Wednesday, October 16, 2013

မပေါက်ကွဲသေးသော ဗုံးတည်ဆောက်ပုံများကို ယခင်ဖြစ်စဉ်များနှင့် တိုက်ဆိုင်သရုပ် ခွဲလေ့လာနေကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

0 comments
ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးများကို ထပ်မံတွေ့ရှိခဲ့ရာ ရရှိထားသော ဗုံးများ၏ တည်ဆောက်ပုံများကို ယခင်ဖြစ်စဉ်များနှင့် တိုက်ဆိုင်သရုပ်ခွဲ လေ့လာနေကြောင်း နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

အောက်တိုဘာ ၁၅ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီးတွင် ဦးရဲထွဋ်က သတင်းထောက်များကို ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အခု ရထားတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေရှိတယ်။ အဲဒီ ဗုံးတွေရဲ့ တည်ဆောက်ပုံ။ ဆိုလိုတာက သုံးတဲ့ယမ်း အမျိုးအစား၊ စနက်တံ အမျိုးအစား၊ နောက်တစ်ခါ ချိန်ကိုက်ကိရိယာတွေရဲ့ အမျိုးအစားတွေပေါ့။ အဲဒါတွေနဲ့ ဟိုတုန်းက ဖြစ်ခဲ့ တဲ့ ဖြစ်စဉ်တွေနဲ့ ပြန်ပြီးတော့ သရုပ်ခွဲပြီး လေ့လာနေတာပေါ့။ ဒါတွေ လုပ်နေတယ်" ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

လက်ရှိတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် အများပြည်သူ ၀င်ထွက်သွားလာမှုများသော တည်းခိုခန်းများ၊ ဟိုတယ်များနှင့် ဈေးဝယ်စင်တာများ၊ အများပြည်သူ ၀င်ထွက်သွားလာနေသည့် အဝေးပြေးကားဂိတ် စသည့်နေရာများတွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားပြီး သတိပေးမှုများ ပြုလုပ်ထားကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

လက်ရှိဖြစ်ပွားနေသော ဗုံးပေါက်ကွဲမှုများနှင့် ဗုံးတွေ့ရှိမှုများသည် ဖောက်ခွဲမှုထက် အများပြည်သူအား ကြောက်လန့်စေရန် လုပ်ဆောင်နေခြင်းနှင့် နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဦးရဲထွဋ်က သုံးသပ်ပြောကြားသည်။

သို့ရာတွင် မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်နေသည်ကို မသိရှိ ရသေးသော်လည်း ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းအားလုံးဖြင့် ဆောင်ရွက်ဖော်ထုတ်လျက်ရှိကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ထို့အပြင် ဖေ့ဘွတ်စ်ကဲ့သို့သော Social Media များမှ သတင်းများကို သေချာစိစစ်ရန်နှင့် ပေါက်ကွဲမှု ဖြစ်စဉ်များ၊ ပေါက်ကွဲမှုနှင့် ပတ်သက်သော ဖမ်းဆီးရမိသည့် သတင်းများကို ပြန်ကြားရေး ၀န်ကြီးဌာနမှ အမြန်ဆုံးထုတ်ပြန် ပေးမည်ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အစိုးရ အုပ်ချုပ်ရေးပိုင်းမှ ဗုံးဖောက်ခွဲသူများကို အမြန်ဆုံး ဖမ်းဆီးရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

အောက်တိုဘာလ ၁၁ ရက်က ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် လည်းကောင်း၊ အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။


EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here