Wednesday, October 16, 2013

လွှတ်တော်ပြင်ပ အင်အားစုအားလုံးနှင့် ၈၈ငွေရတုကော်မတီ ယခုလအတွင်း တွေ့ဆုံမည်

0 comments
၁၆.၁၀.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ရှစ်လေးလုံးငွေရတု အခမ်းအနားတွင် ထုတ်ပြန် ကြေညာခဲ့သော ကြေညာချက်များကို အကောင် အထည် ဖော်နိုင် ရန် လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစု အားလုံးကို ၈၈ ငွေရတုကော်မတီက ယခုလအတွင်း လိုက်လံတွေ့ဆုံမည် ဖြစ်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ဦးဇော်ဇော်ထွန်း က ပြောကြားသည်။

ငွေရတု ကြေညာစာတမ်းတွင် ဖော်ပြထားသည့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင် ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရန်နှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး အင်အားစုအားလုံး ပါဝင်သည့် ညီလာခံတစ်ရပ် ကျင်းပရန် စသည့် လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရေး ယင်းသို့တွေ့ဆုံရန် စီစဉ်ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။ အဆိုပါ လုပ်ငန်းစဉ်များ အားလုံးတွင် အင်အားစုအားလုံး ပါဝင်သည့် ညီလာခံတစ်ရပ် ကျင်းပရေးကို ဦးစွာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

အဆိုပါ အင်အားစုများ အားလုံးနှင့် တွေ့ဆုံပြီးပါက သဘောထားအားလုံး ခြုံငုံ ပါဝင်မည့် အစီရင်ခံစာ တစ်ရပ်ကို နိုဝင်ဘာလအတွင်း ကျင်းပနိုင်ဖွယ် ရှိသည့် နိုင်ငံရေး အဖွဲ့အစည်း အသီးသီးမှ အင်အားစု စုံညီအစည်းအဝေးတွင် တင်သွင်းမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
"လုပ်ငန်းစဉ်သုံးရပ်ကို ဘယ်လို အကောင်အထည် ဖော်မယ်ဆိုတာ အစည်းအဝေးမှာ အဆုံးအဖြတ် ရယူမယ်" ဟု ၄င်းက ရှင်းပြသည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအဖြစ် သြဂုတ်လ ၈ ရက်နေ့ က ထုတ်ပြန်ကြေညာ သည့် ကြေညာစာတမ်းပါ လုပ်ငန်းစဉ် သုံးရပ်ကို အကောင်အထည် ဖော်ရန် နိုင်ငံရေးကော်မတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၈၈မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။
"တော်တော်များများက မတိုက်ဘူးလား၊ ပေါင်းနေတာလားလို့ ပြောတယ်။ ပြဿနာကို အဖြေရှာ တဲ့ နေရာမှာ တိုက်ပြီးရှာရတဲ့ အခါလည်းရှိတယ်၊ စားပွဲထိုင်ပြီး ရှာရတဲ့အခါလည်း ရှိတယ်။ ခုက စားပွဲထိုင်ပြီး ဘက်ပေါင်းစုံက အဖြေရှာရမှာ" ဟု ဦးမင်းကိုနိုင်က ပြောဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ပြည်ထောင်စု လွှတ်တော်ထံ အစီရင်ခံစာ တင်သွင်းမည်ဟု လွှတ်တော်က ဖွဲ့စည်းထားသည့် အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီက ကြေညာထားသည်။

The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here