတီထောင်ခြင်း၊ မထောင်ခြင်းကို ယခုနှစ်ကုန်ပိုင်းတွင် ဆုံးဖြတ်သွားမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းဇေယျက ပြောကြားသည်။
ယခုအချိန်တွင် အခြားလုပ်ငန်းများကိုသာ လုပ်ဆောင်နေပြီး အဆိုပါ ပါတီထောင်ခြင်း၊ မထောင်ခြင်းကို ယခုနှစ်ကုန်ပိုင်းတွင် အပြတ်ဖြတ်သွားမည်ဟု ရည်ရွယ်ထားကြောင်း ဦးမင်းဇေယျက ပြောကြားသည်။
"အခုထိတော့ ဒီကိစ္စကို မကိုင်တွယ် နိုင်သေးဘူး ဖြစ်နေတယ်။ ဒီနှစ်ကုန်ပိုင်းလောက် ဆိုရင်တော့ ဒီကိစ္စကို ကိုင်တွယ်ရမယ်။ ဒီနှစ်ကုန် သို့မဟုတ် ရှေ့နှစ်ဆန်းလောက်မှာ ပြတ်အောင်ဖြတ်မယ်ဆိုပြီး လျာထားတယ်" ဟု ဦးမင်းဇေယျက ဆိုသည်။
၈၈ မျိုးဆက်အဖွဲ့ အနေဖြင့် ပါတီထောင်ဖြစ် ပါကလည်း လက်ရှိအသုံးပြုနေသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အမည်ဖြင့် ထောင်ဖြစ်မည် မဟုတ်ဘဲ လက်ရှိအသုံးပြုနေသော အမည်မှာ အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGO) အဖြစ်သာ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
"နားလည်လွယ်အောင် ပြောရရင် ပြည်ခိုင်ဖြိုး အသင်းကနေ ပြည်ခိုင်ဖြိုးပါတီ ဆိုတာမျိုးလို မလုပ်ဘူး။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဆက်ရှိနေမှာပဲ။ ပါတီဘက်ကို ကူးမယ့်သူတွေက တခြားနာမည်နဲ့ သွားမှာ။ ဒါကတော့ အခြေခံမူပေါ့။ အဲလိုမျိုး လျာထားတယ်။ အကုန်လုံးတော့ ပါချင်မှပါမယ်။ ဘာလို့လဲဆိုတော့ NGO ပုံစံမျိုး ဆက်ပြီးသွားချင်တဲ့ သူကလည်း ရှိသေးတာကိုး" ဟု ဦးမင်းဇေယျက ပြောကြားသည်။
၈၈ မျိုးဆက် အဖွဲ့ဝင်များ အနေဖြင့် ပါတီထောင်ဖြစ်မည် ဆိုပါကလည်း အားလုံးပါဝင်မည် မဟုတ်ကြောင်းနှင့် အခြားပုံစံများနှင့်လည်း ပါဝင်ဖွယ်ရှိကြောင်း နော်ဝေခရီးစဉ်အတွင်း ဦးမြအေးက ပြောကြားသည်။
၈၈ မျိုးဆက်အဖွဲ့ အနေဖြင့် ယခင် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဟု ဖွဲ့စည်းကတည်းကပင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းစဉ်ဖြင့် ပြည်နယ်နှင့် တိုင်းအားလုံးနီးပါးသို့ သွားရောက်ကာ ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် စာပေဟောပြောပွဲများတွင်လည်း လိုက်လံဟောပြောမှုများ ရှိခဲ့သည်။
လက်ရှိတွင်လည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အစည်း အနေဖြင့် တောင်သူလယ်သမားရေးရာ၊ အလုပ်သမားရေးရာ၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့်လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်ကလည်း နေပြည်တော်၌ သမ္မတဦးသိန်းစိန်၊ သမ္မတရုံး ၀န်ကြီးများဖြစ်သည့် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီးဦးခင်ရီနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီးဦးအုန်းမြင့် စသူတို့ကို ၈၈ မျိုးဆက် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
Eleven Media Group
Monday, October 14, 2013
Subscribe to:
Post Comments (Atom)