Monday, October 14, 2013
ဘေးလ်၏ ဒဏ်ရာပွေမှုကို စပိန်ထိပ်တန်း ဆရာဝန် ဝေဖန်
Categories :
Monday, October 14, 2013
ရီးယဲလ် မက်ဒရစ် အသင်းအနေဖြင့် ဒဏ်ရာပြဿနာ ကြုံနိုင်မှန်း သိလျှက်နှင့် ဂါရတ်သ်ဘေးလ်အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေးချေခဲ့သည် ဆိုပါက အမှားကြီး တစ်ရပ်ကို ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း စပိန်၏ ထိပ်တန်း အားကစားဘက်ဆိုင်ရာ ဆရာဝန် တစ်ဦးက ပြောကြားလိုက်သည်။
ဝေလ လက်ရွေးစင် ဘေးလ်သည် ပေါင်စတာလင် (၈၆)သန်းတန် ပြောင်းရွှေ့ကြေးဖြင့် တော့တင်ဟမ် ဟော့စပါးမှ ဘာနေဗျူးသို့ကူးပြောင်းလာသည့်နောက်ပိုင်းဒဏ်ရာများနှင့်သာရုန်းကန်နေရသည်။ ဘေးလ်သည် နောက်ကျောဒဏ်ရာအတွက် ခွဲစိတ်မှု ခံယူရမည်ဟု သတင်းများ ထွက်ပေါ်နေသည်ကို ရီးယဲလ်က ငြင်းဆိုခဲ့သော်လည်း ဒဏ်ရာအခြေအနေမှာ ပေါ့ပေါ့ပါးပါး မဟုတ်ကြောင်းမူ ဝန်ခံထားသည်။ ရီးယဲလ်အနေဖြင့် ဘေးလ်၏ ဒဏ်ရာမှတ်တမ်း အခြေအနေများကို ကြိုတင်သိရှိလျှက်နှင့် ကြီးမားစွာ စွန့်စားခဲ့သည် ဆိုပါက အလွန်မှားယွင်းခြင်း ဖြစ်လိမ့်မည်ဟု ဒေါက်တာ အဗီလီနို ပါရာယွန်းက ဝေဖန်မှတ်ချက် ပြုခဲ့သည်။
ဒေါက်တာ ပါရာယွန်းက "တကယ်လို့ ရီးယဲလ်ဟာ ဘေးလ်ရဲ့ အခြေအနေကို သိလျှက်နဲ့ လက်မှတ်ထိုး ခေါ်ယူခဲ့သလား ဆိုတာက မေးခွန်းတစ်ခုပါ။ ကြိုသိလျှက်နဲ့ ဝယ်ခဲ့တယ် ဆိုရင်တော့ အင်မတန် ဆိုးရွားတဲ့ အမှားတစ်ခု ဖြစ်ပါလိမ့်မယ်။ မနက်ဖြန်မှာ ဘေးလ်ဟာ ခွဲစိတ်မှု ခံယူရမလား၊ ကစားနိုင်မလား ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ သူဟာ ခွဲစိတ်မှု ခံယူရမလိုလိုနဲ့ ပြန်ကစားနိုင်ခဲ့တဲ့ အကြိမ်ပေါင်း တော်တော်များခဲ့ပါပြီ။ ဒါပေမဲ့ ကျောဘက် ပြဿနာက ခဏခဏ ဖြစ်ခဲ့တယ်ဆိုရင် အားကစားသမား တစ်ယောက်အတွက် ဆိုးရွားတဲ့ လက္ခဏာ တစ်ရပ်လို့ ယူဆရပါမယ်"ဟု ပြောဆိုသွားခဲ့သည်။
ဘေးလ်သည် ရီးယဲလ်တွင် ပေါင်ဒဏ်ရာတစ်ရပ်ကြောင့် လေ့ကျင့်ခန်း အစီအစဉ်အချို့ ပျက်ကွက်ခဲ့ဖူးသလို လက်ရှိတွင်လည်း ၎င်း၏ ကြံ့ခိုင်မှု အခြေအနေအရ အသင်းအတွက် ကစားနိုင်ရန် မသေချာသေးဘဲ ရှိနေသည်။ ၎င်း၏ အေးဂျင့်ဖြစ်သူ ဂျိုနသန် ဘားနက်ကမူ "ဘေးလ်ဟာ ကမ္ဘာ့ဘောလုံးလောကမှာ သမိုင်းတစ်လျှောက် တန်ကြေးအမြင့်ဆုံး ကစားသမားပါ။ တကယ်လို့ သူဟာ ဒဏ်ရာတွေနဲ့ပဲ နပမ်းလုံးနေရတဲ့ ကစားသမားဆိုရင် ရီးယဲလ်က ဒီဈေးပေးပြီး စာချုပ်ပါ့မလား"ဟု တုံ့ပြန်သွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)